အဆင့်တိုးမြှင့်ပေးသင့်နေပြီဖြစ်သော ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ အပိုင်း (၂) - Myanmar National Post

Myanmar National Post

News Agency

Breaking

အဆင့်တိုးမြှင့်ပေးသင့်နေပြီဖြစ်သော ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ အပိုင်း (၂)







အဆင့်တိုးမြှင့်ခွင့်မရ၍ အခက်အခဲများနှင့်ရင်ဆိုင်နေရသော ဘကကျောင်းများ

လက်ရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသည် မူလတန်းအဆင့် မူလွန်အဆင့်လောက်သာ များပြား လျက်ရှိပြီး အလယ်တန်းအဆင့်၊ အထက်တန်းအဆင့်ဆိုသည်မှာ အလွန်နည်းပါးကြောင်း တွေ့ရသည်။ မူလတန်းအဆင့် ပြီးမြောက်သွားသော ကလေးများအတွက် အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် တက်စရာ ကျောင်းမရှိသည့်အတွက် ခက်ခဲလျက်ရှိသည်ကို တွေ့ရသည်။ အစိုးရကျောင်းများသို့ ပြောင်းရွေ့တက်ရောက်ရန်လည်း နေထိုင်မှုနှင့် ငွေကြေး စသော အခက်အခဲများနှင့်လည်း ရင်ဆိုင်ကြရပြန်သည်။

ထိုအခက်အခဲများကိုဖြေရှင်းပေးနိုင်ရန်အကောင်းဆုံးသောနည်းလမ်းမှာ စွမ်းနိုင်သည့်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကိုအလယ်တန်းအဆင့်၊ အထက်တန်းအဆင့်တိုးမြှင့်ပေးခြင်းပင်ဖြစ်သည်။ ထိုအတွက် ဘ/က ကျောင်းများက အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် တိုးမြှင့်ပေးရေးကို လျှောက်ထား တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

သို့သော်လည်း ပယ်ချခံခဲ့ရသည်ချည်းပင်ဖြစ်ကြောင်း စိတ်မကောင်းစွာ သိခဲ့ရပြန်ပါသည်။

အဘယ့်ကြောင့် တိုးမြှင့် မပေးပါသည်နည်း၊ ဥပဒေ မရှိ၍ မပေးခြင်းလော၊ မပေးချင်လို့ မပေးခြင်းလော စသည့် စဉ်းစားစရာများ ရှိလာခြင်းကြောင့် ပညာရေးဆိုင်ရာ ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကို လေ့လာရင်းဖြင့် ဤစာစုကို ရေးသားလိုက်ရခြင်းပင် ဖြစ်သည်။


အစိုးရအသိအမှတ်ပြုခံ ဘ/က ကျောင်း

ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘ/က)များသည် နိုင်ငံတော်အစိုးရ ပညာရေးဝန်ကြီးဌာနက အသိ အမှတ်ပြု၍ ခွင့်ပြုထားသော ကျောင်းအမျိုးအစားဖြစ်သည်ကို ( ၂၀၁၄ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်တွင် ပြဋ္ဌာန်းသော ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် ၄၁) “အမျိုးသားပညာရေးဥပဒေ” အရသိရသည်။

အဆိုပါ အမျိုးသားပညာရေးဥပဒေ အခန်း (၆) ပုဒ်မ ၃၄၊ ပုဒ်မခွဲ (င) ကျောင်းအမျိုးအစားများကို ဖော်ပြရာ၌ “ဘုန်းတော်ကြိးသင်ပညာရေးကျောင်းများ” ဟု ပြဋ္ဌားန်ထားသည်ကို တွေ့ရ၏။

ပုဒ်မ ၃၄။ အပြည့်အစုံမှာ- “ ကျောင်းအမျိုးအစားများကို အောက်ပါအတိုင်း သတ်မှတ်သည်။

(က) အစိုးရကျောင်းများ၊

(ခ) အစိုးရအထောက်အပံ့ခံကျောင်းများ၊

(ဂ) ဒေသန္တရအဖွဲ့အစည်းပိုင်ကျောင်းများ၊

(ဃ) ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများ၊

(င) ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊

(စ) ပရဟိတကျောင်းများ၊

(ဆ)အထူးပညာရေးအစီအစဉ်ကျောင်းများ၊

(ဇ) ရွေ့လျားနှင့်အရေးပေါ်ကျောင်းများ၊

(ဈ) ဝန်ကြီးဌာန သို့မဟုတ် သက်ဆိုင်ရာဝန်ကြီးဌာနက အခါအားလျော်စွာ သတ်မှတ်သည့် ကျောင်းများ။”

