ဇွန် - ၆ ( စနေနေ့ )
အိန္ဒိယနိုင်ငံ၏ အဓိက ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းကြီးတစ်ခုဖြစ်တဲ့ ဟက်ထရို လက်ဘ်စ် က ရုရှားနိုင်ငံ မြို့တော်ရှိ အထူးစီးပွားရေးဇုန်တစ်ခုတွင် ဆေးဝါးထုတ်လုပ်ရေး စက်ရုံအသစ်တစ်ခု တည်ဆောက်ရန် နဲ့ ဆေးဝါးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်ရန် မော်စကိုမြို့တော်ဝန် နဲ့ သဘောတူညီချက် ရရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ ကျင်းပလျက်ရှိတဲ့ စိန့်ပီတာစဘတ် နိုင်ငံတကာ စီးပွားရေးဖိုရမ် ရဲ့ ဘေးဘက်ဆွေးနွေးပွဲတွင် မော်စကိုမြို့တော် အစိုးရအဖွဲ့ ဝန်ကြီး အာနာတိုလီ ဂါဘူဇော့ဗ် နဲ့ ဟက်ထရို လက်ဘ်စ် ရဲ့ ထွန်းသစ်စ စျေးကွက်များဆိုင်ရာ ညွှန်ကြားရေးမှူး မူရာလီ ခရစ်ရှ်နား ရက်ဒီ က အဆိုပါ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
"မြို့တော်နဲ့ နိုင်ငံခြားမိတ်ဖက်တွေကြားထဲက အခုလိုမျိုး အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုဟာ အလားအလာအကောင်းဆုံးနဲ့ နည်းပညာအမြင့်မားဆုံး ဆေးဝါးသစ်တွေကို ထုတ်လုပ်ဖန်တီးနိုင်ဖို့ အထောက်အကူပြုလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်" လို့ ဂါဘူဇော့ဗ်က ပြောပါတယ်။
မော်စကိုမြို့သည် နိုင်ငံအတွင်း ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာ ကိရိယာတန်ဆာပလာ ထုတ်လုပ်မှုဆိုင်ရာ အကြီးဆုံးဗဟိုချက်များထဲမှ တစ်ခုဖြစ်ပြီး၊ မြို့တော်အတွင်း၌ အဆိုပါလုပ်ငန်းကဏ္ဍနှင့် သက်ဆိုင်သည့် စီးပွားရေးလုပ်ငန်းပေါင်း ၃၀၀ ကျော် လည်ပတ်လုပ်ကိုင်လျက်ရှိကြောင်း ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
ဟက်ထရို လက်ဘ်စ်ကို ရာနှုန်းပြည့်ပိုင်ဆိုင်တဲ့ လက်အောက်ခံလုပ်ငန်းတစ်ခုဖြစ်သည့် မာကစ်ဇ် ဖာမာ ရဲ့ အမှုဆောင်အရာရှိချုပ် ဆန်ဂျေး နာယက်ခ် က ၎င်းတို့ ကုမ္ပဏီအနေဖြင့် ကင်ဆာရောဂါကုသဆေးများနဲ့ အခြားဆေးဝါးထုတ်ကုန်များ ထုတ်လုပ်ရန်အတွက် စက်ရုံတစ်ရုံ တည်ဆောက်သွားမယ်လို့ ဆိုပါတယ်။
မော်စကိုမြို့တော်အစိုးရက အဆိုပါစက်ရုံအတွက် မြေနေရာပံ့ပိုးပေးထားပြီး အခွန်လျှော့ပေါ့ပေးခြင်းနဲ့ ထုတ်လုပ်သည့် ဆေးဝါးထုတ်ကုန်အချို့ကို သေချာပေါက် ပြန်လည်ဝယ်ယူပေးမယ် ဆိုတဲ့ ကတိကဝတ်ပြုချက် မက်လုံးများကို ပေးအပ်ထားကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။
ဟက်ထရို လက်ဘ်စ်က အိတ်ချ်အိုင်ဗီ (HIV)၊ အသည်းရောင်အသားဝါရောဂါ၊ ကင်ဆာနှင့် တီဘီရောဂါတို့ကို ကုသရန်အတွက် ဆေးဝါးအာနိသင် တက်ကြွစေတဲ့ အဓိကဒြပ်ပစ္စည်းများ နဲ့ အသင့်သုံး ဆေးဝါးများကို ထုတ်လုပ်သည့် လုပ်ငန်းဖြစ်ပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment