အရိယာမဏ္ဌိုင်တောရရိပ်သာဦးသူရိယရဲ့ အမှားများကို ဓမ္မဒေသနာများဖြင့် ခွဲခြမ်းစိတ်ဖြာပြခြင်း (အပိုင်း- ၂) - Myanmar National Post

Myanmar National Post

News Agency

Breaking

အရိယာမဏ္ဌိုင်တောရရိပ်သာဦးသူရိယရဲ့ အမှားများကို ဓမ္မဒေသနာများဖြင့် ခွဲခြမ်းစိတ်ဖြာပြခြင်း (အပိုင်း- ၂)





ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် အမြန်လမ်း ၁၆ မိုင်၊ ၅ ဖာလုံအနီးမှာ တည်ရှိတဲ့ အရိယာမဏ္ဍိုင်တောရရိပ် သာ တည်ထာင်သူ ကျောင်းပိုင် ကျောင်းထိုင် ဦးသူရိယက ပါချုပ်ဆရာတော်ကြီးလို့ ထင်ရှားကျော်ကြားတော်မူတဲ့ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တနန္ဒမာလာ ဘိဝံသထံ  သွားရောက်ပြီး တရားလျှောက်ထားမေးမြန်း ဆွေးနွေးခြင်းဆိုတဲ့ ရုပ်သံဖိုင်တစ်ဖိုင် ရောက်ရှိပျံ့လာခဲ့ ပါတယ်။ 

၁။ အရှင်ဘုရား ဟောတဲ့တရားဆို ဘယ်နေရာမှာ တပည့် တော်အတွက် တရားကျင့်စဉ်မှာ တပည့်တော် အကျိုးကြီး လဲလို့ (ဆင်ခြင်တယ်။)

၂။ ပြီးတော့ ပဋိစ္စသမုပ္ပာဒ် ဆင်ခြင်တော့ တပည့်တော်က ဝေဒနာ (၃)မျိုးပေါ့။ ဝေဒနာနဲ့ တဏှာ ကြားမှာ ဖြစ်တယ် ဆိုပြီးတော့ မိုးကုတ်ဆရာတော်ကြီးက ဟောထားတာ ရှိတယ်။ 

၃။ အဲဒါဆို ဝေဒနာဆိုတာ ဘာကို ပြောတာလဲ။ ဝေဒနာ ဘယ်နှမျိုးရှိလဲပေါ့။ အကျဉ်းချုပ် လိုက်ရင်တော့ ဒုက္ခဝေဒနာ သုခဝေဒနာ ဥပေက္ခာဝေဒနာ ဝေဒနာ ၃ မျိုးပေါ့။ အဲဒီဝေဒနာကိုလည်း ဆင်ခြင်တယ်။ 

အရိယာမဏ္ဍိုင်တာရရိပ်သာဦးသူရိယရဲ့ အမှားများကို ဓမ္မဒေသနာများဖြင့် ခွဲခြမ်းစိတ်ဖြာပြခြင်း (အပိုင်း- ၁)မှာ

အထက်ပါ စကားစုကလေး ၃ စုနဲ့ ပတ်သက်လို့ သိသင့် သိထိုက်တဲ့ ပဋိစ္စသမုပ္ပါဒ်ဒေသနာဆိုင်ရာများကို တင်ပြပေး ခဲ့ရပါတယ်။ အဲဒီမှာတော့ ဦးသူရိယရဲ့ အမှားများ မပါသေး ပါဘူး။ 

ဦးသူရိယက ပါချုပ်ဆရာတော်ကြီးရဲ့ တရားများထဲက တရားကျင့်စဉ်မှာ အကျိုးကြီးမယ့် ဟောကြားချက်တွေကို ဆင်ခြင်ပါကြောင်း၊ ဝေဒနာ ၃ မျိုးကို ဆင်ခြင်ပါကြောင်း ပြောထားပါတယ်။ ဘယ်ပုံဘယ်နည်း ဆင်ခြင်တာလဲဆို တာနဲ့ ပတ်သက်လို့ သူ့ရဲ့ ဆင်ခြင်ပုံဆင်ခြင်နည်းကို အောက်ပါအတိုင်း ပြောထားပါတယ်။

ဦးသူရိယ

ဆင်ခြင်တော့ သုခဝေဒနာက ချမ်းသာတယ် ဟုတ်ပြီ ချမ်းသာတာတော့ လိုချင်တာတော့ လူတိုင်း လိုချင်တယ် ဒါတော့ တဏှာဖြစ်တာ လက်သင့်ခံတယ် ဒါပေမဲ့ တပည့်တော် စဉ်းစားတယ် ဒုက္ခဝေဒနာက ဘာလို့ တဏှာဖြစ်တာ လဲဆိုတော့ ဒုက္ခက ဆင်းရဲတယ်လေ ဘာလို့ တဏှာဖြစ်ရ တာလဲ ဒီဟာကလည်း ဒီအကြောင်းတရားကို တပည့်တော် ဆင်ခြင်တယ် 


