နေပြည်တော်၊ ဇွန် ၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ဇနီး ဒေါ်ကြူကြူလှ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးမြထွန်းဦး၊ ဦးမင်းနောင်၊ ဦးမျိုးဇော်သိမ်း၊ ဦးမျိုးသန့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါ ၍ တောင်ငူဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
နေပြည်တော်-တောင်ငူမီးရထားလမ်းပိုင်း အဆင့်မြှင့်တင်ထားရှိမှု
ဦးစွာ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် နေပြည်တော်၊ ပျဉ်းမနားဘူတာမှ RBE အထူးရထားတွဲဖြင့် လိုက်ပါစီးနင်း၍ နေပြည်တော်-တောင်ငူမီးရထားလမ်းပိုင်း အဆင့်မြှင့်တင်ထားရှိမှု၊ မီးရထားလမ်းပိုင်းတစ်လျှောက် သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်ထားရှိမှု၊ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ထားရှိမှု၊ ဘူတာအဝင်၊ အထွက်နေရာများစနစ်တကျရှိစေရေး ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှု စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် မီးရထားပို့ဆောင်ရေး လုပ်ငန်း ဥပဒေနှင့်အညီ စနစ်တကျထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ အသုံးပြုခြင်း မရှိသည့် မီးရထားသံလမ်းများအား ပြန်လည်ထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ ရထားသွားလာရေးစနစ်တွင် လမ်းများသည် အဓိကကျသည့်အတွက် လမ်းများ ကောင်းမွန်အောင် အလေးထားဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည် များကို လမ်းညွှန်မှာကြားသည်။
ယင်းနောက် တောင်ငူဘူတာသို့ ရောက်ရှိကြရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးကျော်ထက် နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက် ကြသည်။
တောင်ငူမြို့ရှောင် ရထားလမ်းဖောက်လုပ်နေမှု
ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် တောင်ငူမြို့ရှောင် ရထားလမ်းနှင့် တောင်ငူဘူတာအသစ် ဆောက်လုပ်မည့်နေရာအား သွားရောက်ကြည့်ရှု စစ်ဆေးရာ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး နှင့် တာဝန်ရှိသူများက ရှင်းလင်း တင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက မြို့ရှောင်ရထားလမ်းဖောက် လုပ်ရာတွင် ရေထွက်ပေါက်များနှင့် ရထားလမ်းတာဘောင်များ စနစ်တကျဖြင့် ခိုင်ခိုင်ခံခံ့ ဖြစ်စေရေးဆောင်ရွက်ရန်၊ ဘူတာသစ်ဆောက်လုပ်ရာတွင်လည်း နောင်တစ် ချိန်တွင် ဖြစ်ပေါ်တိုးတက်လာနိုင်သည့် မီးရထားခရီးစဉ်များနှင့် ခရီးသွားဦးရေကို ကြိုတင်တွက်ဆ၍ တွက်ချက်တည်ဆောက်သွားရန်လိုပြီး မီးရထားစင်္ကြန်များနှင့် မီးရထားယာဒ်ဝန်းများကိုလည်း စနစ်တကျ တည်ဆောက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
တောင်ငူခရိုင်အားကစားကွင်း အဆင့်မြှင့်တင်နိုင်ရေးဆောင်ရွက်နေမှု
