ကျောင်းအုပ်ဆရာအဖြစ်မှ အကြမ်းဖက်သမားဘဝ သို့ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောင်းအုပ်ဆရာအဖြစ်မှ အကြမ်းဖက်သမားဘဝ သို့





ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ချောင်းနားတန်း မူလွန်ကျောင်းအုပ်ဆရာ အောင်မျိုးခိုင် (ခ) သူရရဲရင့် (၃၉ နှစ်) သည် လက်ရှိတွင် မဲဆောက်မြို့၌ နံနက်ပိုင်း ပဲပြုတ်၊ နံပြား အပါအဝင် မနက်စာများ ရောင်းချရင်း တော်လှန်ရေးအတွက် တစ်ဖက်တစ်လမ်းမှ ဆက်လက် ပေးဆပ်နေကြောင်း ပြည်ဖျက်မီဒီယာများက ကျောင်းအုပ်ဆရာအဖြစ်မှ အကြမ်းဖက်သမားဖြစ်သွားသူ တစ်ဦးအကြောင်းကို ဖွဲ့ဆိုရေးသားထားသည်။

ထိုသူသည် ၂၀၂၁ ခုနှစ်တွင် မဲလိမ်မဲခိုးပါတီ NLD မှ ပေါ်ပေါက်လာသော CRPH, NUG အကြမ်းဖက်အဖွဲ့များ၏ သွေးထိုးလှုံ့ဆော်မှုများကို နားယောင်ပြီး အကြမ်းဖက်သမားဖြစ်ခဲ့ရသည့် ကျောင်းအုပ်ဆရာဖြစ်သည်။ (KNU) အကြမ်းဖက်အဖွဲ့ တပ်မဟာ (၂) နယ်မြေ၌ အကြမ်းဖက်သင်တန်း တက်ရောက်ခဲ့ကာ ပြည်မြို့တွင် အကြမ်းဖက်လုပ်ရပ်များ ပြန်လည်လုပ်ဆောင်ခဲ့ပြီး ယခုအခါ ထိုင်းနိုင်ငံဘက် တရားမဝင် ထွက်ပြေးပြီး ပဲပြုတ်၊ နံပြား ရောင်းစားနေသူဖြစ်သည်။

ထိုသို့သော ပုဂ္ဂိုလ်မျိုးကို ဂုဏ်တင်ရေးဖွဲ့ရန် အကြောင်းမရှိ။ သို့သော် ပြည်ဖျက်မီဒီယာများကတော့ တိုင်းဖျက် ပြည်ဖျက် အလုပ်ကို ပါဝင်လုပ်ဆောင်ခဲ့သူများအား ဂုဏ်တင်ရေးဖွဲ့၍ အခြားသူများကိုပါ တိုင်းဖျက် ပြည်ဖျက် အလုပ်တွင် ပါဝင်လုပ်ကိုင်လာကြစေရန် လှုံ့ဆော်လိုခြင်းဖြစ်သည်။

ကျောင်းဆရာတစ်ဦး၏ တာဝန်မှာ မိမိတို့၏ မျိုးဆက်သစ်လူငယ်များကို ပညာအမွေလက်ဆင့်ကမ်းနေရမည် ဖြစ်သည်။ ထိုကျောင်းဆရာမှာ မျိုးဆက်သစ်လူငယ်များကို ပညာအမွေ မပေးသည့်အပြင် ကျောင်းမတက်နဲ့ ကျောင်းထွက် ဟု လှုံ့ဆော်၍ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ခိုင်းသည့် CRPH, NUG အကြမ်းဖက်အဖွဲ့များ၏ အသုံးချခံအဖြစ် အကြမ်းဖက်လုပ်ရပ်များကို ကိုယ်တိုင်ပါဝင်လုပ်ဆောင်ခဲ့သူ ဖြစ်သည်။