ဝေဖန်ချက်

အထက်ပါ ဦးသူရိယရဲ့ ဆင်ခြင်ပုံက ဘုရားဟောထားတဲ့ အနုလုံ ပဋိစ္စသမုပ္ပါဒ်ကို လက်မခံနိုင်ကြောင်း သို့မဟုတ် သူ နားမလည်ပါကြောင်း ဖြစ်နေတာ အံ့သြစရာကောင်းပါတယ်။ ဝေဒနာပစ္စယာ တဏှာ-ဆိုတဲ့ ဒေသနာပိုင်းမှာ သုခဝေဒနာကြောင့် တဏှာ ဖြစ်တာကို လက်ခံပါတယ်တဲ့။ ဒုက္ခဝေဒနာကြောင့် တဏှာ ဖြစ်တာကိုတော့ လက်မခံပါ ဘူးတဲ့။ အမှန်က သုခဝေဒနာဖြစ်ဖြစ် ဒုက္ခဝေဒနာဖြစ်ဖြစ် ဥပေက္ခာဝေဒနာဖြစ်ဖြစ် ဝေဒနာမှန်သမျှဟာ ဒုက္ခသစ္စာတရား ဖြစ်တဲ့အတွက် ပိုင်းခြားသိရမယ့်တရား ဖြစ်ပါတယ်။ မဟာသတိပဋ္ဌာနသုတ်လာ ဝေဒနာနုပဿနာ သတိပဋ္ဌာန် ကျင့်ကြံပွားများ အားထုတ်နေရင် တဏှာ မဖြစ်ပါဘူး။  ဝေဒနာနုပဿနာ သတိပဋ္ဌာန် ကျင့်ကြံပွား များ အားထုတ်ခြင်း မရှိရင် တဏှာ ဖြစ်မယ်။ 

သုခဝေဒနာက ချမ်းသာတယ်။ လူတွေက သုခဝေဒနာကို လိုချင်တယ်။ ဒါကို ကြည့်ပြီး သုခဝေဒနာကြောင့် တဏှာ ဖြစ်တာကို လက်ခံပါတယ်တဲ့။ ဒုက္ခဝေဒနာက ဆင်းရဲတယ်။ ဒုက္ခဝေဒနာကို ဘယ်သူကမှ မလိုချင်ဘူး။ ဒါကို ကြည့်ပြီး ဒုက္ခဝေဒနာကြောင့် တဏှာဖြစ်တာကို လက်မခံဘူးတဲ့။ 

ဘုရားရှင်က ဒုက္ခဝေဒနာဟူသော အကြောင်းတရား၏ ထင်ရှားစွာ ရှိနေခြင်းကြောင့် တဏှာ ဖြစ်ပေါ်လာ၏ လို့ ဟောပါတယ်။ သဘာဝဓမ္မအရှင်သူရိယလို့ အမည်ခံထား သူ ဦးသူရိယက ဒုက္ခဝေဒနာကြောင့် တဏှာမဖြစ်ဘူးလို့ ပြောထားပါတယ်။ 

ဘုရားရှင်ရဲ့တရားတော်က ဒုက္ခသစ္စာ ဖြစ်တဲ့ ဝေဒနာကို ဝါ ဒုက္ခဝေဒနာကို အရဟတ္တမဂ်ဉာဏ်ဖြင့် ပိုင်းခြားပြီး မသိခြင်း၊ တဏှာကို ဝါ ရူပတဏှာ သဒ္ဒ တဏှာ ဂန္ဓတဏှာ ရသတဏှာ ဖောဋ္ဌဗ္ဗတဏှာ ဓမ္မတဏှာ ကို ဝါ ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာကို  အရဟတ္တမဂ်ဉာဏ်ဖြင့် အမြစ်ပြတ် မပယ်သတ်ရသေးခြင်းတို့ကြောင့် တဏှာဖြစ် ပေါ်လာပုံကို ဟောထားတာ ဖြစ်ပါတယ်။ 

ဦးသူရိယကတော့ လတ်တလော အာရုံထင်ခိုက် ဝေဒနာ ဖြစ်ခိုက် တဏှာဖြစ်ခိုက် အခိုက်အတန့်ကလေး တစ်ခု အတွင်း သုခဝေဒနာကြောင့် တဏှာဖြစ်ပေါ်လာပုံ ဒုက္ခဝေ ဒနာကြောင့် တဏှာမဖြစ်နိုင်ပုံ ဥပေက္ခဝေဒနာကြောင့် တဏှာမဖြစ်နိုင်ပုံကို ပြောထားတာ ဖြစ်ပါတယ်။