ဆက်လက်၍ တောင်ငူခရိုင် အားကစားကွင်းသို့ ရောက်ရှိကြရာ အားကစား ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်တို့က တောင်ငူ အားကစားကွင်းအား အဆင့်မြှင့် တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားနိုင်မည့် အခြေ အနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက အားကစားကွင်းအဆင့်မြှင့် တင်ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့တွင်နေထိုင်သည့်လူဦးရေ၊ လာရောက် ကြည့်ရှုမည့် ပွဲကြည့်သူဦးရေတို့အပေါ် မူတည်တွက်ချက်၍ ၎င်းနှင့်ကိုက်ညီမည့် အဆင့်မီသည့်ပွဲကြည့်စင်များဖြစ်စေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ ထို့ပြင် နောင် တွင် တိုးတက်ဖြစ်ပေါ်လာမည့် လူဦးရေနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်မှုနှင့် ကိုက်ညီစွာဖြင့် တိုးချဲ့အဆင့်မြှင့်တင်နိုင်ရေးအတွက်လည်း ကြိုတင်ထည့်သွင်းစဉ်းစားဆောင်ရွက်သွားရန်လိုကြောင်းနှင့် အားကစားကွင်း အဆင့်မြှင့်တင်ဆောင်ရွက်သွားနိုင်ရေး အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ယင်းနောက် တောင်ငူမြို့အားကစားကွင်းနှင့် ပွဲကြည့်စင်အား ကြည့်ရှု စစ်ဆေး ခဲ့ပြီး အဆင့်မြှင့်တင်ဆောင်ရွက်သွားမည့်အခြေအနေများနှင့်ပတ်သက်၍ တာဝန်ရှိသူ များကို လမ်းညွှန်မှာကြားသည်။
ကေတုမတီမြို့ဟောင်းနှင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ပြန်လည်ဖော်ထုတ်ထိန်းသိမ်းရေး
ထို့နောက် ကေတုမတီမြို့ ဟောင်း ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များနှင့် မြို့ရိုး၊ ကျုံးနှင့်နန်းတော်ရာ ပြန်လည်ဖော်ထုတ်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက် နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ဦးစွာ နိုင်ငံတော်သမ္မတ သည် တောင်ငူကေတုမတီ နန်းမြို့တော်နှင့် နန်းတော်ရာဟောင်း ဖော်ထုတ် ထိန်းသိမ်း ခြင်းဆောင်ရွက်နေမှု၊ အနောက်ဘက်မြို့ရိုး စင်တံခါးအနီး မြို့ရိုးဖော်ထုတ် ထိန်းသိမ်း ခြင်းဆောင်ရွက်နေမှု၊ မြောက်ဘက်ကျုံးနေရာတွင် ကျုံးမြို့ရိုးနှင့် နွံကျုံးများ တူးဖော် ထားရှိမှု၊ ရေကျုံးနံရံ ပြုပြင် ထိန်းသိမ်းခြင်းနှင့် ကျောက်စီထားရှိမှု၊ ကျုံးရိုးလျှောက် လမ်းများ လက်ရန်းတပ် ဆင်ခြင်း၊ ကွန်ကရစ်ဘလောက်တုံးခင်းခြင်း၊ မြေယာရှုခင်း လုပ်ဆောင်ခြင်းများ ဆောင်ရွက်ထား ရှိမှုတို့ကို နေရာတစ်ခုချင်းစီအလိုက် လိုက်လံ ကြည့်ရှုစစ်ဆေးရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရှင်းလင်း တင်ပြကြသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံ တော်သမ္မတက မိမိတို့၏သမိုင်းကြောင်းအရအထင်ကရရှိခဲ့သည့် ဘုရင့်နန်းတော်များ၊ နန်းမြို့ရိုးများနှင့်ကျုံးများသည် တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းအမွေအနှစ်များဖြစ် သည့်အတွက် တတ်စွမ်းသမျှ ဖော်ထုတ်ထိန်းသိမ်းစောင့်ရှောက်သွားနိုင်ရန်လိုကြောင်း၊ နိုင်ငံတော်၏ သမိုင်းကြောင်းဆိုင်ရာ အထောက်အထားများကို ဖော်ထုတ်ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် နိုင်ငံ၏တန်ဖိုးပင်ဖြစ်ကြောင်း၊ ကေတုမတီနန်းတော် ရာ၊ မြို့ရိုးနှင့်ကျုံးတို့သည် ဒဏ္ဍာရီမဟုတ်ဘဲ အမှန်တကယ်ရှိခဲ့သည့် သမိုင်းကြောင်း အစဉ်အလာကြီးမားခဲ့သည့် ရှေးဟောင်းအမွေအနှစ်တစ်ခုဖြစ်သည့်အတွက် စနစ်တကျ သုတေသနပြုလုပ်၍ ဖော်ထုတ်ထိန်းသိမ်းခြင်းများ ဆောင်ရွက်သွားရန်လိုကြောင်း၊ ရှေးဟောင်းအမွေအနှစ်နေရာများကို ဥပဒေနှင့်အညီကာကွယ် ထိန်းသိမ်းဆောင်ရွက် သွားရန်လိုကြောင်း၊ ကျုံးကူးတံတားများနှင့် ဆက်စပ်လျက်ရှိသည့် လမ်းများ ပြန်လည်ဖော်ထုတ် တည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင်လည်း ရှေးမူမပျက် မူလ ပုံစံများအတိုင်းဖြစ်ရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲမှုရှိရန်လိုကြောင်းနှင့် အခြား လိုအပ်သည်များကို လမ်းညွှန်မှာကြားပြီး ကေတုမတီနန်းမြို့ရိုးတစ်လျှောက် မော်တော် ယာဉ်များဖြင့် ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ တောင်ငူမြို့နယ်၊ နှစ်ဆောင်မြိုင်ကျေးရွာ အနီး၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ နွေစပါး စံကွက်ရိတ် သိမ်းခြင်းဆောင်ရွက်နေမှု၊ သီးနှံပင်များအတွက် အလွယ်တကူ သုံးစွဲနိုင်သည့် တန်ဘိုး နည်းသဘာဝပိုးသတ်ဆေးနှင့် အာဟာရဖျော်ရည်များထည့်သွင်း၍ မြေပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် စပါးခွံမီးသွေးထုတ်လုပ်မှု သရုပ်ပြသခြင်း ဆောင်ရွက် နေမှုတို့ကို သွားရောက်ကြည့်ရှုပြီး တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြမှုများအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် လာရောက်လေ့လာကြသည့် တောင်သူများ နှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို မေးမြန်း အားပေးစကားပြောကြားပြီး မျိုးစပါးများရရှိရေး၊ ပန်းတိုင်အထွက်နှုန်းများ ရရှိစေရေး၊ သီးထပ်စွမ်းအားများ ကောင်းမွန်မှုရှိစေ ရေးတို့နှင့်ပတ်သက်၍ ဆွေးနွေးအကြံပြုပြော ကြားသည်။
တောင်ငူခရိုင်ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးမှာကြား
ထို့နောက် နိုင်ငံတော်သမ္မတသည် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အတွင်းရှိခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများအား နယ်မြေခံလေတပ် ဧည့်ခန်းမ ဆောင်၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြားသည်။
ဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှု၊ မိုးစပါးစိုက်ပျိုးရေးဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံ တော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များအပေါ် လိုက်နာအကောင်အထည် ဆောင်ရွက်ပြီးစီးမှု၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ အဆင့်မြှင့်တင်ဆောင်ရွက်နိုင် ရေးအတွက် ဧကကွက်များအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ တောင်ငူခရိုင်အတွင်း နှစ်အလိုက် မိုးရွာသွန်းမှုအခြေအနေများ၊ စိုက်ပျိုးမြေများအား စနစ်တကျအသုံးချဆောင်ရွက်လျက်ရှိမှု၊ သီးထပ်စွမ်းအားနှင့် သီးနှံစိုက်စွမ်းအား တိုး တက်စေရေး စိုက်ပျိုးလျက်ရှိမှု၊ တစ်ဧကပန်းတိုင်အထွက်နှုန်း ရရှိအောင်စိုက်ပျိုး ဆောင်ရွက်နိုင်မှု၊ မိုးသီးနှံများစိုက်ပျိုးလျက်ရှိမှု၊ ရေကြီးရေလျှံမှုများမဖြစ်ပေါ်စေရေး ကြိုတင်ဆောင်ရွက်လျက်ရှိမှု၊ တိုင်းဒေသကြီးအတွင်း ဒေသဝမ်းစာဖူလုံမှု၊ ရေဆင်း ပေါ်ဆန်းစပါး