ဇွန် - ၂၂ ( တနင်္လာနေ့ )
အမေရိကန်ရှိ သက်ကြီးရွယ်အိုများ (အငြိမ်းစားယူထားသူများ) ကို ကာကွယ်စောင့်ရှောက်တဲ့ အဖွဲ့အစည်းအချို့က ဖေ့စ်ဘုတ် မိခင်ကုမ္ပဏီ မက်တာနည်းပညာကုမ္ပဏီကြီးအား စုံစမ်းစစ်ဆေးရန် လွှတ်တော်သို့ တိုက်တွန်းနှိုးဆော်လိုက်ကြောင်း သိရပါတယ်။ အကြောင်းမှာ အဆိုပါကုမ္ပဏီကြီးသည် သက်ကြီးရွယ်အိုများကို ပစ်မှတ်ထားတဲ့ လိမ်လည်လှည့်ဖြားသော ကြော်ငြာများကို ၎င်းရဲ့ ပလက်ဖောင်းပေါ်တွင် အထိန်းအကွပ်မရှိ ပျံ့နှံ့ခွင့်ပြုထားပြီး ထိုကြော်ငြာ ကမ်ပိန်းများမှတစ်ဆင့် အမြတ်အစွန်းများ ရှာဖွေနေတာပါလို့ ကြာသပတေးနေ့က Politico သတင်းစာက ဖော်ပြခဲ့ပါတယ်။ ယင်းသတင်းမှာ အောက်လွှတ်တော် ပြည်တွင်းလုံခြုံရေးကော်မတီ ခေါင်းဆောင်များထံ ပေးပို့ခဲ့တဲ့ စာတစ်စောင်ကို ကိုးကားပြီး ဖော်ပြထားခြင်း ဖြစ်ပါတယ်။
ဖေ့စ်ဘုတ်၊ အင်စတာဂရမ်၊ ဝှတ်စ်အပ် နဲ့ သရက်ဒ် တို့ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ မက်တာ သည် မကြာသေးမီနှစ်များအတွင်း သတင်းအမှားများ ပျံ့နှံ့မှု၊ အွန်လိုင်းလိမ်လည်မှုများမှသည် ကိုယ်ရေးအချက်အလက် လုံခြုံမှုဆိုင်ရာ ကိစ္စရပ်များ၊ ယှဉ်ပြိုင်မှုဆန့်ကျင်ရေး (မောင်ပိုင်စီးမှု) ဆိုင်ရာ စိုးရိမ်ပူပန်မှုများ နဲ့ ၎င်းတို့၏ ပလက်ဖောင်းများက လူငယ်များရဲ့ စိတ်ကျန်းမာရေးအပေါ် သက်ရောက်မှုများအထိ ကိစ္စရပ်အမျိုးမျိုးကြောင့် စိစစ်ဝေဖန်မှုများနဲ့ ပိုပိုပြီး ရင်ဆိုင်နေရပါတယ်။
အမေရိကန် သက်ကြီးရွယ်အိုများ မဟာမိတ်အဖွဲ့ ၊ အမေရိကန် စာတိုက်လုပ်သားများသမဂ္ဂ အငြိမ်းစားများအဖွဲ့ နဲ့ အမေရိကန် ဆရာ၊ ဆရာမများ အဖွဲ့ချုပ် တို့အပါအဝင် အဖွဲ့အစည်းများက မက်တာ ကုမ္ပဏီသည် လိမ်လည်လှည့်ဖြားတဲ့ ကြော်ငြာကမ်ပိန်းများကို အချိန်မီ လျင်လျင်မြန်မြန် အရေးယူဆောင်ရွက်ရန် ပျက်ကွက်ခဲ့ပြီး၊ သက်ကြီးရွယ်အိုများကို ကြီးမားသော ဘဏ္ဍာရေးဆိုင်ရာ ဆုံးရှုံးနိုင်ခြေအန္တရာယ်များနဲ့ ရင်ဆိုင်ရစေရန် လမ်းဖွင့်ပေးထားခဲ့ကြောင်း စွပ်စွဲပြောဆိုခဲ့ကြပါတယ်။
"မက်တာရဲ့ ပလက်ဖောင်းတွေပေါ်မှာ အဖိုးအဖွားတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာ လိမ်လည်လှည့်ဖြားတဲ့ ကြော်ငြာတွေ အဆမတန် ပျံ့နှံ့နေပြီး မက်တာ က အမြတ်အစွန်းတွေ ရနေတဲ့အချိန်မှာ သက်ကြီးရွယ်အို အများအပြားကတော့ လိမ်လည်လှည့်ဖြားခြင်း ခံနေရပါတယ်" လို့ အမေရိကန် သက်ကြီးရွယ်အိုများ မဟာမိတ်အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ရစ်ချက် ဖီယက်စတာ က Politico သတင်းဌာန သို့ ပြောကြားခဲ့ပါတယ်။
"ဒီလို လိမ်လည်မှုတွေ ဘယ်လိုကြောင့် ပျံ့နှံ့ခွင့်ရနေတာလဲ၊ ဒီအပေါ်မှာ မက်တာ က ဘာတွေသိထားလဲ၊ ပြီးတော့ ပိုမိုခိုင်မာတဲ့ အကာအကွယ်တွေကို ဘာကြောင့် စီစဉ်မထားတာလဲဆိုတာတွေကို လွှတ်တော်က စုံစမ်းစစ်ဆေးပေးဖို့ ကျနော်တို့ တောင်းဆိုနေတာ ဖြစ်ပါတယ်။ လိမ်လည်သူတွေနဲ့ နည်းပညာကုမ္ပဏီတွေက ပိုက်ဆံတွေ အလုံးအရင်းနဲ့ ရှာဖွေနေကြချိန်မှာ အဖိုးအဖွားတွေကို ဒီအတိုင်း အကာအကွယ်မဲ့ အားနွဲ့တဲ့အခြေအနေမှာ ပစ်မထားသင့်ပါဘူး" လို့ ပြောသွားပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment