ရန်ကုန် ၊ မေ ၆
ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ (World Press Freedom Day) အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ ကုန်သည်လမ်း အမှတ် ၃၉၂-၃၉၆ ရှိ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရုံးသင်တန်းခန်းမ၌ ယမန်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ အခမ်းအနားဖွင့်လှစ်ပြီးနောက် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းထံမှ ပေးပို့သည့် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ (World Press Freedom Day) သဝဏ်လွှာကို ပြန်ကြားရေးဝန်ကြီးဌာန မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်သန့်က ဖတ်ကြားသည်။
ဆက်လက်ပြီး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦးက အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ (၁) ဦးခင်မောင်ဇော်က ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နှင့် သက်ဆိုင်သော အကြောင်းအရာများကို ဆွေးနွေးပြီး၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ (၂) ဦးခင်မောင်ကျော်ဒင်က မြန်မာနိုင်ငံ၏ သတင်းမီဒီယာနှင့် သတင်းလွတ်လပ်ခွင့်အကြောင်းအရာများကို ဆွေးနွေးပြောကြားပါသည်။
ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာသူများက ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ (World Press Freedom Day) ဆိုင်ရာ အကြောင်းအရာများ ဆွေးနွေးပြောကြားခဲ့ကြသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦးနှင့် ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူး ဦးလှထွဋ်ဦးနှင့် ကောင်စီဝင်များ၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်သန့်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ မြန်မာနိုင်ငံသတင်းစာဆရာအသင်းနှင့် စာနယ်ဇင်းများမှ ဖိတ်ကြားထားသော ပုဂ္ဂိုလ်များ၊ သတင်းအတတ်ပညာကောလိပ်မှ တတိယနှစ်အလုပ်သင်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
အောင်မြင့်
https://t.me/MyanmarNationalPost
No comments:
Post a Comment