စိုက်ပျိုးရန်လျာထားဆောင်ရွက်လျက်ရှိမှု၊ ဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုး နိုင်မှုနှင့် ဆီဖူလုံမှုများတိုးတက်လာမှု၊ ပဲစိုက်ပျိုးထုတ်လုပ်မှုများ တိုးတက်လာမှု၊ ဆောင်ရွက်လျက်ရှိမှု၊ ဟင်းသီးဟင်းရွက် ရိုဘက်စတာကော်ဖီများစိုက်ပျိုးနိုင်ရေးများနှင့် တစ်အုပ်တစ်မစိုက်ခင်းများ စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ သဘာဝ မြေဩဇာများထုတ်လုပ်လျက်ရှိမှု၊ Drum Seeder များ ထုတ်ပေးထားရှိမှု၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ ဒေသကြက်မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ ဒေသအလိုက်အသားဖူလုံမှု၊ MSME လုပ်ငန်းများမှ ထွက်ရှိသည့် ထုတ်ကုန်များအား ပြည်ပသို့တင်ပို့နိုင်မှု၊ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်လျက်ရှိမှု၊ ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိမှု၊ ကျေးလက်လူမှု စီးပွားဘဝတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ ၂၀၂၆-၂၀၂၇ ခုနှစ်အတွင်း မိုးသီးနှံများစိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိမှု၊ မိုးရာသီ အတွင်း စပါးအမျိုး အစားများအလိုက် စိုက်ပျိုးလျက်ရှိမှု၊ မြေဆီလွှာဖွံ့ဖြိုးရေးလုပ်ငန်း ဖြစ်ထွန်းအောင် ဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက စိုက်ပျိုးရေးလုပ်ငန်းများ အတွက် စက်ယန္တရားများအသုံးပြု၍ ဧကကွက်များဖော်ဆောင်၍ ဆောင်ရွက်မည်ဆို ပါက များစွာအထောက်အကူပြုမည်ဖြစ်သဖြင့် တောင်သူများအား စည်းရုံးဆောင်ရွက် သွားရန်လိုကြောင်း၊ ကော်ဖီစိုက်ပျိုးရာတွင် ကော်ဖီသည် တိုင်းပြည်အတွက် ထုတ်ကုန် အဖြစ် ရည်ရွယ်ဆောင်ရွက်နေခြင်းဖြစ်သဖြင့် ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်မည်ဆိုပါက များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ဖြည့်စွက်မှာကြားသည်။
ဆက်လက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က တောင်ငူမြို့၊ မြို့သစ်ဖော်ဆောင်ရေးအတွက် Town Plan ရေးဆွဲဆောင်ရွက်ထားရှိမှု၊ မြို့သစ်စီမံကိန်းအတွင်း မီးရထားလမ်းအသစ် ဖောက်လုပ်ရေးဆောင်ရွက်ထားရှိမှု၊ အုပ်ချုပ်မှုဆိုင်ရာအစိုးရရုံးဌာနများ၊ ဆေးရုံများ၊ စာသင်ကျောင်းများ၊ ဝန်ဆောင်မှုဆိုင်ရာ နေရာများ၊ အပန်းဖြေ ရန်နေရာများ၊ စိမ်းလန်းနေရာများ ထည့်သွင်း ဆောင်ရွက်ထား ရှိမှုတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြား
ယင်းနောက် နိုင်ငံတော်သမ္မတက တောင်ငူဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပြောကြားရာတွင် မိမိအနေဖြင့် တောင်ငူခရိုင်ကို အထူးဖွံ့ဖြိုးရေးဇုန်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး နေပြည်တော်နှင့် ဆက်စပ်၍ဒေသဖွံ့ဖြိုး ရေးဆိုင်ရာများကို ဖော်ဆောင်ပေးလျက်ရှိကြောင်း၊ တောင်ငူဒေသကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခြင်းအားဖြင့် ဒေသနှင့်ဆက်စပ်လျက်ရှိသည့် အခြားဒေသများမှ သူများသည်လည်း မိမိတို့ဒေသအတွက် ကြိုးစားလိုစိတ်များဖြစ်ပေါ်လာမည်ဖြစ် ကြောင်း၊ တောင်ငူဒေသတွင်နေထိုင်သူများအနေဖြင့် မိမိတို့ဒေသအား ဖွံ့ဖြိုးတိုးတက် မှုရှိစေရေး မည်ကဲ့သို့ဆောင်ရွက်သွားမည်ကို စဉ်းစားဆောင်ရွက်သွားနိုင်ရန်ဖြစ် ကြောင်း၊ တောင်ငူဒေသတွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အဓိက ဆောင် ရွက်နေကြခြင်းဖြစ်သော်လည်း ရေရှည်တွင် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို အခြေခံသည့်ကုန်ထုတ်လုပ်ငန်း၊ MSME လုပ်ငန်းများကို အားပေးဆောင်ရွက်သွား နိုင်ရန်လိုကြောင်း၊ ဒေသအလိုက် ဒေသတွင်း စားရေးဖူလုံမှုအပြင် ပြင်ပသို့ရောင်းချနိုင် ရေးအတွက်လည်း ဆောင်ရွက်သွားနိုင်ရန်လိုကြောင်း၊ စိုက်ပျိုးရေးကိုအခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက်သွားခြင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်သွားနိုင်ရန်လိုကြောင်း။
တောင်ငူဒေသတွင် ဆန်ဖူလုံမှုရှိပြီးဖြစ်သည့်အတွက် ဆန်ထုတ်လုပ်ခြင်းမှ ရရှိလာသည့် ဖွဲ၊ စကွဲ များကို အသုံးပြု၍ တိရိစ္ဆာန်အစာများထုတ်လုပ်ခြင်း၊ ဖွဲနုဆီထုတ် လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားနိုင်ကြောင်း၊ ဒေသ၏ အခြေခံအရင်းအမြစ် ကောင်းများကို အသုံးချ၍ ရေကြီးရေနက်ကွင်းများ၌လည်း ငါးမွေးမြူရေးလုပ်ငန်းများ ကို အောင်မြင်အောင်ဆောင်ရွက်နိုင်ကြောင်း၊ ထိုမှတစ်ဆင့် ငါးကို အခြေခံသည့် စက်မှု ကုန်ထုတ်လုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်နိုင်ကြောင်း၊ အလားတူ ကြက်၊ ဘဲ၊ ဆိတ်၊ ဝက်၊ နွား တို့ကို တိုးချဲ့မွေးမြူခြင်းအားဖြင့်လည်း ဒေသတွင်းမွေးမြူရေးလုပ် ငန်းဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ဒေသတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်ခြင်းအားဖြင့် အသား၊ ငါး၊ ဥအမျိုးမျိုးနှင့် နို့ထွက်ပစ္စည်း များ၊ ဟင်းသီးဟင်းရွက်များ၊ အခြေခံစားကုန်ပစ္စည်းများကို ဒေသတွင်းနေထိုင်သူများ အနေဖြင့် ဈေးနှုန်းသက်သာစွာဖြင့် ပြည့်ဝစွာ စားသုံးနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ယခုထက် ပိုမိုတိုးတက်လာအောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ပတ်သက်သည့် အသိပညာရှင်၊ အတတ်ပညာရှင် လူသားအရင်းအမြစ် ကောင်းများလိုအပ်မည်ဖြစ်ကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် အခြေခံကိန်းဂဏန်း အချက်အလက်များအပေါ်တွင် မူတည်၍ စီမံကိန်းများ၊ စီမံချက်များ ရေးဆွဲဆောင်ရွက်ရသည်ဖြစ်သဖြင့် ဒေသအလိုက်မှလည်း အခြေခံအချက်အလက်များကို မှန်မှန် ကန်ကန်ပြုစုတင်ပြကြရန်လို ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံ၌ မြေကိုအကျိုးရှိရှိအသုံးပြုသွားရန်လိုပြီး မိမိတို့ဒေသ အလိုက် ပိုင်ဆိုင်ထားရှိပြီးဖြစ်သည့် ရေခံမြေခံကောင်းများနှင့် အခြေခံကောင်းများကို ထိထိရောက်ရောက်နှင့် မှန်မှန်ကန်ကန် အသုံးချသွားကြရန်လိုကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းများဆောင်ရွက်မည်ဆိုပါကလည်း စိုက်ဧကတိုးချဲ့ခြင်းထက် ရှိပြီးဖြစ်သည့် စိုက်ဧကများတွင် ပန်းတိုင်အထွက်နှုန်းများရရှိစေရေး၊ သီးထပ်စွမ်းအား ပြည့်မီမှု