✍🏻ဒေါက်တာအရှင်သောပါက✍🏻
လိုအပ်ချက်ကိုကြည့်ပြီး အမှန်တကယ်လိုအပ်နေသည်များကို ဥပဒေနှင့်အညီဖြည့်ဆည်းပေးနိုင်ရေး ကို ရည်ရွယ်လျက် ဤလေ့လာတွေ့ရှိချက်စာတမ်းကို ရေးသားလိုက်ရခြင်းဖြစ်သည်။ အမှန်တကယ် လိုအပ်ပါက သက်ဆိုင်ရာ တာဝန်ရှိသူ များထံသို့ရောက်အောင် တက်ညီလက်ညီ စည်းလုံးညီညွတ်စွာဖြင့် တောင်းဆိုကြဖို့လိုအပ်သကဲ့သို့ သက်ဆိုင်ရာ (အစိုးရ၊ ဝန်ကြီးဌာန) တာဝန်ရှိသူများကလည်း ဥပဒေနှင့်အညီ ပီပီပြင်ပြင်ဖြစ်အောင် ဆောင်ရွက်ပေးစေချင်သည့် အတွက် အခုလိုရေးသားလိုက်ရခြင်းဖြစ်ပါသည်။
ဘုန်းတော်ကြီးကျောင်းပညာရေးနှင့်ဗုဒ္ဓဘာသာမြန်မာနိုင်ငံတော်
ဘုန်းတော်ကြီးကျောင်းပညာရေးသည် ပုဂံခေတ်မှစပြီး ခေတ်အဆက်ဆက်ရှင်သန်လာခဲ့သည့်အတွက် သမိုင်းအားဖြင့် အစဉ်အလာကြီးမားခဲ့သည်။ ပထမမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့သော အနော်ရထာမင်းကြီးသည် တိုင်းပြည် တည်ထောင်ရေးတွင် ဗုဒ္ဓဘာသာဗုဒ္ဓအဆုံးအမကိုခံယူ၍ တစ်စိတ်တစ်ဝမ်းတည်း တက်ညီလက်ညီ ဗုဒ္ဓဘာသာနိုင်ငံတော်ဖြစ်အောင်တည်ထောင်နိုင်ခဲ့သည်။ မြန်မာတို့၏ ရှေးရိုးအစဉ်အလာ, စာပေအနုပညာ, ရိုးရာယဉ်ကျေးမှု အစုစုသည်လည်း ဗုဒ္ဓဘာသာ ယုံကြည်ကိုးကွယ်မှုကို အခြေပြု၍ ပိုမိုတိုးတက်ဖြစ်ထွန်းလာခဲ့ရခြင်းဖြစ်သည်။ ဗုဒ္ဓဘာသာသည်မြန်မာတို့ရဲ့အသက်မြန်မာတို့ရဲ့ဝိညာဉ်ဖြစ်သည်။ မြန်မာ့စိတ်ဓာတ်ဆိုသည်မှာလည်း ဗုဒ္ဓအဆုံးအမကိုခံယူထားသော စိတ်ဓာတ် ပင်ဖြစ်သည်။
တစ်ချိန်က ပဒေသရာဇ်နိုင်ငံပင်ဖြစ်ခဲ့ရသော်လည်း ဗုဒ္ဓတရားတော်၏ဆုံးမမှု, ရှင်အရဟံမထေရ်စသော မထေရ် အဆက်ဆက်ဘုန်းတော်ကြီးများ၏ ဆုံးမမှုတို့ကြောင့် မင်းနှင့်ပြည်သူတို့သည် အချင်းချင်း ချစ်ခင်ကြည်ဖြူစွာ ရှိခဲ့ကြသည်။ ထိုကဲ့သို့ ဘာသာရေး အဆောက်အဦကြီး ခိုင်မာစွာတည်ရှိနိုင်ခဲ့ခြင်းသည် ဘုန်းတော်ကြီးကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်း ပညာရေးကြောင့်ပင်ဖြစ်သည်။
ပြည်တော်သာစီမံကိန်းနှင့်ဘုန်းတော်ကြီးကျောင်းများအခန်းကဏ္ဍ
လွတ်လပ်ရေးရပြီးနောက် ပြည်ထောင်စုအစိုးရသည် “ပြည်တော်သာဘဝသစ်ဖန်တီးမှုစီမံကိန်း” ချမှတ်ပြီး လူထု ပညာရေး ကောင်စီဥပဒေကြမ်းကို ၁၉၄၈ ခုနှစ်၌ လွှတ်တော်က အတည်ပြုခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် လူထုပညာရေး ကောင်စီကို ဖွဲ့စည်းခဲ့သည်။ အဆိုပါလူထုပညာရေးကို အကောင်အထည်ဖော်ရန် ၁၉၅၂-၅၆ ပထမ ပညာရေး (၄)နှစ် စီမံကိန်းတွင် ပညာရေးမူငါးချက် ချမှတ်ခဲ့ရာ ပြည်တော်သာ မူလတန်းပညာရေးစနစ်ကို ဖြစ်နိုင်သမျှ ဘုန်းတော်ကြီးများထံ အပ်နှံပြီး အခြေခံတည်ဆောက်ရန် ရွယ်ရွယ်ခဲ့ကြသည်။
