ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ တောင်ငူမြို့ရှိပြည်သူ့ဆေးရုံနှင့် တပ်မတော်ဆေးရုံတို့၌ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသူများအား သွားရောက်ကြည့်ရှုအားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ တောင်ငူမြို့ရှိပြည်သူ့ဆေးရုံနှင့် တပ်မတော်ဆေးရုံတို့၌ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသူများအား သွားရောက်ကြည့်ရှုအားပေး








နေပြည်တော်၊ ဇွန်  ၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ဇနီး ဒေါ်ကြူကြူလှ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးမြထွန်းဦး၊ ဦးမင်းနောင်၊ ဦးမျိုးဇော်သိမ်း၊ ဦးမျိုးသန့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါ ၍ တောင်ငူမြို့ရှိ ပြည်သူ့ဆေးရုံနှင့် တပ်မတော်ဆေးရုံတို့၌ တက်ရောက်ဆေးကုသမှု ခံယူနေသူများအား သွားရောက်ကြည့်ရှုအားပေးသည်။

ဦးစွာ နိုင်ငံတော်သမ္မတနှင့်ဇနီး၊ အဖွဲ့ဝင်များသည် တောင်ငူမြို့၊ အထွေထွေ ပြည် သူ့ဆေးရုံကြီးသို့ ရောက်ရှိကြရာ ခေတ္တဆေးရုံအုပ်ကြီး ဒေါက်တာ စောသူရကြည်ဖေ နှင့် ကျန်းမာရေးဝန်ထမ်းများက ကြိုဆိုနှုတ်ဆက်ကြပြီး မျက်စိလူနာဆောင်၊ နား၊ နှာခေါင်း၊ လည်ချောင်း လူနာဆောင်တို့၌ ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် ပြည်သူများအား တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ကျန်းမာရေးပြုစုစောင့်ရှောက်မှုများ ဆောင်ရွက်ပေးထားမှုတို့ကို လိုက်လံကြည့်ရှုမေးမြန်းအားပေး စကားပြောကြားကာ စားသောက်ဖွယ်ရာပစ္စည်းများပေးအပ်သည်။

ယင်းနောက် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ယခုဆေးရုံအား ကုတင်-၃၀၀ အဆင့်ဆေးရုံအဖြစ် အဆင့် မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း၊ အခြားအခြေခံလိုအပ်ချက်နှင့် အထောက်အကူပြု ပစ္စည်းများကိုလည်း ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း၊ ဆေးရုံ ပတ်ဝန်းကျင်အတွင်း သန့်ရှင်းသာယာလှပစေရေး စဉ်ဆက်မပြတ်ဆောင်ရွက် သွားရန်လိုကြောင်းနှင့် အခြား လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့်ဇနီး၊ အဖွဲ့ဝင်များသည် တောင်ငူမြို့ရှိ နယ်မြေခံ တပ်မတော်ဆေးရုံသို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ဆေးရုံတွင်တက်ရောက် ကုသမှုခံယူလျက်ရှိသည့် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များထမ်းဆောင် စဉ် ထိခိုက်ဒဏ်ရာများရရှိခဲ့သော တပ်မတော်သားများအား တစ်ဦးချင်း လိုက်လံ ကြည့်ရှုအားပေး စကားပြောကြားပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ ချီးမြှင့် ငွေများနှင့် စားသောက် ဖွယ်ရာပစ္စည်းများ ပေးအပ်သည်။

အလားတူ နိုင်ငံတော်သမ္မတ၏ ဇနီးနှင့် အဖွဲ့ဝင်များသည်လည်း ဆေးရုံတွင် တက်ရောက်ကုသမှုခံယူလျက်ရှိသည့် တပ်မတော်သားမိသားစုဝင်များ၏ ကျန်းမာရေး အခြေအနေများကို တစ်ဦးချင်းလိုက်လံကြည့်ရှုမေးမြန်းအားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်သည်။

ယင်းနောက် နိုင်ငံတော်သမ္မတက ဆေးရုံအတွက်လိုအပ်ချက်များကို မေးမြန်းကာ လိုအပ်သည်များ လမ်းညွှန်မှာကြား ဖြည့်ဆည်းပေးခဲ့ကြောင်း သတင်းရရှိသည်။


#MNP #News


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)