ရှိစေရေး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ် သည့် စိုက်ပျိုးရေနှင့် အောင်ရေများပြည့်ပြည့်ဝဝ ရရှိရေးအတွက်လည်း ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် မြစ်များ၊ ချောင်းများကို စနစ်တကျ ထိန်းသိမ်းရန် လိုအပ်ချက်များရှိခဲ့သဖြင့် ယခုအခါ မြစ်ချောင်းများ တိမ်ကောခြင်း၊ နှုန်းပို့ချမှုများပြားလာခြင်းများ၊ ရေအရင်းအမြစ် လျော့နည်းလာခြင်းများ ဖြစ်ပေါ် လျက်ရှိကြောင်း၊ မြစ်ချောင်းများရေစီးဆင်းမှုပြန်လည်ကောင်းမွန်ရေး ထိန်းသိမ်း သွားရန်လိုကြောင်း၊ သို့ဖြစ်၍ မိမိတို့တာဝန်ယူထားရသည့် ကဏ္ဍများ အလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရသည့် ကိစ္စရပ်မှန်သမျှကို ဒေသအတွက်၊ ပြန်လည် နိုင်ငံ့အတွက် ရေရှည်အကျိုးကို မျှော်တွေး၍ ဆောင်ရွက်သွားကြရန် လိုကြောင်း။
ထို့ပြင် အနာဂတ်ကာလတွင် ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံတော်တစ်ရပ်ကို ပုံဖော် တည်ဆောက် တည်ဆောက်ရာ၌ ပညာတတ်လူသားအရင်းအမြစ်များဖြင့်သာ ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်တွင် ပညာတတ်လူသားအရင်းအမြစ်များ လျော့နည်း လာခြင်းသည် နိုင်ငံ့အနာဂတ်အတွက် မည်ကဲ့သို့မျှ ကောင်းမွန်မှုမရှိသည်ကို သတိပြု ကြရန်လိုကြောင်း၊ ထို့ကြောင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများအနေဖြင့် မိမိတို့ ဒေသ အလိုက် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ကြားနိုင်ရေး အလေး ထား တိုက်တွန်း အားပေးဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပညာရေးကောင်းမွန် မှုရှိမှ သာလျင် ကလေးငယ်များ၏ အနာဂတ်ဘဝလမ်းကို ကောင်းမွန်စွာဖြတ်သန်း နိုင်မည်ဖြစ်သည်ကို အသိပညာပေးဟောပြောခြင်းများဖြင့် စည်းရုံးဆောင်ရွက် သွားကြရန်လိုကြောင်း၊
မိမိတို့အနေဖြင့် နိုင်ငံ့စီးပွားတိုးတက်စေရေးအတွက် ဆောင်ရွက်ရာတွင် ပြည်သူ လူထုအတွက် အလုပ်အကိုင်အခွင့်အလမ်းများဖော်ဆောင်ပေးနိုင်ရန်နှင့် အမှန်တကယ် အလုပ်လုပ်ကိုင်နိုင်ရန်လိုကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး အလုပ်လုပ် နိုင်မှသာလျင် ဝင်ငွေရရှိနိုင်မည်ဖြစ်ကာ လူတစ်ဦးချင်းစီ အလိုက်မှစ၍ ဒေသအလိုက်၊ ခရိုင်အလိုက် စီးပွားဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး ၎င်းမှတဆင့် နိုင်ငံ့စီးပွားသည် လည်း တိုးတက်လာနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် အလုပ်လုပ်ကိုင် နိုင်စေရေးအတွက် လက်ရှိနိုင်ငံတကာ၌ဖြစ်ပေါ်ကြုံတွေ့ရလျက်ရှိသည့် စက်သုံးဆီ အခက်အခဲများအပါအဝင် အခြားအခြေခံလိုအပ်ချက်များကိုလည်း တတ်နိုင်သရွေ့ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သို့ဖြစ်၍ အလုပ် လုပ်ကိုင်နိုင်ရေး ဖြည့် ဆည်းပေးမှုများကို အကျိုးရှိရှိနှင့် စနစ်တကျအသုံးချနိုင်ရန်လိုကြောင်း၊ အမှန်တကယ် လိုအပ်သည်မှာ အလုပ်လုပ်ကြရန်နှင့် မိမိအတွက်၊ ဒေသ အတွက်၊ နိုင်ငံတော်အတွက် အလုပ် လုပ်ကိုင်လိုစိတ်များ ရှိကြရန်ပင်ဖြစ်ကြောင်း၊ မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အခက်အခဲ၊ ဖြစ်ပေါ်ကြုံတွေ့လာနိုင်သည့် အကြပ်အတည်းမှန်သမျှကိုလည်း ဖြေရှင်းနိုင်ရေး စဉ်ဆက်မပြတ်လေ့လာ သွားကြရန်လိုကြောင်း။