ဘုန်းတော်ကြီးသင်ပညာရေး စာသင်ကျောင်းစီမံကိန်းကို ဆက်လက်ချမှတ်ရာတွင် ပြည်တော်သာစီမံကိန်း၏ ကဏ္ဍတစ်ခုအဖြစ် ဘုန်းတော်ကြီးကျောင်းများကို ထည့်သွင်းခဲ့ကြောင်း တွေ့ရှိရသည်။ မသင်မနေရ ပညာရေးစနစ် ဥပဒေကို နိုင်ငံတစ်ဝန်းလုံး၌ ပြဋ္ဌာန်းရန် ရည်ရွယ်ချက်ရှိသော်လည်း အခြေအနေအရ အကောင်အထည် မဖော်နိုင်သေးမီ ကာလအတွင်း ဘုန်းတော်ကြီးကျောင်းများ၏ အခန်းကဏ္ဍကို အလေးပေး စဉ်းစားခဲ့ကြသည်။
အစိုးရက မူလတန်းကျောင်းများ မဖွင့်လှစ်နိုင်မီကာလအတွင်း ကျေးလက်တောရွာများ၌ နေထိုင်ကြသည့် ကျောင်းနေအရွယ်ကလေးငယ်တို့အတွက် စရိတ် အကုန်အကျနည်းစွာဖြင့် ဘုန်းတော်ကြီးကျောင်း၌ ပညာသင်ယူ ခွင့်ရရှိခဲ့ကြသည်။ အစိုးရ၏ မူလတန်းပညာရေးစနစ်ကို အကောင်အထည်ဖော်ရန်အတွက် မူလတန်းကျောင်းနှင့် ဆရာ ဆရာမများ ခက်ခဲနေသည်ကိုပင် ဘုန်းတော်ကြီးများက မိမိတို့ကျောင်း၌ ကျောင်းတက်နေစေခဲ့သည်။ ရဟန်းများ, သာမဏေကြီးများကလည်း တပည့်အယောက် (၄၀)လျင် ဆရာတစ်ယောက်နှုန်းဖြင့် ဝင်ကူသင်ကြားပေးခဲ့ကြကြောင်း ကိုလည်း သမိုင်းမှတ်တမ်း များအရသိခဲ့ရသည်။ ဤသည်မှာ နိုင်ငံတော်အစိုးရကို တစ်ဖက်တစ်လမ်းက ကူညီပေးခဲ့ပင် ဖြစ်သည်။
ဘကကျောင်းများပိတ်သိမ်းခံရခြင်း
ဤသို့အစဉ်အလာကောင်းများပင် ရှိခဲ့သော်လည်း ၁၉၈၂ ခုနှစ်တွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ ပိတ်သိမ်းခံခဲ့ရသည်။ နိုင်ငံတော်သံဃမဟာနယကအဖွဲ့များ ပေါ်ပေါက်လာပြီးနောက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ခဲ့ကြသည်ကိုလည်း တွေ့ရှိရသည်။ ထိုဆောင်ရွက်ပေးမှုကြောင့် ၁၉၉၂ ခုနှစ်၌ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ ပြန်လည်ဖွင့်လှစ်ခွင့်ရရှိခဲ့ကြသည်မှာ ယနေ့အချိန်အထိပင် ဖြစ်သည်။ ယခုဆိုလျှင် တစ်နိုင်ငံလုံး၌ ဘ/ကကျောင်းပေါင်း ၁၅၀၀ ကျော်ရှိပြီး ကျောင်းသား ကျောင်းသူပေါင်း ၃၀၀၀၀၀ (သုံးသိန်း) ကျော်တို့ ပညာသင်ကြားလျက် ရှိနေကြောင်း သိရသည်။
NLD အစိုးရလက်ထက်လွှတ်တော်တွင် ဘ/က ကျောင်းများပိတ်သိမ်းရန် အဆိုတင်သွင်းခြင်း
၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက် နေ့ကပြုလုပ်သည့် NLD အစိုးရလက်ထက် ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး အဋ္ဌမအစီအစဉ်တွင် အမျိုးသားပညာရေး မူဝါဒကော်မရှင်၏ ဒုတိယ ၆ လတာကာလ အတွင်း လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာနှင့်စပ်လျဉ်းပြီး ဆွေးနွေးရာတွင် မန္တလေးမဲဆန္ဒနယ် အမှတ် ၆ က NLD လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကြွယ်ကြွယ်က “ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ ပိတ်သိမ်းပေးရန် ” အဆိုတင်သွင်းမှု ဖြစ်ပေါ်ခဲ့ပါသည်။
ထိုအဆို ပေါ်ထွက်လာပြီးနောက် နိုင်ငံအတွင်း ဝေဖန်မှုများ ကြီးမားကျယ်ပြန့်စွာ ဖြစ်ပေါ်ခဲ့သည်ကိုလည်း မိမိတို့ ကိုယ်တိုင် သိရှိခဲ့သည်။ စာရေးသူကိုယ်တိုင်းလည်း ဆောင်းပါးရေး၍ ဝေဖန်ခဲ့ရသေးသည်။ နောက်ပိုင်းတွင် ထိုအဆိုသည် ဥပဒေနှင့်မညီသည့်အတွက် ဖျက်သိမ်း အဆင့်အထိမရောက်တော့ဘဲ ရပ်သွားခဲ့သည်။