ဒုက္ခဝေဒနာကြောင့် တဏှာဖြစ်ပုံကို ဒုက္ခီ သုခံ ပတ္ထယတိ- လို့ ဖွင့်ပြထားပါတယ်၊ ဒုက္ခဝေဒနာ ခံစားနေရသူဟာ သုခ ဝေဒနာကို တောင့်တနေတယ်။ အဲသလို သုခဝေဒနာကို ရပါရစေလို့ တောင့်တနေတာဟာ တဏှာ ဖြစ်ပါတယ်။ ဒါကို ကြည့်ပြီး ဘုရားရှင်က ဒုက္ခဝေဒနာဟူသော အကြောင်းတရား၏ ထင်ရှားစွာ ရှိနေခြင်းကြောင့် တဏှာ ဖြစ်ပေါ်လာ၏လို့ ဟောထားတာ ဖြစ်ပါတယ်။

သုခဝေဒနာကြောင့် တဏှာဖြစ်ပုံကတော့ သုခဝေဒနာ ခံစားနေသူဟာ ဒီသုခဝေဒနာထက် ပိုချမ်းသာတဲ့ သုခဝေ ဒနာကို တောင့်တနေတယ်။ အဲသလို ပိုချမ်းသာတဲ့ သုခ ဝေဒနာကို ရပါရစေလို့ တောင့်တနေတာဟာ တဏှာ ဖြစ် ပါတယ်။ အဲဒါကို ကြည့်ပြီး ဘုရားရှင်က သုခဝေဒနာဟူသော အကြောင်းတရား၏ ထင်ရှားစွာ ရှိနေခြင်းကြောင့် တဏှာ ဖြစ်ပေါ်လာ၏လို့ ဟောထားတာ ဖြစ်ပါတယ်။

ဥပေက္ခဝေဒနာကြောင့် တဏှာဖြစ်ပုံကတော့ ဥပေက္ခာဝေဒနာဟာ အလွန်ငြိမ်သက်တယ်လို့ သိပြီးတော့ အလွန်ငြိမ် သက်တဲ့ ဥပေက္ခာဝေဒနာကို ရပါရစေလို့ တောင့်တတယ်။ အဲသလို အလွန်ငြိမ်သက်တဲ့ ဥပေက္ခာဝေဒနာကို ရပါရစေ လို့ တောင့်တနေတာဟာ တဏှာ ဖြစ်ပါတယ်။ အဲဒါကို ကြည့်ပြီး ဘုရားရှင်က ဥပေက္ခာဝေဒနာဟူသော အကြောင်း တရား၏ ထင်ရှားစွာ ရှိနေခြင်းကြောင့် တဏှာ ဖြစ်ပေါ်လာ၏လို့ ဟောထားတာ ဖြစ်ပါတယ်။ (အဘိ၊ ဌ၊ ၂၊ ၁၇၁၊)

ဘုရားရှင်ရဲ့ ဟောကြားချက်နဲ့ ဦးသူရိယရဲ့ ပြောဆိုချက် လုံးဝကွဲလွဲနေပါတယ်။ ဒုက္ခဝေဒနာကြောင့် တဏှာဖြစ်တာ ကို လက်မခံဘူး (ဥပေက္ခာဝေဒနာကြောင့် တဏှာဖြစ်တာ ကို လက်မခံဘူး) တစ်နည်းအားဖြင့် ဒုက္ခဝေဒနာကြောင့် တဏှာ မဖြစ်ဘူး (ဥပေက္ခာဝေဒနာကြောင့် တဏှာ မဖြစ် ဘူး)လို့ ပြောထားသူ ဦးသူရိယရဲ့ ပြောဆိုချက်ဟာ မှား နေပါတယ်။ ဦးသူရိယရဲ့ အမှား ဖြစ်ပါတယ်။ 

ဦးသူရိယ 

ဒုက္ခကို မလိုချင်ဘူးဆိုတဲ့ဟာလည်း မလိုချင်တဲ့ဟာပေါ် မှာလည်း သုခကို လိုချင်တဲ့ဟာကြောင့်မို့လို့လည်း လော ဘလို့ ခေါ်တယ် ဒုက္ခဝေဒနာကို မလိုချင်တဲ့အတွက် ပယ်တဲ့အတွက်လည်း ဒေါသကို တဏှာပဲ ဖြစ်နေတယ်။  ဒါပေမဲ့ တပည့်တော် သုတ္တန်နည်းနဲ့ ရှင်းရင်ရော လောဘ ဒေါသကို တဏှာလို့လည်း ခေါ်တယ်။


ဝေဖန်ချက် 

အထက်ပါ စကားစုက ဦးသူရိယရဲ့ စကားစု ဖြစ်ပါတယ်။ 

ဒုက္ခဝေဒနာကို မလိုချင်တာဟာ ဒုက္ခဝေဒနာကို ပယ်တာ ပဲလို့ ကောက်ယူထားကြောင်း တွေ့ရပါတယ်။ ဘုရားရှင်ရဲ့ ပိဋကသုံးပုံလာ တရားတော်များအရ ပယ်ခြင်း ၃ မျိုး ရှိပါတယ်။ 

ကာမာဝစရကုသိုလ်များရဲ့ ပယ်ခြင်းကို တဒင်္ဂပဟာန်လို့ ခေါ်ပါတယ်။ ဒါန သီလ အစရှိတဲ့ ပုညကိရိယဝတ္ထု ကောင်းမှုတွေ ပြုလုပ်တဲ့အခါမှာ ကာမာဝစရကုသိုလ်စိတ် ဖြစ်ပါတယ်။ ဆိုင်ရာဆိုင်ရာ လောဘ ဒေါသ အစရှိတဲ့ ကိလေသာတွေ အကုသိုလ်တွေကို ပယ်ပါတယ်။ 

ပုဗ္ဗဘာဂမဂ်လို့ ခေါ်ရတဲ့ ဝိပဿနာဉာဏ်ပါတဲ့ ကုသိုလ် စိတ်အစဉ်တွေဟာလည်း ကာမာဝစရကုသိုလ်စိတ်တွေပဲ ဖြစ်ပါတယ်။ တဒင်္ဂပဟာန်ဖြင့် ဆိုင်ရာကိလေသာတွေကို ပယ်နိုင်ပါတယ်။ 

သမထကမ္မဋ္ဌာန်းနည်းအရ ကျင့်ကြံပွားများ အားထုတ်ရာမှာ ပရိကမ္မဘာဝနာအဆင့် ဥပစာရဘာဝနာအဆင့် သမာဓိပါ တဲ့ ဖြစ်ဖြစ်သမျှ ကုသိုလ်စိတ်အစဉ်တွေဟာလည်း ကာမာ ဝစရကုသိုလ်စိတ်တွေပဲ ဖြစ်ပါတယ်။ တဒင်္ဂပဟာန်ဖြင့် ဆိုင်ရာ နီဝရဏတွေ ကိလေသာတွေကို ပယ်နိုင်ပါတယ်။ တဒင်္ဂပဟာန်နဲ့ ပယ်တာဟာ နောင်အခါ ပြန်လည်ဖြစ်ပေါ် လာနိုင်ပါတယ်။ အကင်းအရှင်း ပျောက်ပျက်သွားတာ မဟုတ်ပါဘူး။ 

သမထကမ္မဋ္ဌာန်းနည်းအရ ကျင့်ကြံပွားများ အားထုတ်ရာမှာ အောင်မြင်လို့ ပြီးမြောက်လို့ သက်ဆိုင်ရာ ရူပါဝစရဈာန် စိတ် အရူပါဝစရဈာန်စိတ် ဖြစ်ပြီ၊ အဲဒီဈာန်ဝင်စားချိန်မှာ ဈာန်စိတ်တွေ ဖြစ်ပြီ ဆိုရင့်တော့ ဝိက္ခမ္ဘနပဟာန်လို့ ခေါ်ပါ တယ်။ ပရိကမ္မဘာဝနာအဆင့် ဥပစာရဘာဝနာအဆင့် တုန်းက ပယ်ပြီးလို့ ကျန်နေတဲ့ နီဝရဏတွေကို အချိန်ကြာကြာ ပယ်နိုင်ပါတယ်။ ဝိက္ခမ္ဘနပဟာန်နဲ့ ပယ်တာဟာ နောင်အခါ ပြန်လည်ဖြစ်ပေါ်လာနိုင်ပါတယ်။ အကင်းအရှင်း ပျောက်ပျက်သွားတာ မဟုတ်ပါဘူး။ 

ဝိပဿနာကမ္မဋ္ဌာန်းနည်းအရ ကျင့်ကြံပွားများ အားထုတ်ရာမှာ အောင်မြင်လို့ ပြီးမြောက်လို့ သောတာပတ္တိမဂ်၊ သကဒါ ဂါမိမဂ်၊ အနာဂါမိမဂ်၊ အရဟတ္တမဂ် ရပြီဆိုရင်တော့ သမုစ္ဆေဒပဟာန်လို့ခေါ်ပါတယ်။ သက်ဆိုင်ရာ ကိလေသာ တွေကို အမြစ်ပြတ် အကြွင်းမဲ့ ပယ်သတ်ပါတယ်။ သမုစ္ဆေ ဒပဟာန်နဲ့ ပယ်တာဟာ နောင်အခါ ပြန်လည်ဖြစ်ပေါ်လာ နိုင်ခြင်းမရှိတော့ပါဘူး။ အကင်းအရှင်း ပျောက်ပျက်သွားပါတယ်။ 