ထိုသူသည် ပြည်မြို့တွင် အကြမ်းဖက်လှုပ်ရှားမှုများ ပြုလုပ်ပြီးနောက် လနှင့်ချီ၍ ထွက်ခွာခွင့်မရဘဲ ပုန်းအောင်းနေခဲ့ရရာမှ ကျန်းမာရေးချို့တဲ့လာခြင်း (ခြေထောက်ချိသလို ဖြစ်လာခြင်း) ကြောင့် လွတ်မြောက်နယ်မြေ မဲဆောက်မြို့သို့ ရောက်ရှိကာ မနက်စာရောင်းချရင်း ခေတ္တအနားယူနေရခြင်းဖြစ်သည်ဟု ပြည်ဖျက်မီဒီယာများ၏ အဆိုအရ သိရသည်။ ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီး လုံလောက်စွာ အနားယူပြီးပါက တော်လှန်ရေးနယ်မြေသို့ ပြန်လည်သွားရောက်မည်ဖြစ်ပြီး အကြမ်းဖက်လှုပ်ရှားမှုတွင် ပါဝင်လှုပ်ရှားဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ဖျက်မီဒီယာမှ ရေးသားဖော်ပြထားသည်။

ထိုသို့သော အချင်းအရာကို ကြည့်ခြင်းအားဖြင့် လူမိုက် လူရမ်းကားများ ပညာတတ်သွားခြင်းသည် ပြည်သူအတွက် အကျိုးမရှိ။ ကြီးမားသော ဘေးဒုက္ခကို ဖြစ်စေသည်။ ပညာတတ်သော်လည်း ဆင်ခြင်တုံတရားမရှိ၊ အမှားနှင့် အမှန်ကို ခွဲခြား သိမြင်နားလည်ခြင်း မရှိ။ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုနှင့် စိတ်ခံစားချက်ကို ရှေ့တန်းတင်ကာ တိုင်းဖျက် ပြည်ဖျက် အလုပ်ကို မိုက်မဲစွာ လုပ်ဝံ့သော သတ္တိမှာ ကောင်းသော သတ္တိမဟုတ်။

ထို့ကြောင့်ပင် စိတ်ကောင်းရှိဖို့က နံပါတ်တစ်၊ ပညာတတ်ဖို့က နံပါတ် (၁၀) ဟု ဆရာတော်ကြီး တစ်ပါးက မိန့်ကြားခဲ့ဖူးသည်။ စိတ်ကောင်းရှိမှသာ သနားကြင်နာမှုနဲ့ ကောင်းကျိုးကို လိုလားသည့် စိတ်ဓာတ်ရှိမည်။ စိတ်ကောင်းမရှိသူတစ်ယောက် ပညာတတ်လာသော် ပညာကို အလွဲသုံးစားလုပ်၍ အများပြည်သူ အတိဒုက္ခရောက်အောင် လုပ်ဖို့သာ ရှိသည်။ 

အများပြည်သူ လေးစားအားထားသည့် ကျောင်းဆရာတစ်ဦးက ပြည်ပြေး ဝရမ်းပြေး CRPH, NUG အကြမ်းဖက်အဖွဲ့ဝင်များ၏ သွေးထိုးလှုံ့ဆော်မှုများကို နားယောင်ပြီး ကိုယ့်ရပ်ကိုယ်ရွာပြန်၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ခဲ့သည်။ အားမတန် မာန်လျှော့၍ မဲဆောက်တွင် ပဲပြုတ်၊ နံပြားရောင်းနေရသည်။ ထိုသို့သော အမျိုးယုတ် ပြည်ဖျက်မိစ္ဆာများ မဲဆောက်ဘက်တွင် များစွာရှိသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ထိုသူများကို ဖမ်းဆီးရမိ အရေးယူနိုင်ရေး နှစ်နိုင်ငံ ရဲတပ်ဖွဲ့အချင်းချင်း ချိတ်ဆက်ဆောင်ရွက်သင့်သည်ကို တိုက်တွန်း ပြောဆိုခဲ့ဖူးပါသည်။

