ဇွန် - ၂၂ ( တနင်္လာနေ့ )
အာဖရိကတိုက်သားများကို လူကုန်ကူးခြင်းနှင့် ကျွန်ပြုခြင်းဆိုတာက လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ အဆိုးရွားဆုံး ရာဇဝတ်မှုဖြစ်ကြောင်း ကုလသမဂ္ဂက သမိုင်းဝင် ဆုံးဖြတ်ချက်တစ်ရပ်ကို ထောက်ခံအတည်ပြုပေးခဲ့ပြီးနောက် လအနည်းငယ်အကြာတွင် ဂါနာနိုင်ငံက နစ်နာကြေးပေးဆောင်ရေး တရားမျှတမှုဆိုင်ရာ ကမ္ဘာ့အဆင့် ညီလာခံတစ်ရပ်ကို ဖိတ်ခေါ်ကျင်းပခဲ့ပါတယ်။
အက်ကရာမြို့ တွင် ပြုလုပ်ခဲ့တဲ့ အဆိုပါ လျော်ကြေးရရှိရေး ဆွေးနွေးပွဲက အထိမ်းအမှတ်အဆင့်ထက် ပိုမိုထိရောက်သည့် အဆင့်သို့ တက်လှမ်းနိုင်ရန် ရည်ရွယ်ထားပြီး၊ အာဖရိကနှင့် ကာရစ်ဘီယံ ဒေသတွင်း ခေါင်းဆောင်များက ကျွန်စနစ်နှင့် ကိုလိုနီအုပ်ချုပ်မှုတို့ရဲ့ ရေရှည်ဆိုးမွေများနဲ့ ဆက်နွှယ်နေတဲ့ တရားဝင်တောင်းပန်မှုများ၊ နစ်နာကြေးနှင့် လျော်ကြေးပေးမှုများ၊ ယဉ်ကျေးမှုဆိုင်ရာ ရှေးဟောင်းအနုပညာပစ္စည်းများ ပြန်လည်ပေးအပ်ရေးနဲ့ အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပေးရန် ဖိအားပေး တောင်းဆိုလျက်ရှိကြပါတယ်။
တာဝန်ရှိသူများ၏ ပြောကြားချက်အရ အဆိုပါညီလာခံသို့ ဆီနီဂေါ၊ နမီးဘီးယား၊ လိုက်ဘေးရီးယား၊ ဆောင်တိုမေးနှင့် ပရင်စီပီ နိုင်ငံတို့မှ သမ္မတများ၊ ဘာဘေးဒိုးစ်နိုင်ငံ ဝန်ကြီးချုပ်၊ အီကွေတိုရီရယ်ဂီနီနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ အယ်လ်ဂျီးရီးယားနိုင်ငံ လွှတ်တော်ဥက္ကဋ္ဌနှင့် နိုင်ငံပေါင်း ၈၀ ကျော်မှ ဝန်ကြီးများ တက်ရောက်ခဲ့ကြပါတယ်။
ကြာသပတေးနေ့က ပြုလုပ်တဲ့ ညီလာခံအဖွင့် မိန့်ခွန်းတွင် ဂါနာသမ္မတ ဂျွန် ဒါရီမာနီ မဟားမား က ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍသစ်တစ်ရပ်ကို အချက်ပြလိုက်ပြီး ကမ္ဘာကြီးအနေဖြင့် အတိတ်က မတရားမှုများကို သမိုင်းအမှန်အဖြစ် အသိအမှတ်ပြုရုံမျှ အဆင့်ထက်ကျော်လွန်ကာ လက်တွေ့အကောင်အထည်ဖော်မှု၊ အမှန်တရားကို ထုတ်ဖော်ပြောဆိုမှုနဲ့ ပြန်လည်ရင်ကြားစေ့မှုတို့ဆီသို့ ဦးတည်ရွေ့လျားရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အာဖရိကနဲ့ ကာရစ်ဘီယံ နိုင်ငံများသည် ကျွန်စနစ်၊ ကိုလိုနီခေတ် ခေါင်းပုံဖြတ်ခံရမှုများနဲ့ ယဉ်ကျေးမှုဆိုင်ရာ ပိုင်ဆိုင်မှုပစ္စည်းများ သိမ်းဆည်းခံရမှုတို့အပေါ် နစ်နာကြေး (လျော်ကြေး) ရရှိရန်အတွက် ကာလရှည်ကြာကတည်းက တောင်းဆိုတွန်းအားပေးခဲ့ကြပါတယ်။ ကုလသမဂ္ဂ အထွေထွေညီလာခံကလည်း ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့တွင် ဂါနာနိုင်ငံက ဦးဆောင်တင်သွင်းသည့် ဆုံးဖြတ်ချက်မူကြမ်းကို အတည်ပြု ချမှတ်ခဲ့ပြီး၊ သက်ဆိုင်ရာ နိုင်ငံများအနေဖြင့် တရားဝင် တောင်းပန်မှုများ ပြုလုပ်ရန်၊ ပညာရေးဆိုင်ရာ အစီအစဉ်များ ထည့်သွင်းရန်နဲ့ နစ်နာကြေး ရန်ပုံငွေအဖွဲ့သို့ ထည့်ဝင်လှူဒါန်းမှုများ ပြုလုပ်ရန် တိုက်တွန်းနှိုးဆော်ထားပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment