ယခုအခါ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီ၏ ဖိတ်ကြားချက်အရ နိုင်ငံတော်သမ္မတ၏ ပထမဆုံးသော ပြည်ပခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။ ဤခရီးစဉ်သည် ရိုးရိုး သံတမန်ရေးရာ လည်ပတ်မှုသက်သက်မဟုတ်ဘဲ ပြောင်းလဲလာနေသော ဒေသတွင်း ပထဝီနိုင်ငံရေး၊ လုံခြုံရေးနှင့် စီးပွားရေး အခင်းအကျင်းများအရ နှစ်နိုင်ငံလုံးအတွက် အလွန်အရေးပါသော မဟာဗျူဟာမြောက် ရွှေ့ကွက်တစ်ခုအဖြစ် ရှုမြင်နိုင်ပါသည်။
လက်ရှိမြန်မာနိုင်ငံ၏ အိမ်နီးချင်းဆက်ဆံရေးနယ်ပယ်ကို လေ့လာရာတွင် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကိုသာ အဓိကထား အလေးပေးပြောဆိုလေ့ရှိသည့်တိုင် အိန္ဒိယနိုင်ငံသည်လည်း ကုန်းမြေနှင့် ရေပြင်နယ်နိမိတ်ချင်း ထိစပ်နေသည့် အားကောင်းသော အိမ်နီးချင်း အင်အားကြီး နိုင်ငံဖြစ်သည်ကို မျက်ကွယ်ပြု၍မရပါ။ အထူးသဖြင့် ၁၉၉၀ ပြည့်လွန်နှစ်များနောက်ပိုင်း အိန္ဒိယနိုင်ငံ၏ မူဝါဒသည် ဒီမိုကရေစီစံနှုန်းအခြေပြု အယူအဆများထက် လက်တွေ့ကျသော နိုင်ငံတော်အကျိုးစီးပွားအပေါ် အခြေခံလာခြင်းက နှစ်နိုင်ငံဆက်ဆံရေးကို အရှိန်အဟုန် မြင့်တက်လာစေခဲ့သည်။
လက်ရှိ အိန္ဒိယ-မြန်မာဆက်ဆံရေးကို အဓိကမောင်းနှင်နေသည့် မဟာဗျူဟာမြောက် ထောက်တိုင် (၄) ရပ်ရှိပြီး ယခုသမ္မတ၏ ခရီးစဉ်သည်လည်း ဤအချက်များအပေါ်၌သာ အခြေခံ ဆွေးနွေးသွားမည်ဟု ယူဆနိုင်ပါသည်-
(က) အရှေ့နှင့်ထိတွေ့ဆက်ဆံရေးမူဝါဒ (Act East Policy) ဝန်ကြီးချုပ် မိုဒီ၏ အရှေ့နှင့်ထိတွေ့ဆက်ဆံရေးမူဝါဒအရ မြန်မာနိုင်ငံသည် အိန္ဒိယအတွက် အာဆီယံနှင့် အရှေ့တောင်အာရှဒေသသို့ ကူးလူးဆက်သွယ်နိုင်မည့် တစ်ခုတည်းသော ကုန်းလမ်း၊ ရေလမ်း တံခါးပေါက်ဖြစ်၍ မဟာဗျူဟာအရ အချက်အချာကျနေပါသည်။
(ခ) ပထဝီနိုင်ငံရေးနှင့် တရုတ်-အိန္ဒိယ အားပြိုင်မှု - တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းကြောင့် အိန္ဒိယသမုဒ္ဒရာအတွင်း ကရားတူးမြောင်း (သို့မဟုတ်) ပုလဲသွယ် စီမံကိန်းပုံစံဖြင့် ဝိုင်းပတ် ပိတ်ဆို့ခံရမည်ကို အိန္ဒိယနိုင်ငံက စိုးရိမ်နေသည်။ မြန်မာနိုင်ငံ ကျောက်ဖြူဆိပ်ကမ်းတွင် ခြေကုပ်ယူထားသော တရုတ်နိုင်ငံ၏ အရှိန်အဝါကို တန်ပြန်ရန်နှင့် အင်အားချိန်ခွင်လျှာညှိရန် အိန္ဒိယနိုင်ငံအတွက် မြန်မာနိုင်ငံသည် မရှိမဖြစ် လိုအပ်ပါသည်။
(ဂ) နယ်စပ်လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု - နှစ်နိုင်ငံ ကုန်းမြေနယ်နိမိတ်တစ်လျှောက်ရှိခွဲထွက်ရေးလက်နက်ကိုင်များ၏ ခြိမ်းခြောက်မှုနှင့် ရခိုင်ဒေသပဋိပက္ခ (AA နှင့် တိုက်ပွဲများ)ကြောင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုသည် ယခင်ကထက်ပိုမို အပြန်အလှန် အမှီသဟဲ ပြုလာရသည်။ နယ်စပ်ဒေသလုံခြုံရေး ကာကွယ်ရေးစာချုပ်များနှင့် “Operation Sunrise” ကဲ့သို့သော အိန္ဒိယ-မြန်မာ နယ်စပ်ဒေသရှိ လက်နက်ကိုင်သောင်းကျန်းသူများအား ပူးတွဲစစ်ဆင်ရေးများမှ သက်သေပြနေပါသည်။
(ဃ) စီးပွားရေးနှင့် အခြေခံအဆောက်အဦ စီမံကိန်းများ - နှစ်နိုင်ငံကုန်သွယ်မှုသည် ဒေါ်လာ ၁ ဘီလျံကျော်ရှိနေပြီး ကုလားတန်မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်း (စစ်တွေဆိပ်ကမ်း အခြေပြု) နှင့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးတို့သည် ဒေသတွင်း စီးပွားရေး ချိတ်ဆက်မှုအတွက် အရေးပါသော စီမံကိန်းများဖြစ်ပါသည်။
နှစ်နိုင်ငံဆက်ဆံရေးသည် သမိုင်းတစ်လျှောက် အကောင်းဆုံးအခြေအနေသို့ ရောက်ရှိနေသည်ဟု ဆိုနိုင်သော်လည်း လက်တွေ့တွင်မူ တရုတ်နိုင်ငံနှင့် နှိုင်းယှဉ်ပါက သိသာထင်ရှားသည့် ကွာဟချက်များနှင့် စိန်ခေါ်မှုများ ရှိနေဆဲဖြစ်ပါသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူများ ရှုမြင်ကြသည်မှာ အိန္ဒိယနိုင်ငံသည် ၎င်း၏ အရှေ့နှင့် ထိတွေ့ဆက်ဆံရေးမူဝါဒကို ထပ်တလဲလဲ ကြွေးကြော်နေသော်လည်း လက်တွေ့တွင် အကောင်အထည်ဖော်နိုင်စွမ်း (Power Projection) နှင့် လုပ်ဆောင်နိုင်စွမ်းပိုင်း၌ များစွာ အကန့်အသတ်ရှိနေပါသည်။ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံအပေါ် အလွန်အကျွံ အားထားနေရမှုကို လျှော့ချရန် (Hedging Strategy) အိန္ဒိယနှင့် ဆက်ဆံရေးတိုးမြှင့်လိုသော်လည်း အိန္ဒိယ၏ ကန့်သတ်စွမ်းအားကြောင့် မျှော်မှန်းသလောက် ခရီးမတွင် ဖြစ်နေရသည်။ ထို့အပြင် အနောက်တံခါး ပြဿနာကြောင့် မြန်မာသည် တရုတ်နိုင်ငံနှင့် ပိုမိုနီးကပ်ရန် တွန်းပို့သလိုဖြစ်နေခြင်းက အိန္ဒိယ၏ အင်အားချိန်ခွင်လျှာညှိလိုသည့် ရည်မှန်းချက်ကို စိန်ခေါ်လျက်ရှိပါသည်။
ယခု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အတွင်း ဝန်ကြီးချုပ် မိုဒီ၊ ပြည်နယ်အကြီးအကဲများ၊ စီးပွားရေးအဖွဲ့အစည်းများနှင့် တွေ့ဆုံမည့် အစီအစဉ်များသည် အထက်တွင် ဖော်ပြခဲ့သည့် နှောင့်နှေးကြန့်ကြာနေသော ကုလားတန်စီမံကိန်းနှင့် အဝေးပြေးလမ်းမကြီး စီမံကိန်းများကို ပြန်လည်အရှိန်မြှင့်ရန်၊ ရင်းနှီးမြှုပ်နှံမှုအသစ်များ ဖိတ်ခေါ်ရန်၊ နယ်စပ်ဒေသ တည်ငြိမ်ရေးအတွက် လုံခြုံရေးအရ ပိုမိုပူးပေါင်းဆောင်ရွက်ရန်နှင့် အထူးသဖြင့် ဒေသတွင်း တရုတ်နိုင်ငံ၏ အင်အားချိန်ခွင်လျှာ လျော့ချရန် ရည်ရွယ်ထားကြောင်း ထင်ရှားပါသည်။
အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် တရုတ်၏ ဩဇာလွှမ်းမိုးမှုကို ထိရောက်စွာ တန်ပြန်နိုင်ရန်ဆိုပါက ၎င်းတို့၏ စီမံကိန်းများကို ကတိကဝတ်အတိုင်း အမြန်ဆုံး အကောင်အထည်ဖော် ပြသရန် လိုအပ်သလို မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုများအပေါ် မည်သို့လိုက်လျောညီထွေ တုံ့ပြန်သွားမည်ဆိုသည့်အချက်က အနာဂတ် “ အိန္ဒိယ-မြန်မာ ဆက်ဆံရေး” အလှည့်အပြောင်းကို ပုံဖော်ပေးသွားမည်ဖြစ်ကြောင်း သုံးသပ်ရရှိပါသည်။
ထက်မြတ် (HOS)
#MNP #News

No comments:
Post a Comment