အထက်မှာ သဘာဝဓမ္မအရှင်သူရိယ အမည်ခံထားတဲ့ ဦး သူရိယရဲ့"ဒုက္ခဝေဒနာကို မလိုချင်တဲ့အတွက် ပယ်တဲ့ အတွက်လည်း ဒေါသကို တဏှာပဲ ဖြစ်နေတယ်"လို့ ပြော ဆိုထားရာမှာ တဒင်္ဂပဟာန်လား ဝိက္ခမ္ဘနပဟာန်လား သမုစ္ဆေပဟာန်လား တိတိကျကျ သုံးသပ်ဖို့ လိုပါတယ်။ တကယ်တော့ ပယ်တယ်လို့ ပြောဆိုတဲ့ စကားလုံးအရ ပါးစပ်ပယ်နည်းနဲ့ ပါးစပ်ပဟာန်မျှသာ ဖြစ်ပါတယ်။ 

ဦးသူရိယက ဒေါသကို တဏှာပဲလို့ ယူထားကြောင်း၊ တပည့်တော် သုတ္တန်နည်းနဲ့ ရှင်းရင် လောဘ ဒေါသကို တဏှာလို့လည်း ခေါ်ကြောင်း ပြောထားပါတယ်။ သုတ္တန် နည်းနဲ့ရှင်းရှင်း အဘိဓမ္မာနည်းနဲ့ရှင်းရှင်း ဒေါသဟာ တဏှာ မဟုတ်ပါဘူး။ လောဘကသာ တဏှာ ဖြစ်ပါတယ်။ ဒုက္ခဝေဒနပစ္စယာ တဏှာ-မှာ တဏှာအရ ဒေါသ ကို ကောက်ယူနေတာ ဖြစ်ပါတယ်။ တဏှာက တဏှာပါ။ ဒေါသက ဒေါသပါ။ မတူပါဘူး။ 

ဒီနေရာမှာ တိတိကျကျ ပြောစရာရှိတာကတော့ ဒေါသကို တဏှာလို့ ပြောဆိုနေတဲ့ ပြောဆိုချက်တွေဟာ အမှားတွေ ဖြစ်ပါတယ်။ ဦးသူရိယရဲ့ အမှား ဖြစ်ပါတယ်လို့ တိတိ ကျကျ ပြောစရာရှိပါတယ်။ 


ဦးသူရိယ

မဟုတ်ဘူး။ တကယ်တော့ ဒေါသကို မလိုချင်ရင် ပယ်တာ ကို သင်္ခါရ။ အဘိဓမ္မာနည်းနဲ့ ရှင်းမှကို သေချာတာ။ ဒေါသ သည် မကြိုက်လို့ ပယ်ရင် သင်္ခါရမဟုတ်လို့ အဘိဓမ္မာ နည်းကျတော့ သင်္ခါရကို တဏှာလို့ ကောက်တာပေါ့။  တပည့်တော် သုတ္တန်းနည်းနဲ့ကျတော့


ဝေဖန်ချက်

ဦးသူရိယက တပည့်တော် သုတ္တန်းနည်းနဲ့ ဆိုရင် ဒေါသကို တဏှာလို့ ကောက်ရကြောင်း ပြောခဲ့ပြီး ယခု အဘိဓမ္မာ နည်းနဲ့ သင်္ခါရကို တဏှာလို့ ကောက်ရကြောင်း ပြောနေပါတယ်။ သင်္ခါရရဲ့ အနက်အဓိပ္ပါယ်ကို "မလိုချင်ရင် ပယ် တာကို သင်္ခါရလို့ ခေါ်ပါတယ်"လို့ ဖွင့်ဆိုပြထားပါတယ်။ 

ဒုက္ခဝေဒနာကြောင့် ဖြစ်လာတဲ့ ဒေါသကို တဏှာပါပဲလို့ ပြောတာလည်း ဦးသူရိယရဲ့ အမှား ဖြစ်ပါတယ်။ ဒေါသ  ပယ်တာကို သင်္ခါရလို့ ပြောတာလည်း ဦးသူရိယရဲ့ အမှား ဖြစ်ပါတယ်။ "မလိုချင်ရင် ပယ်တာကို သင်္ခါရလို့ ခေါ်ပါ တယ်"လို့ ပြောတာလည်း ဦးသူရိယရဲ့ အမှား ဖြစ်ပါတယ်။ 

သင်္ခါရရဲ့ အနက်အဓိပ္ပါယ်များမှာ အလွန်ကျယ်ဝန်းပါတယ်။ အခြေခံအနေနဲ့တော့ အဝိဇ္ဇာပစ္စယာ သင်္ခါရာ-မှာ သုံးနှုန်းထားတဲ့ သင်္ခါရဟာ အဝိဇ္ဇာမှ ထောက်ယူခိုက် အကျိုးတရားပြ သင်္ခါရ ဖြစ်ပါတယ်။ သင်္ခါရပစ္စယာ ဝိညာ ဏံ-မှာ သုံးနှုန်းထားတဲ့ သင်္ခါရဟာ ဝိညာဏ်မှ ထောက်ယူခိုက် အကြောင်းတရားပြ သင်္ခါရ ဖြစ်ပါတယ်။ 

