ဘားအံ၊ ဇွန် ၂၂
တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့ကို ဇွန်လ ၂၂ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ ၂၃ ဦးအနက် ၂၂ ဦး၊ ရာခိုင်နှုန်းအားဖြင့် ၉၆ ဒဿမ ၆၅ ရာခိုင်နှုန်းတက်ရောက်ကြသည့်အတွက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစန်းကိုက အစည်းအဝေးအထ မြောက်ကြောင်းနှင့်စတင်ကျင်းပကြောင်းကြေညာကာ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။
ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၃)ဦးက ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကြယ်ပွင့်ပြမေးခွန်း (၄)ခုကို မေးမြန်းရာ သက်ဆိုင်ရာပြည်နယ်အဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခဲ့ကြပြီး ဦးအေးမင်းထွေး မြဝတီမြို့နယ်လွှတ်တော် ကိုယ်စားလှယ်အမှတ်(၁)၏ ကရင်ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်နယ်အတွင်းစက်သုံးဆီဖူလုံရေးအထောက်အကူပြုနိုင်စေရန် EV မော်တော်ယာဉ်များအတွက် EV Charging Station များ လုံလောက်စွာထားရှိနိုင်ရေးတိုက်တွန်းကြောင်းအဆိုကို ဦးအောင်မြင့်သိန်း ဘားအံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် အမှတ်(၂)နှင့် ဦးသက်ထွေးလွင် လှိုင်းဘွဲမြို့နယ်လွှတ်တော် ကိုယ်စားလှယ်အမှတ်(၂)တို့က ထောက်ခံဆွေးနွေးကာ ယင်းအဆိုနှင့်စပ်လျဉ်း၍ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးစောမျိုးမြင့်က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များကကန့်ကွက်သူမရှိ သဘောတူညီကြသည့်အတွက် ပြည်နယ်လွှတ်တော်ကအတည်ပြုကြောင်းနှင့် ပြည်နယ်အစိုးရအဖွဲ့က ယင်းအဆိုကို ဆက်လက် အကောင်အထည် ဖော်ဆောင်ရွက်ရန်တိုက်တွန်းကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။
ယင်းနောက် ကရင်ပြည်နယ်ယစ်မျိုးခွန်ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဦးစောမြင့်ထွေး ကော့ကရိတ်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂)နှင့် ဦးညီညီလှိုင် ကြာအင်းဆိပ်ကြီးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂)တို့က ထောက်ခံဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဥပဒေပြုရေးဆိုင်ရာကော်မတီအဖွဲ့ဝင် ဦးအောင်မြင့်သိန်း ဘားအံမြို့နယ်လွှတ်တော် ကိုယ်စားလှယ်အမှတ်(၂)က ယင်းဥပဒေကြမ်းအပေါ်ပြင်ဆင်ချက်(၁၃)ချက်ကို အပိုဒ်လိုက်တင်ပြရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက သဘောတူညီကြသည့်အတွက် ပြည်နယ်လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။
ဆက်လက်၍ ပြည်နယ်ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်ရေးကော်မတီတွင် ကော်မတီဝင်(၅)ဦး ထပ်မံဖြည့်စွက်တာ ဝန်ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်သူမရှိ သဘောတူညီကြသည့်အတွက် ပြည်နယ်လွှတ်တော်က အတည်ပြုကြောင်းနှင့် ပြည်နယ်တိုင်းရင်းသားများအခွင့်အရေးဆိုင်ရာကော်မတီတွင် ကော်မတီဝင် (၁)ဦးထပ်မံဖြည့်စွက် တာဝန်ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ ကန့်ကွက်လိုသည့်ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာကာ အစည်းအဝေးတတိယနေ့ကို ရပ်နားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း
#MNP #News




No comments:
Post a Comment