ထို့အပြင် အခြေခံပညာဥပဒေ အခန်း (၄)၊ ပုဒ်မ (၇)၊ ပုဒ်မခွဲ (င) အခြေခံပညာရေး အဆင့်နှင့်အတန်းများ ပါရှိသော ကျောင်း အမျိုးအစား သတ်မှတ်မှုတွင်လည်း “ (င) #ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ”ဟု သတ်မှတ် အတည်ပြု ပြဋ္ဌာန်းပေးထားသည်ကို တွေ့ရပြန်သည်။


ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဆိုသည်မှာ

(၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက် တွင် ပြဋ္ဌာန်းသော ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၃၄) အခြေခံပညာရေးဥပဒေ အခန်း (၁)၊ ပုဒ်မ ၂၊ ပုဒ်မခွဲ (ဏ)၌ “ဘုန်းတော်ကြီးသင်ပညာရေးကျောင်း”ကို အောက်ပါအတိုင်း ဖွင့်ဆိုထားသည်ကို တွေ့ရ၏။ “ (ဏ) ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဆိုသည်မှာဘုန်းတော်ကြီးသင်ကြီးကြပ်ရေးဗဟိုအဖွဲ့၏ သဘောတူညီချက်အရဝန်ကြီးဌာနက သတ်မှတ်ထားသည့် အခြေခံပညာရေးအဆင့်တိုင်းအတွက်သတ်မှတ်ထားသော သင်ရိုးညွှန်းတမ်းများနှင့်အညီသင်ကြားပေးရန်ဘုန်းတော်ကြီးများ၊ သီလရှင်များကတည်ထောင်ဖွင့်လှစ်ထားသည့်ကျောင်းကိုဆိုသည်။”

ဤဥပဒေ ပုဒ်မတို့ဖြင့် ဘ/က ကျောင်းများသည် လွှတ်တော်က အတည်ပြုထားသော အခြေခံပညာရေးဥပဒေဖြင့် အသိအမှတ်ပြုခြင်းခံရသော ကျောင်းဖြစ်သည်ကို သိနိုင်လေသည်။

ဆိုလိုသည်မှာ အခြေခံပညာရေးဥပဒေနှင့်အညီ ဖွင့်ထားသော ကျောင်းဖြစ်သည်ကို ဆိုလိုခြင်းဖြစ်သည်။

(အခြေခံပညာအစိုးရကျောင်းများနှင့် ဘ/ကကျောင်းများ သည် အတူတူပင် ဖြစ်၏။)

အစိုးရပညာသင်ကျောင်းနှင့် ဘ/က ကျောင်းတို့ ပညာသင်နှစ်တူညီကြခြင်း

ယခုစနစ်သစ်ပညာရေးစနစ်ဖွဲ့စည်းပုံအရ အခြေခံပညာရေးကို ပညာသင်နှစ်ပေါင်း ၁၂ နှစ်ဖြင့် သတ်မှတ်ထားသည်ကို တွေ့ရ၏။

ထို ၁၂ နှစ်ကိုပင် မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် အားဖြင့် သုံးပိုင်း ခွဲခြားထားခြင်း ဖြစ်သည်။ အောက်ပါဥပဒေကို ကြည့်လျှင် သိနိုင်၏။

အခြေခံပညာရေးဥပဒေ အခန်း (၄)၊ ပုဒ်မ (၅)၊ ပုဒ်မခွဲ (က)၌ “အခြေခံပညာရေးကို သူငယ်တန်း ပညာရေး ပြီးသည့်နောက် ပညာသင်နှစ်စုစုပေါင်း ကာလ (၁၂)နှစ်ကို ဦးတည် ဆောင်ရွက်ရမည်။”

(ခ) ပုဒ်မခွဲ (က)အရ ဆောင်ရွက်သော အခြေခံပညာရေး၏ အဆင့်များနှင့်အတန်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။

(၁) ပထမတန်းမှပဉ္စမတန်းအထိ မူလတန်းအဆင့်ပညာရေး။

(၂) ဆဋ္ဌမတန်းမှ နဝမတန်းအထိ အလယ်တန်းအဆင့်ပညာရေး။

(၃) ဒသမတန်း၊ ဧကာဒသမတန်း၊ ဒွါဒသမတန်းတို့ပါဝင်သည့် အထက်တန်းအဆင့်ပညာရေး။

ထိုအခြေခံပညာရေးဥပဒေ ပုဒ်မများကို ကြည့်မည်ဆိုလျှင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသည် အဆိုပါ ဥပဒေ၌ အကျုံးဝင်းပြီးဖြစ်ခြင်းကြောင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကလည်း ၁၂ နှစ် (၁၂တန်း) ပြီးဆုံး အောင် သင်ကြားပေးရမည်ဆိုသည်ကို တွေ့နိုင်ပါသည်။ သို့သော် မူလတန်းအဆင့်၊ မူလွန်အဆင့်လောက်မှာသာ ထားရှိပြီး အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် တိုးမြှင့်ခြင်းကို #အဘယ့်ကြောင့်တိုးမြှင့်မပေးသနည်းဆိုသည်မှာစဉ်းစားစရာပင်ဖြစ်ခဲ့ရလေသည်။