အကျိုးတရားပြ သင်္ခါရဆိုရင် အကြောင်းတရားတို့သည် ပြုပြင်စီရင်အပ်သော အနက်ကြောင့် သင်္ခါရ မည်၏-လို့ အဓိပ္ပါယ်ယူရပါတယ်။ အကြောင်းတရားပြ သင်္ခါရဆိုရင် အကျိုးတရားတို့ ဖြစ်တည်လာအောင် ပြုပြင်စီရင်တတ်သော အနက်ကြောင့် သင်္ခါရ မည်၏-လို့ အဓိပ္ပါယ် ယူရပါတယ်။ 

သဗ္ဗေ သင်္ခါရာ အနိစ္စာ၊ ဝယဓမ္မာ သင်္ခါရာ-တို့မှာဆိုရင် အကျိုးတရားပြ သင်္ခါရ ဖြစ်ပါတယ်။ အကြောင်းတရား တို့သည် ပြုပြင်စီရင်အပ်သော အနက်ကြောင့် ဖြစ်တည် လာတဲ့ ရုပ်နာမ်အစုအဝေး၊ ခန္ဓာတွေကို ကောက်ယူရပါ တယ်။ 

ဦးသူရိယ ပြောတဲ့ သင်္ခါရကတော့ ဘာသင်္ခါရလဲ မသိပါဘူး။ ပယ်တယ်ဆိုတာကို ပြုလုပ်တာလို့ အဓိပ္ပါယ်ကောက် ယူပြီး သင်္ခါရလို့ ပြောနေတာ ဖြစ်ပါတယ်။ 

ပါချုပ်ဆရာတော်ကြီးရဲ့ မိန့်ကြားချက်များ

"အဲဒီနေရာမှ ရှင်းထားတာတော့ သုခဝေဒနာ ပစ္စယာ (တဏှာ၊) ဒုက္ခဝေဒနာ ပစ္စယာ-ကျတော့ သူက တဏှာ ဖြစ်တာမဟုတ်ဘူး-တိုက်ရိုက်က။ ဒုက္ခဝေဒနာဆိုရင် ဒေါသ။  ဒုက္ခဝေဒနာ ပစ္စယာ ဒေါသော။ ဒါပေမဲ့ ဒေါသ ဆိုတာ လူ့အကြိုက်မဟုတ်ဘူး။ အကြိုက်မဟုတ်တော့ ဒေါသဖြစ်တဲ့အခါမှာ အဲဒီဒေါသရဲ့ ချုပ်ငြိမ်းရာကို ရှာပြန်တဲ့အခါကျတော့ သူက တစ်ကွက်ကျော်လိုက်တော့ တဏှာပြန်ဖြစ်သွားပြန်ရော။ အဲဒါကြောင့်မို့လို့ အဲဒီမှာ---

ဦးသူရိယ

တပည့်တော် အဲလိုလည်း ဆင်ခြင်မိပါတယ်ဘုရား။ 

ပါချုပ်ဆရာတော်ကြီးရဲ့ မိန့်ကြားချက် အဆက်

ဝေဒနာနဲ့ ပတ်သတ်ပြီးတော့ ဝေဒနာ သံယုတ်ဆိုတာလေး 

တွေ ဖတ်ကြည့်လိုက်။ သံယုတ်ပါဠိတော်တွေထဲမှာလေ။ 

ဦးသူရိယ 

စာအုပ်လေးတွေ ရှိပါတယ်ဘုရား။ 

ပါချုပ်ဆရာတော်ကြီးရဲ့ မိန့်ကြားချက် အဆက်

ပဋိစ္စသမုပ္ပာဒ်ကို ပဋ္ဌာန်းနည်းနဲ့ လေ့လာသုံးသပ်ခြင်းဆိုတဲ့ စာအုပ်လေးလည်း ရှိတယ်၊ ခွေလည်းရှိတယ်။ သူက ဒုက္ခာ ယ ဝေဒနာယ ပဋိဃာနုသယော အနုသေတိ-ဒုက္ခဖြစ်ရင် တဏှာဖြစ်တာ မဟုတ်ဘူး။ ဒေါသဖြစ်တယ်။ ပဋိဃာ နုသယ ကိန်းတယ်ပေါ့။ ဒုက္ခဖြစ်လို့ရှိရင် လူတိုင်းလူတိုင်း မှာ ဒေါသဖြစ်တယ်ပေါ့။ 

ဦးသူရိယ 

မှန်ပါ။

ပါချုပ်ဆရာတော်ကြီးရဲ့ မိန့်ကြားချက် အဆက်

ဒေါသဆိုတဲ့အထဲမှာ ပြင်းထန်တဲ့ဒေါသ ရှိသလို ဆုပ်နစ်တဲ့ဒေါသလည်း ရှိတယ်။ ဒုက္ခကို မလိုချင်။ မုန်းမိတယ်။ ကြောက်ရွံ့တယ်။ အဲ့ဒီဒုက္ခဝေဒနာဆိုလို့ရှိရင် ပဋိဃာနုသယဆိုတဲ့ ဒေါသက ရင်ထည်းမှာ ကိန်းတာ။ ရင်ထဲမှာ ပဋိ ဃာနုသယဆိုတဲ့ ဒေါသ ဖြစ်လာတယ်။