တိုင်းရင်းသားနှင့်မရှိနွမ်းပါးကလေးများအတွက်အားထားရာ ဘကကျောင်းများ
ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ တိုင်းရင်းသားများ၊ စစ်ဘေးရှောင်နှင့်မိဘမဲ့ကလေးများ၊ ဆင်းရဲနွမ်းပါး ကလေးများသာ တက်ရောက်ကြသည့်အတွက် ထိုပုဂ္ဂိုလ်တို့၏ ပညာရေးနှင့်စားဝတ်နေရေးကို ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းတွေက တာဝန်ယူနေကြခြင်းဖြစ်သည်။ ထိုသို့ တာဝန်ယူထားရသော်လည်း အဖက်ဖက်က ပြည့်စုံမှုတော့ မရှိပါ။
ပညာရေးဝန်ကြီးဌာန အခြေခံပညာကျောင်းများကဲ့သို့ တန်းတူ အထောက်အပံ့မရရှိခြင်း၊ ဆရာ ဆရာမ လစာ တန်းတူ မရရှိခြင်း၊ ကျောင်းသုံးပုံနှိပ်စာအုပ်များ တန်းတူမရရှိခြင်းစသော အခက်အခဲများနှင့်နှစ်စဉ် ရင်ဆိုင်နေကြရ ကြောင်းကိုလည်း ကျောင်းအုပ်ဆရာတော်များ၏ မိန့်ကြားချက်အရ သိခဲ့ရပါသည်။
အစိုးရက ဘ/က ကျောင်းတွေကိုကျေးဇူးတင်သင့်
ဘ/က ကျောင်းများကို အမှီပြုနေရာတာက တိုင်းရင်းသားများ မရှိဆင်းရဲနွမ်းပါးသူများ ဖြစ်သည့်အတွက် ထိုကလေးများကို စောင့်ရှောက်ပေးနေတာကိုက နိုင်ငံတော်အနေဖြင့် ကျေးဇူးတင်ဂုဏ်ယူကြရမည်ဖြစ်သည်။ အစိုးရက ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၏ ဆရာ ဆရာမ ထောက်ပံ့ကြေးအဖြစ်နဲ့ လစာထောက်ပံ့သည်မှာလည်း မဖြစ် စလောက် အနည်းငယ်သာရှိကြောင်း တွေ့ရသည်။ ဘုန်းတော်ကြီးများက ဆရာ ဆရာမလစာအပြင် ပညာရေးဆိုင်ရာ၊ နေထိုင်စားသောက်မှုဆိုင်ရာ ကုန်ကျစရိတ်များစွာကို အကုန်အကျခံပြီး ဆောင်ရွက်ပေးနေရသည်။ မိမိကိုယ်တိုင် အလှူ ရှင်ရှာရခြင်း၊ ဆိုင်ရာ ဒကာ ဒကာမတို့နှင့် ဝိုင်းဝန်းစုဆောင်းရခြင်းဖြစ်သည်။ တစ်နိုင်ငံလုံးအတိုင်းအတာနှင့်ကြည့်လျင် ကျောင်းသား ကျောင်းသူ သုံးသိန်းကျော်တို့၏ တာဝန်ကြီးကို ဘ/က ကျောင်းတွေက ဝင်ကူကာ တာဝန်ယူပေးလိုက်တာဖြစ်ခြင်း ကြောင့် နိုင်ငံတော်အစိုးရအနေနဲ့ ဝန်ထုတ်ဝန်ပိုးကြီးတစ်ခု လျော့ကျစေတာ အမှန်ပင်ဖြစ်သည်ကို လက်တွေ့အားဖြင့် တွေ့မြင် နိုင်မည်ဖြစ်သည်။ ဤအတွက် နိုင်ငံတော်အစိုးရက ဘ/က ကျောင်းတွေကို ကျေးဇူးတင်သင့်သည် မဟုတ်ပါလော။
(ဆက်လက်ဖော်ပြပါမည်)
ဒေါက်တာသောပါက
(ဓာတ်ပုံ - ၁၈-၆-၂၀၂၆ ရက်နေ့က ဒေါက်တာသောပါက နှင့် မြနန်းဆရာတော် ဦးဆောင်သော ငလျင်ဘေးကူညီရေးအဖွဲ့နှင့် ဧရာဝတီတိုင်းဒေသကြီး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ စစ်ကိုင်းတောင်ခြေ ဘကကျောင်းများအား ဆွမ်းဆန်တော်နှင့် စာရေးကိရိယာများ ထောက်ပံ့လှူဒါန်းပွဲ မှတ်တမ်းပုံရိပ်များ ဖြစ်ပါတယ်)
#MNP #News






No comments:
Post a Comment