ခိုင်လုံမှုမရှိသောအကြောင်းပြချက်များဖြင့်ပယ်ချခံရခြင်း

“သင်ကြားမှုညံ့ဖျင်းလို့၊ ဆရာ ဆရာမ အင်အားမပြည့်စုံလို့” စသည့် အကြောင်းပြချက်များကလည်း ခိုင်လုံသောအကြောင်းပြချက်မဟုတ်သည့်အပြင်ဥပဒေအထက်ကိုပင်ကျော်လွန်နေကြောင်းတွေ့ရသည်။ ဥပဒေနှင့်အညီ ပေးခွင့် ရှိသော်လည်း မဆိုင်သည့်အကြောင်းပြချက် ခိုင်မာမှုမရှိသော စွတ်စွဲပြောဆိုချက်တို့ကို အကြောင်းပြပြီး နှုတ်မိန့်လောက် ဖြင့် ပယ်ချခြင်း၊ လျောက်ထားမှုကို အကြောင်းမပြန်ခေါက်ထားခြင်းတို့သည် ဥပဒေကို ချိုးဖောက်ခြင်းပင်မဟုတ်ပါလော။

သတ်မှတ်အရည်အချင်းပြည့်မီပါက ဥပဒေနှင့်အညီ ပေးကို ပေးရမည်ဖြစ်သည်။ မပေးပါက ဥပဒေကြောင်း ခိုင်လုံ စွာဖြင့် အထက်သို့အဆင့်ဆင့်ရောက်အောင် တင်ပြကာ တောင်းဆိုကြရမည်ဖြစ်သည်။ (တောင်းဆိုဖို့လိုအပ်သည်)

ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအများစုတွင် တိုင်းရင်းသားကလေးများ၊ စစ်ဘေးရှောင်နှင့်မိဘမဲ့ကလေးများ၊ ဆင်းရဲနွမ်းပါးကလေးများသာ အများစုတက်ရောက်နေကြခြင်းဖြစ်ခြင်းကြောင့် ကျောင်းသား ကျောင်းသူလေးများသည် အစစအရာရာအဆင်မပြေကြသကဲ့သို့ ဉာဏ်ရည်ဉာဏ်သွေးကအစ နိမ့်ပါးတတ်ကြပါသည်။ ဘုန်းတော်ကြီးများက နေထိုင်စားသောက်မှု၊ စာရိတ္တကောင်းမွန်မှုကစပြီး ပညာရေးအတွက် ကြိုးစားစောင့်ရှောက်ပေးကြရပါသည်။ အထက်ပါ အားနည်းချက်ကို ဖိနင်းကာ “ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေက ညံ့တယ်၊ အဆင့်မမီဘူး” စသည်ဖြင့် ဝေဖန် နေကြသည်ကိုလည်း တွေ့ရသည်။

ထိုစကားသည် အထိုက်အလျောက်မှန်သော်လည်း အခြေခံပညာ (အစိုးရ)ကျောင်းတွေထက်သာလွန်တဲ့ ဘုန်း တော်ကြီးသင်ပညာရေးကျောင်းတွေလည်း လက်တွေ့အားဖြင့် မြေပြင်မှာ များစွာရှိကြောင်း တွေ့ရပါသည်။ အညံပိုင်းကို ကြည့်လျှင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအောက် ညံ့သော အစိုးရကျောင်းတွေ များစွာရှိနေသေးသည်ကို လည်း သတိပြုမိဖို့လိုပါသည်။ သတ်မှတ်အရည်အချင်းမပြည့်စုံက မပေးဘဲအရည်အချင်းပြည့်မီသောကျောင်းများကိုမူတိုးမြှင့်ခွင့်ပေးလျင်ပင် လုံလောက်ပါပြီ။ ဥပဒေနှင့်အညီဆောင်ရွက်ပေးမှုလည်း ဖြစ်ပေသည်။


(ဆက်လက်ဖော်ပြပါမည်)

ဒေါက်တာသောပါက


(ဓာတ်ပုံ - ၁၈-၆-၂၀၂၆ ရက်နေ့က ဒေါက်တာသောပါက နှင့် မြနန်းဆရာတော် ဦးဆောင်သော ငလျင်ဘေးကူညီရေးအဖွဲ့နှင့် ဧရာဝတီတိုင်းဒေသကြီး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ စစ်ကိုင်းတောင်ခြေ ဘကကျောင်းများအား ဆွမ်းဆန်တော်နှင့် စာရေးကိရိယာများ ထောက်ပံ့လှူဒါန်းပွဲ မှတ်တမ်းပုံရိပ်များ ဖြစ်ပါတယ်)


#MNP #News


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)