ဦးသူရိယ

မှန်ပါ။ 

သုခါယ ဝေဒနာယ ကာမရာဂါနုသယော အနုသေတိ-  သုခဝေဒနာ ဖြစ်ရင် ကာမရာဂ ဖြစ်တယ်။ ဒါက ပုံမှန်ပဲ။ 

ပဋိစ္စသမုပ္ပဒ်ကျတော့ ဘာဖြစ်လို့ ဝေဒနာပစ္စယာ တဏှာ ဘက်ကို ဟာသလဲဆိုလို့ရှိရင် ဒုက္ခကို မပြောဘဲ ဒီဘက်ကို ဘာကြောင့်ပြောတုံးဆိုတော့ အဝိဇ္ဇာနဲ့ တဏှာက ဒီကိစ္စ သုံးပါးမှာ အဓိကနှစ်ခု။ အဲဒါကြောင့်မလို့ အဖြစ်များတာကို ကြည့်ပြီး မြတ်စွာဘုရားက ဝေဒနာထိအောင် ဟောပြီး တော့ ဝေဒနာမှာတင် ရပ်ထားပြီးတော့ ဝေဒနာ ပြီးလို့ရှိရင် နောက်က တဏှာက ဦးဆောင်တဲ့အပိုင်းကို ဆက်ဟောတယ်။ တိုက်ရိုက်တော့မဟုတ်ဘူး။ 

ဦးသူရိယ 

ဒါပေမဲ့ ဒါက တပည့်တော်ရဲ့ သုံးသပ်ချက်လေးပေါ့။ အဲဒီ တော့ ဒုက္ခဆိုရင် ဒုက္ခကို ဘယ်သူမှ မလိုချင်ဘူး။  ဒုက္ခကို မလိုချင်ခြင်းရဲ့အဓိပ္ပါယ်သည် သူက သုခချမ်းသာကို လိုချင်ခြင်းဆိုတဲ့အဓိပ္ပါယ်။ သည်လိုမျိုး တရားကိုယ်ပေါ့။ 

ပါချုပ်ဆရာတော်ကြီးရဲ့ မိန့်ကြားချက် အဆက်

တစ်ကွက်ကျော်ပေါ့။

ဦးသူရိယ 

တစ်ကွက်ကျော်ပြီးတော့ ပြန်စဉ်းစားတာပေါ့။ အရှင်ဘုရား ခုနပြောတာက တစ်ကွက်ကျော်ပြီးတော့ ပြန်သုံးသပ်တာ ပေါ့။

ပါချုပ်ဆရာတော်ကြီးရဲ့ မိန့်ကြားချက် အဆက်

ဟုတ်တယ်။

ဦးသူရိယ 

ဒုက္ခကို မလိုချင်ဘူးဆိုတာက သုခကို လိုချင်တာ။ တစ် ကွက်ကျော်ပြီး စဉ်းစားတာတော့ သုခကို လိုချင်တဲ့အတွက် ဒါကိုလည်း တဏှာလို့ တွက်တယ်။ တပည့်တော် အဘိဓမ္မာနည်းနဲ့ ကောက်တော့ ရှင်းတယ်။ ဒီ ပယ်နေတဲ့ဟာကို သင်္ခါရလို့ တပည့်တော် ကောက်တယ်။ ပြုလုပ်နေတာကို သင်္ခါရပေါ့။ တပည့်တော် အဘိဓမ္မာနည်းနဲ့ကျတော့ သင်္ခါရ ကို ကောက်တယ်။  သင်္ခါရက တဏှာပေါ့။ မနောသင်္ခါရ ပေါ့ ဘုရား။

ပါချုပ်ဆရာတော်ကြီးရဲ့ မိန့်ကြားချက် အဆက်

အဲကျတော့ တဏှာလို့ ပြုလို့ မရဘူးနော်။ သင်္ခါရဆိုတာ ဖြစ်လွယ်ပှိုင့်။ သင်္ခါရဆိုတာ အားလုံးကို ခေါ်တာ။ 

ဦးသူရိယ

မှန်ပါ။ သင်္ခါရ အားလုံးကို ခေါ်တာ။

ပါချုပ်ဆရာတော်ကြီးရဲ့ မိန့်ကြားချက် အဆက်

ကိလေသာမှ သင်္ခါရ မဟုတ်ဘူး။  ခန္ဓာရော ဘာတွေရော အကုန်လုံးက သင်္ခါရတွေချည်းပဲ။ အကုန်လုံး။ သင်္ခါရက လုံးပျွမ်းထားတဲ့စကား။ ရုပ်လည်း သင်္ခါရပဲ။ နာမ်လည်း သင်္ခါရပဲ။ အဲဒီမှာ ဝိသုဒ္ဓိမဂ်က ရှင်းထားတာလေးရှိတယ်။ ဒုက္ခီ သုခံ ပတ္ထယတိ- မကြိုက်တာနဲ့ တွေတဲ့သူက သုခကို တောင့်တတယ်။ အဲဒာကြောင့် ဝေဒနာပစ္စယာ တဏှာလို့ ဟောတာ။ 