KNU အကြမ်းဖက်အဖွဲ့ထံတွင် အကြမ်းဖက်သင်တန်းတက်၍ ကိုယ့်ရပ် ကိုယ့်ရွာ ကိုယ့်ဒေသကို ပြန်ပြီး အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ခဲ့ကြသည့် အကြမ်းဖက်သမားများမှာ မြန်မာပြည်မှ ထွက်ပြေး မဲဆောက်ဘက် ရောက်သည်နှင့် လွတ်မြောက်သွားသည်မျိုး မဖြစ်သင့်ပါ။ တရားဥပဒေစိုးမိုးရေး တည်ငြိမ်အေးချမ်းရေးအတွက် လုပ်ဆောင်နေမှုသည် မေးခွန်းထုတ်စရာ ဖြစ်နေပေလိမ့်မည်။ အကြမ်းဖက်သမားများကို ဘာကြောင့် လွတ်မြောက်ခွင့် ပေးရသနည်း။ အကြမ်းဖက်သမားများသည် ၎င်းတို့ ကျူးလွန်ခဲ့သော ပြစ်မှုနှင့် ထိုက်တန်သည့် ပြစ်ဒဏ်ကျခံရမည် ဖြစ်သည်။

တိုင်းဖျက် ပြည်ဖျက် လုပ်ခဲ့သည့် အကြမ်းဖက်သမားများ နယ်စပ်ခြံစည်းရိုးကို တရားမဝင် ဖြတ်ကျော်၍ တဖက်နိုင်ငံသို့ ရောက်ရှိသွားသည်နှင့် လွတ်မြောက်သွားသည်ဆိုခြင်းက မြန်မာပြည်၏ တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်မှာ များစွာ အားနည်းလျက်ရှိကြောင်း ပြဆိုနေခြင်းပင် ဖြစ်တော့သည်။

ကျောင်းအုပ်ဆရာအဖြစ်မှ အကြမ်းဖက်သမားဘဝ ရောက်သွားသည့် အောင်မျိုးခိုင် (ခ) သူရရဲရင့် သာမက အခြားသော ပြည်ပြေး ဝရမ်းပြေးများစွာသည်လည်း မဲဆောက်တွင် အခြေပြု၍ တတိယနိုင်ငံကို ဒုက္ခသည်အဖြစ် သွားရောက်ခွင့် ရရှိရေး ကြိုးပမ်းနေကြပေလိမ့်မည်။ နှစ်နိုင်ငံရဲတပ်ဖွဲ့အချင်းချင်း ထိတွေ့ဆက်ဆံပြီး ထိုသူများကို ထိန်းသိမ်းနိုင်မည်ဆိုပါက မြန်မာနိုင်ငံအတွက်သာမက ထိုင်းနိုင်ငံအတွက်ပါ ဝန်ထုပ်ဝန်ပိုး လျော့ကျသွားမည် ဖြစ်သည်။ မြန်မာပြည်အတွင်းမှ လက်နက်ကိုင် အကြမ်းဖက်သမားများ ထိုင်းနိုင်ငံဘက်သို့ ရောက်ရှိပြီး မြန်မာလုပ်သားများအပေါ်မှ ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်း၊ ထိုင်းနိုင်ငံသားများကို ရန်ပြုစော်ကားခြင်းများ ပြုလုပ်လာသည့်အတွက် နှစ်နိုင်ငံဆက်ဆံရေး ထိခိုက်စရာဖြစ်လာသည်။ ထို့ကြောင့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး၊ အပြစ်မဲ့ ပြည်သူများ ဘေးကင်းလုံခြုံစေရေးအတွက် မဲဆောက်တွင် အခြေပြုနေထိုင်လှုပ်ရှားနေသော ပြည်ပြေး ဝရမ်းပြေး CRPH, NUG အကြမ်းဖက်အဖွဲ့များ၏ လက်ပါးစေ အကြမ်းဖက်သမားများကို အမြန်ဆုံး ထိန်းသိမ်းဆောင်ရွက်ကြစေလိုပါသည်။


နောင်တော်လေး (ဘိုကလေး)

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)