တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၈ ရက် ညပိုင်းတွင် ရှန်ဟိုင်းမြို့မှ G253 အမြန်ရထားဖြင့် တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတသည် ရှန်ဟိုင်းမြို့ရှိ Hongqiao Railway Station မှ ထွက်ခွာလာသော G253 အမြန်ရထားဖြင့် လိုက်ပါစီးနင်းလာခဲ့ခြင်းဖြစ်ပြီး ဟန်ကျိုးမြို့ရှိ အရှေ့ဟန်ကျိုးဘူတာ (ဟန်ကျိုးတုန်း) သို့ ရောက်ရှိခဲ့သည်။
အရှေ့ဟန်ကျိုးဘူတာသည် ခေတ်မီဒီဇိုင်းဖြင့် တည်ဆောက်ထားသော တရုတ်နိုင်ငံ၏ အဓိကအမြန်ရထားဘူတာကြီးများအနက် တစ်ခုဖြစ်ပြီး ကျယ်ဝန်းခမ်းနားသည့် အဆောက်အအုံ၊ ခရီးသည်ဝန်ဆောင်မှုစနစ်များနှင့် သယ်ယူပိုဆောင်ရေးဆက်သွယ်မှု ကောင်းမွန်မှုတို့ကြောင့် လေဆိပ်တစ်ခုသဖွယ် မြင်တွေ့ရသည့် ဘူတာတစ်ခုအဖြစ် ထင်ရှားသည်။
နိုင်ငံတော်သမ္မတ၏ ဟန်ကျိုးမြို့ခရီးစဉ်သည် တရုတ်နိုင်ငံ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ်အတွင်း ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#MNP #News






No comments:
Post a Comment