ဦးသူရိယ

တင်ပါ။ တပည့်တော်လည်း အဲလိုပဲ သုံးသပ်တယ်ဘုရား။

ပါချုပ်ဆရာတော်ကြီးရဲ့ မိန့်ကြားချက် အဆက်

အဲဒါ ဝိသုဒ္ဓိမဂ်မှာ ဆိုထားတဲ့စကား။ ဒုက္ခီ သုခံ ပတ္ထယတိ ဒုက္ခရောက်ရင် သူက ချမ်းသာကို တမ်းတတယ်။  သုခီ ဘိယောပိ ဣစ္ဆတိ- ချမ်းသာတွေ့ရင်တော့ ပိုလိုချင်သွားတယ်။ အဲဒါကြောင့် ဝေဒနာနဲ့ ပတ်သတ်လာရင် တဏှာ ချည်းပဲ ဆိုထားတာ။ အဲဒီအဓိပ္ပါယ်အတွက် နော်။  ဆင်းရဲတွေ့ရင်လည်း လိုချင်တာ။ သူ့ကို လိုချင်တာမဟုတ် ဘူး။ သုခကို တမ်းတတာ။

ဦးသူရိယ 

အဲလိုတော့ မြင်တယ်ဘုရား။

ပါချုပ်ဆရာတော်ကြီးရဲ့ မိန့်ကြားချက် အဆက်

ဒုက္ခဖြစ်ရင် သုခကို တမ်းတတယ်။ ဒါ့ကြောင့်မို့ ဒုက္ခနဲ့ တွေ့ရင်လည်း တဏှာပဲ ဖြစ်တယ်ဆိုတာ။ အဓိပ္ပါယ်က အဲသလို ပြောတာ။ ဝေဒနာသံယုတ်ကျတော့ အဲသလို မဟောဘူး။ ဝေဒနာသံယုတ်ကျတော့ ဒုက္ခာယ ဝေဒနာယ ပဋိဃာနုသယော အနုသေတိ။ ဒုက္ခဝေဒနာ ဖြစ်လို့ရှိရင် ရင်ထဲမှာ မုန်းတီးတဲ့စိတ်က ပေါ်လာတာ။


ဝေဖန်ချက်

အထက်ပါ ဗွီဒီယိုဖိုင်ကို ဦးသူရိယရဲ့ ယူကျုချန်နယ်မှာ စတင်မျှဝေခဲ့ကြောင်း သိရပါတယ်။ မိမိတော့ မတွေ့ဖူးပါ။

13-2-2023 ရက်နေ့မှာ ကိုအောင်အောင်ဇော်က သူ့ ဖေ့စ်ဘုတ်အကောင့်မှာ တင်ထားတာကိုပဲ တွေ့ရပါတယ်။ 

အပြည့်အစုံ မပါရှိခြင်းကြောင့် အထက်ပါအတိုင်း ပြီးဆုံး သွားတာ တွေ့ရပါတယ်။

ပြန်လည်တင်ပြသူ ကိုအောင်အောင်ဇော်က "မြတ်စွာ ဘုရားရှင်လက်ထက်ကလည်း ဒါမျိုးရှိခဲ့ဖူးမှာပဲ။ လာဖူး သလိုလို သံသယရှင်းအောင် တရားလာမေးလျှောက် သလိုလိုနဲ့ မိမိဝါဒကို အတည်ပြု ထောက်ခံချက် ရမလား ဆိုပြီး လာဖြီးတဲ့ ပရဗိုဇ်တွေ တက္ကတွန်းတွေ ဗြာဟ္မဏတွေ နိဂဏ္ဍတွေ အာဝါဒါတွေ အားကြီးရှိခဲ့တယ်။ ခုလည်း အဲဒီ အဖြစ်နဲ့ ဆင်တူပဲ။ အဘိဓမ္မာ ဘာမှန်းမသိသူက ဘလာ ဘလာနဲ့ ဖြီးဖြန်းနေတာ။ မြင်မကောင်းကြားမကောင်းဘူး။ နောက်ဆို ပါချုပ်ကြီးတောင် သူ့တရားကို ပါးစပ်အဟောင်း သားနဲ့ နာယူခဲ့ကြောင်း လုပ်ကြံပြောဆို မလာဘူးလို့ ဘယ်သူက အာမခံနိုင်မလဲ"လို့ မေးခွန်းထုတ်ထားတာ တွေ့ရပါတယ်။


အောင်မြိုင်(မစိုးရိမ်စာသင်သား)

6-11-2023

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)