အဆင့်တိုးမြှင့်ပေးသင့်နေပြီဖြစ်သော ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ အပိုင်း (၃) နောက်ဆုံးပိုင်း - Myanmar National Post

Myanmar National Post

News Agency

Breaking

အဆင့်တိုးမြှင့်ပေးသင့်နေပြီဖြစ်သော ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ အပိုင်း (၃) နောက်ဆုံးပိုင်း








ပညာတတ်လူ့စွမ်းအားအရင်းအမြစ်များဆုံးရှုံးခြင်း

ယခုခေတ် လက်ရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကို ကြည့်လျင် နိုင်ငံတော်က ချမှတ်လျက်ရှိသော ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ကြားခွင့် ရရှိစေရေး စီမံကိန်းကို ဘ/က ကျောင်းတွေက ပူးပေါင်း ဆောင်ရွက် ပေးခြင်းဟုလည်း ဆိုနိုင်ပါသည်။

မူလတန်းအဆင့်လောက်သာ ရှိပြီး အလယ်တန်းဆင့်၊ အထက်တန်းအဆင့် တိုးမြှင့်ခွင့်မရသည့်အတွက် အလယ် တန်းကျောင်းသား အထက်တန်းကျောင်းသားတို့သည် အဆင့်မြင့် ပညာရပ်များကို ဆက်လက်သင်ယူခွင့်ပါ မရနိုင်တော့ သည့်အတွက် အခွင့်အရေးများစွာတို့ ဆုံးရှုံးရပါသည်။ နိုင်ငံအတွက်လည်းပညာတတ်လူ့စွမ်းအားအရင်းအမြစ်များလွန်စွာဆုံးရှုံးလျက်ရှိပါသည်။


ဥပဒေနှင့်အညီအဆင့်တိုးမြှင့်ပေးရန်တောင်းဆိုခြင်း

ယခုဘုန်းတော်ကြီးသင်ပညာရေးကျောင်းများက အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် တိုးမြှင့်ပေးရန် တောင်းဆိုနေကြခြင်းသည် ဥပဒေမဲ့တောင်းဆိုနေကြခြင်းမဟုတ်၊ ဗုဒ္ဓဘာသာ ဘာသာရေးခေါင်းဆောင်မို့လို့ အခွင့်ထူး ပေးရန်တောင်းဆိုနေကြခြင်းမျိုးလည်းမဟုတ်ပါ။ ဥပဒေနှင့်အညီ (ဥပဒေအတိုင်း)တောင်းဆိုနေကြခြင်း ဖြစ်သည်ကို ဖော်ပြခဲ့သည့် ဥပဒေများကို ကြည့်လျှင်သိနိုင်ပါလိမ့်မည်။

အကယ်၍သာ

“အခြေခံပညာရေးဥပဒေ၊ အမျိုးသားပညာရေးဥပဒေ”တို့၌ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများအတွက် တိုးမြှင့်ခွင့် ပေးမထားခဲ့ပါလျှင် ဤကဲ့သို့ တောင်းဆိုကြလိမ့်မည်မဟုတ်ပါ။

ဆိုလိုသည်မှာ သတ်မှတ်အရည်အချင်း မပြည့်မီလို့ တိုးမြှင့်ခွင့်မပေးသည်ကို နားလည်လက်ခံပေးလို့ရနိုင်သော်လည်း ဥပဒေနှင့်ညီ ညွတ်နေပါလျက် အဆင့်တိုးမြှင့်ခွင့်မပေးခြင်းကတော့ လက်မခံနိုင်ကြောင်းကို ဆိုလိုခြင်းဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အထူးသတိထားဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်၏။


ဘာသာခြားများလည်း တန်းညှိလို့မရနိုင်ပါ

ဗုဒ္ဓဘာသာက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း တည်ထောင်ကြသည်ကို အကြောင်းပြုပြီး အခြားဘာသာဝင်တွေကလည်း အလားတူ သူတို့ဘာသာဝင် ဘာသာရေးကျောင်းများ တည်ထောင်ရန် တောင်းဆိုလာနိုင်သည်။ ထိုသို့ တောင်းဆိုလာပါက သက်ဆိုင်ရာ တာဝန်ရှိသူများအနေနဲ့ အခက်တွေ့နိုင်သည် ပညာရေးဆိုင်ရာ တွေ့ရပါသည်။

အမှန်တော့ထိုအယူအဆသည် ဥပဒေကိုနားမတာဝန်ရှိသူတွေစသည့်အကြောင်းပြသူတွေထဲမှာတောင်ပါဝင်နေကြသည်ကိုလည်၍ ပြောဆိုယူဆခြင်းသက်သက်ဖြစ်သည်ဟု ဆိုနိုင်သည်။

အဘယ့်ကြောင့်ဆိုသော်

အမျိုးသားပညာရေးဥပဒေ အခန်း (၁၄)၊ ပုဒ် ၆၈၊ အပိုဒ် (က)၌ “ဘာသာရေးကိုသာသီးသန့်သင်ကြားပေးသောကျောင်းများသည်ဤဥပဒေနှင့်သက်ဆိုင်ခြင်းမရှိစေရ”ဟု ပြဋ္ဌာန်းထားသောကြောင့်ပင် ဖြစ်၏။

နားလည်အောင် ထပ်တင်ပြရလျှင် ဘာသာခြား၊ ဘာသာရေးသင်ကျောင်းများကို အခြေခံပညာရေးကျောင်း အတွင်း စိမ့်ဝင် ရောနှောခြင်း မရှိအောင် ဤဥပဒေက ကာကွယ်ပေးထားခြင်းဖြစ်သည်၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများနှင့် တန်းညှိ၍ မရနိုင်ပါ။


အဆင့်များတိုးမြှင့်ပေးသင့်ပြီ

ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ကျောင်းပေါင်း ၁၅၀၀ (တစ်ထောင့်ငါးရာ)ကျော် ကျောင်းသားကျောင်းသူပေါင်း ၃၀၀၀၀၀ (သုံးသိန်း)ကျော်တို့၏ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် သင်ကြားနိုင်ရေးကို နိုင်ငံတော်အစိုးရအနေဖြင့် အလေးထားသင့်ပြီဟု ယူဆပါသည်။

ဘုန်းတော်ကြီးသင်ပညာရေး (ဘ/က)ကျောင်းများသည် အတန်းကျောင်းပညာကိုသာ သင်ကြားပေး သည်မဟုတ်ဘဲ လူငယ်များ စာရိတ္တကောင်းမွန်ရေးနှင့်အမျိုးဘာသာ သာသနာအကျိုး ဆောင်ရွက်ပေးနိုင်မည့် စိတ်ဓာတ် တွေပါ ရရှိလာအောင် သင်ကြားပေးနေခြင်းဖြစ်သည်။ ဗလငါးတန် အမှန်ပြည့်ဝအောင် သင်ကြားပေးနေသည့်အတွက် ၎င်းတို့သည် နောင်တစ်ချိန်အနာဂတ်မြန်မာနိုင်ငံ၌ အမျိုးဘာသာ သာသနာနှင့်ယဉ်ကျေးမှု အမွေအနှစ်များ မပျောက်ရေးအတွက် အလေးထား ထိန်းသိမ်းလာနိုင်မှာလည်း ဖြစ်ပေသည်။

သို့ပါ၍ နိုင်ငံနှင့်အမျိုးဘာသာ သာသနာအတွက် အားထားရသည့် ဘ/က ကျောင်းများ၏ အဆင့်တိုးမြှင့် လျှောက်ထားမှုကို အလေးထားပြီး သတ်မှတ်အရည်အချင်းပြည့်မီပါက အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် တိုးမြှင့် ပေးသင့်နေပြီ ဖြစ်ကြောင်း တင်ပြအပ်ပါသည်။


ပြည်နယ်နှင့်တိုင်းအလိုက်ကျောင်းများရှိသင့်

ပညာတတ်လူ့စွမ်းအား အရင်းအမြစ်များ မဆုံးရှုံးစေရေးအတွက် အလေးထား တောင်းဆိုလာသော ဘုန်းတော် ကြီးသင်ပညာရေးကျောင်းများ၏ တောင်းဆိုမှုသည် သင့်လျော်မှန်ကန်သည်ဟုယူဆမိပါသည်။ နိုင်ငံတော်ကလည်း ဥပဒေနှင့်အညီ ဆောင်ရွက်ပေးခွင့်ရှိသည့်အတွက် ဥပဒေ လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ပေးမည်ဆိုပါက တိုင်းရင်း သားများ၊ မရှိနွမ်းပါးကလေးများ၏ #ပညာတတ်လူ့စွမ်းအားအရင်းအမြစ်မဆုံးစေရေးကို ကာကွယ်စောင့်ရှောက်ပေးရာလည်းရောက်ပါသည်။

ထိုသို့ တိုးမြှင့်ပေးရာတွင် နေရာတိုင်းပေးရမည်ကို မဆိုလို၊ ပေးသင့်ပေးထိုက်သော နေရာ မြို့နယ်များကိုမူ သတ်မှတ် အရည်အချင်းပြည့်မီက ထိုအရည်အချင်းမီကျောင်းများကို ဦးစားပေး ရွေးချယ် ချပေးသင့်လှသည်။ အနည်းဆုံးတော့ ခရိုင်တစ်ခုလျင်တစ်ကျောင်းစီချပေးနိုင်လျင်ပင်အတော်ကာကွယ်စောင့်ရှောက်ပေးပြီးသားဖြစ်တော့သည်။

အထက်တန်းအဆင့်ကျောင်းများကိုမူ ခရိုင်အဆင့်လောက် တစ်ကျောင်းစီမပေးနိုင်ပါကလည်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ပြည်နယ်တစ်ခုအတွက်တစ်ကျောင်း၊ #တိုင်းဒေသကြီးတစ်ခုအတွက်တစ်ကျောင်းစီလောက်ခွင့်ပြုပေးနိုင်လျင်ပင် ဘ/က ကျောင်းတွေက တိုင်းရင်းသားများ၊ မရှိနွမ်းပါး ကလေးများ၊ မိဘမဲ့ ကလေးများအတွက် အားရ ကျေနပ်ဖွယ် ကောင်းနေမည် ဖြစ်သည်။

ဤသည်မှာလည်း နိုင်ငံတော်အစိုးရ၏ အမျိုးဘာသာ သာသနာနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ လူ့စွမ်းအား အရင်းအမြစ်များ ထိန်းသိမ်းစောင့်ရှောက်ခြင်းပေတည်း။


နိဂုံးချုပ်တိုက်တွန်းခြင်း

မြန်မာနိုင်ငံသည် ရှေးခေတ်အဆက်ဆက်မှ ယနေ့အချိန်အထိပင် ဗုဒ္ဓဘာသာထွန်းကားခဲ့သော နိုင်ငံဖြစ်ပြီး ဘုန်းတော်ကြီးကျောင်းတွေက အစပြုကာ လောကဓာတ်ကျောင်းဟုခေါ်သော ယနေ့ခေတ် အခြေခံပညာကျောင်း ဘာသာရပ်များအထိ တန်းတူဖွင့်လှစ်သင်ကြားပေးနေသည့် ဘုန်းတော်ကြီးသင်ပညာရေး (ဘ/က) ကျောင်းတွေကလည်း ခေတ်နှင့်အညီသင်ကြားမှုကအစ ပြောင်းလဲ၍ ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ကြလေသည်။

တိုင်းရင်းသားကလေးများ၊ စစ်ဘေးရှောင်နှင့်မိဘမဲ့ကလေးများ၊ မရှိနွမ်းပါးကလေးများ၏ အားကိုးအားထားပြုရာ ဆိုသည်မှာလည်း ဘုန်းတော်ကြီးများ ဖွင့်လှစ်သည့် ဘ/က ကျောင်းများပင်ဖြစ်သည်။ အခြေခံပညာရေးကို ပြီးဆုံးသည့် တိုင်အောင် သင်ကြားနိုင်ရေးအတွက် အလယ်တန်းအဆင့်၊ အထက်တန်းအဆင့်များ တိုးမြှင့်ပေးရန် လိုအပ်သည်မှာ အမှန်ပင်ဖြစ်သည်။ သို့မှသာ အဆိုပါကလေးများ၏ ပညာရေးက ဆုံးခန်းတိုင်ရောက်ရှိနိုင်မည်ဖြစ်သည်။

အဆင့်များ တိုးမြှင့်ပေးရေးဆောင်ရွက်ရာတွင် ဥပဒေနှင့်မဆန့်ကျင်သည့်အတွက် ပေးလို့ရနိုင်သည့် အနေအထား များကိုလည်း ဤဆောင်းပါးရှေ့ပိုင်း၌ တင်ပြထားသော ဥပဒေ၊ ပုဒ်မ၊ ပုဒ်မခွဲတို့ကို သေချာဖတ်ကြည့်လျင် သိနိုင်မည် ဖြစ်သည်။

ထို့ကြောင့် တိုင်းရင်းသားလူမျိုးကလေးများ၊ စစ်ဘေးရှောင်နှင့်မိဘမဲ့ကလေးများ၊ မရှိနွမ်းပါးကလေးများ၏ ပညာတတ်လူ့စွမ်းအားအရင်းအမြစ်များမဆုံးရှုံးစေရေးကို အလေးအနက်ထားသောအားဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများ (နိုင်ငံ တော်အစိုးရ)က ဆောင်ရွက်ပေးသင့်ပါကြောင်းနှင့် နိုင်ငံနှင့်အမျိုးဘာသာ သာသနာ၊ အမျိုးသားရေးစရိုက် လက္ခဏာများကို တန်ဖိုးထားသောအားဖြင့် အဆင့်တိုးမြှင့်ခွင့်ပြုပေးနိုင်ပါရန် အကြံပြုတင်ပြအပ်ပါသည်။


မေတ္တာဖြင့်-

ဒေါက်တာအရှင်သောပါက (ဇေတဝန်)

၃၀-၈-၂၀၂၂


(ဓာတ်ပုံ - ၁၈-၆-၂၀၂၆ ရက်နေ့က ဒေါက်တာသောပါက နှင့် မြနန်းဆရာတော် ဦးဆောင်သော ငလျင်ဘေးကူညီရေးအဖွဲ့နှင့် ဧရာဝတီတိုင်းဒေသကြီး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ စစ်ကိုင်းတောင်ခြေ ဘကကျောင်းများအား ဆွမ်းဆန်တော်နှင့် စာရေးကိရိယာများ ထောက်ပံ့လှူဒါန်းပွဲ မှတ်တမ်းပုံရိပ်များ ဖြစ်ပါတယ်)


#MNP #News


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)