မိမိအနေဖြင့် တောင်ငူ၊ နေပြည်တော်၊ ရမည်းသင်း၊ မိတ္ထီလာဒေသတို့ကို အထူး ဖွံ့ဖြိုးရေးဒေသများအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရန် ရည်မှန်းချက် ထား၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုဒေသများမှတဆင့် အခြားမြို့များကိုလည်း ဆင့်ကဲအထူးဖွံ့ဖြိုးတိုးတက်သောဒေသများအဖြစ် ဖြစ်ပေါ်လာ စေရေး တောင်ငူ၊ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ နေပြည်တော်၊ ရမည်းသင်း၊ မိတ္ထီလာ ဒေသတို့အနေဖြင့် စံနမူနာပြ အထူးဖွံ့ဖြိုးရေး ဒေသများအဖြစ် ဖြစ်ပေါ်လာစေရေးကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ နိုင်ငံတော်၏ အထက်ပိုင်း၊ အောက်ပိုင်း၊ အရှေ့ပိုင်း၊ အနောက်ပိုင်း စသည့် ဒေသများ သို့ လက်လှမ်းမီချိတ်ဆက်နိုင်သည့် အလယ်ဗဟိုချက်နှင့် မြေလတ်ဒေသများလည်းဖြစ် သည့်အတွက်လည်း အောင်မြင်နိုင်မည့် ရေခံမြေခံနှင့် အခြေခံကောင်းများကို ပိုင်ဆိုင် ထားရှိပြီးဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဝန်ကြီးချုပ်များ၊ တာဝန်ရှိသူများအနေဖြင့်လည်း မိမိတို့ကွပ်ကဲမှုလက်လှမ်းမီရာဒေသများအလိုက် ဖွံ့ဖြိုးတိုး တက်မှု ပိုမိုအားကောင်းလာစေရေး စနစ်တကျစီမံဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်၏ တာဝန်များကို ထမ်းရွက်နေရသည့်ကာလအတွင်း မှတ်ကျောက်တင်ခံနိုင်သည့် အစိုးရတစ်ရပ်ဖြစ်စေရေး၊ နိုင်ငံတော်နှင့်နိုင်ငံသား တို့၏ အကျိုးကိုဖော်ဆောင်ပေးနိုင်သည့် အစိုးရတစ်ရပ်ဖြစ်စေရေး ကြိုးစားဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်းဆွေးနွေး ပြောကြားသည်။
ကေတုမတီမြို့သစ်၊ ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် ကျွန်းကုန်းကျေးရွာရှိ ရွှေဝါကြက်မွေးမြူရေးခြံသို့ရောက်ရှိရာ လုပ်ငန်းရှင် ဦးရဲဝင်း နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး ကြက်ခြံအတွင်း ဥစားကြက်များ မွေးမြူထားရှိမှု၊ ၊ ဒေသတွင်းမှထွက်ရှိသည့် ကုန်ကြမ်းများကို အခြေခံ၍ ကြက်စာ အဖြစ် ထုတ်လုပ် ကျွေးမွေး၍ မွေးမြူလျက်ရှိမှု၊ ကြက်ခြံတွင်အသုံး ပြုလျက်ရှိသည့် Evaporated cooling system (အအေးပေးစနစ်)အတွက်လိုအပ်သော လျှပ်စစ်ဓာတ် အားများအား နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားများဖြင့် အသုံးပြုဆောင် ရွက်လျက်ရှိမှုနှင့် ဈေးကွက်ရရှိမှု အခြေအနေများအား ရှင်းလင်း တင်ပြကာနိုင်ငံတော် သမ္မတနှင့်အဖွဲ့ဝင်များသည် Evaporated cooling system (အအေးပေးစနစ်)ဖြင့် ဥစားကြက်များ မွေးမြူထားရှိမှုကို လှည့်လည်ကြည့်ရှု၍ တာဝန်ရှိသူများ၏ တင်ပြချက် များအပေါ် နိုင်ငံတော်သမ္မတက သိရှိလိုသည်များ မေးမြန်းပြီး လိုအပ်သည်များကို အကြံပြု ဆွေးနွေးသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် ကျွန်းကုန်းဘူတာမှ RBE အထူးရထားဖြင့် နေပြည်တော်သို့ ပြန်လည်ထွက်ခွာခဲ့ကြကြောင်း သတင်း ရရှိသည်။
#MNP #News










No comments:
Post a Comment