ကျိုက်ထို၊ ဇွန် ၁၈
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်မှုဖြင့် မုန်တိုင်းဘေး နှင့် ရေဘေးအန္တရာယ်ဖြစ်ပွားလာပါက ကြိုတင်ကာကွယ်နိုင်ရေး စုပေါင်းဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့ နံနက်ပိုင်းက ကျိုက်ထိုမြို့၊ မြောက်ပိုင်းရပ်ကွက်ရှိ ကဒက်ချောင်းရေထိန်းတံခါး၌ ပြုလုပ်ခဲ့ကြသည်။
ဇာတ်တိုက်လေ့ကျင့်ရာတွင် ကျိုက်ထိုခရိုင်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးကံစောလှိုင် မှ ဘေးအန္တရာယ် ဖြစ်ပွားခဲ့မှုအခြေအနေများနှင့် ဘေးမဖြစ်မီ၊ဘေးဖြစ်ဆဲ၊ဘေးဖြစ်ပွားပြီး စနစ်တကျဆောင်ရွက်မည့် အစီအမံများကိုရှင်းလင်းပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးရဲညွန့်ထွေးမှ မုန်တိုင်းအန္တရာယ်နှင့်ပတ်သက်သည့် ကြိုတင်သတိပြုရမည့်အခြေနေများ၊ ဘေးလွတ်ရာယာယီကယ်ဆယ်ရေးစခန်းသို့ ရွှေ့ပြောင်းခိုလှုံခြင်း၊ အန္တရာယ်ကျရောက်နေသူများအား နည်းလမ်းအမျိုးမျိုးဖြင့် ရှာဖွေကယ်ဆယ်ခြင်း၊ ထိခိုက်ဒဏ်ရာရသူများအား ရှေးဦးပြုစုခြင်း၊ ဘေးလွတ်ရာသို့ရောက်ရှိသူများအား ကျန်းမာရေးပြုစုစောင့်ရှောက်မှု ဆောင်ရွက်ခြင်း စသည့် လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားပြီး ကဏ္ဍအလိုက် သဏ္ဍန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း များပြုလုပ်ခဲ့ကြသည်။
အဆိုပါဇာတ်တိုက်လေ့ကျင့်ရာသို့ ခရိုင်နှင့်မြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ လူမှုကူညီရေးအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပြည့်ဖြိုး
#MNP #News






No comments:
Post a Comment