မြန်မာပြည်ထဲမှာ မော်တော်ကား၊ ဆိုင်ကယ်တွေ က တခြားနိုင်ငံများနဲ့မတူ အလွန်အမင်း ဈေးနှုန်းမြင့်တက်လျက်ရှိပါတယ်။ without ကားတွေလည်း များစွာ ဖြစ်နေသလို ကားဈေးနှုန်းများ အလွန်အမင်း မြင့်တက်နေခြင်းက ပြန်လည်သုံးသပ်သင့်တဲ့ အခြေအနေကို ဆိုက်ရောက်လာပါပြီ။
ယခုအချိန်မှာဆိုရင် ဆိုင်ကယ်ဈေးနှုန်းဟာ သမ္မတကြီး ဦးသိန်းစိန်အစိုးရလက်ထက်က ကားဈေးနှုန်းနီးပါးအထိ ဖြစ်လာပြီး မော်တော်ကားဈေးနှုန်းတွေကတော့ မိုးထိအောင် ခေါင်ခိုက်နေတဲ့ အခြေအနေဖြစ်ပါတယ်။
သမ္မတကြီး ဦးသိန်းစိန်အစိုးရ မတိုင်မီကလည်း အလားတူ ဖြစ်ခဲ့ဖူးပါတယ်။ မော်တော်ကားဈေးနှုန်းတွေ အလွန်အမင်း မြင့်တက်နေရာကနေ မူဝါဒအပြောင်းအလဲ လုပ်လိုက်တဲ့အချိန်မှာ လူလတ်တန်းစားအဆင့် အိမ်စီးကား၊ လုပ်ငန်းသုံးကားများ ဝယ်ယူနိုင်တဲ့ အခြေအနေမျိုး ဖြစ်ခဲ့ပါတယ်။ ငွေကြေးတန်ဖိုး ကျဆင်းမှုနဲ့ ကားဈေးက သုံးဆလောက် မြင့်တက်လာတယ်ဆိုရင်တောင် ပြောဖွယ်ရာ မရှိပါဘူး။ ၂၀၁၂-၁၃ က ကားဈေးနှုန်းနဲ့ ယခု လက်ရှိ ကားဈေးနှုန်းများကို နှိုင်းဆကြည့်ရင် ဆယ်ဆလောက်အထိ မြင့်တက်လာတဲ့ အခြေအနေဖြစ်ပါတယ်။
ဒီလိုဖြစ်လာတဲ့အခြေအနေဟာ မူဝါဒအပေါ်မှာပဲ အဓိက မူတည်နေပါတယ်။ ကားဈေးနှုန်းများ အလွန်အမင်း မြင့်တက်နေရာနေ သမ္မကြီး ဦးသိန်းစိန်လက်ထက်မှာ မူဝါဒပြောင်းလိုက်ခြင်းကြောင့် ပြည်သူများ ဈေးနှုန်းသက်သာစွာနဲ့ အသုံးပြုနိုင်တဲ့ အခြေအနေတစ်ရပ်ကို ရောက်ခဲ့ပါတယ်။
နစကအစိုးရလက်ထက် မှာ ယခင်အစိုးရနှစ်ရပ် လက်ထက် တိုင်းပြည်ရဲ့ ကြွေးမြီများကို တွက်ဆပြီး သွင်းကုန်လျော့ချရေး၊ နိုင်ငံခြားထွက်ငွေ လျှော့ချရေးအစီအစဉ်မှာ မော်တော်ကားတင်သွင်းတဲ့ မူဝါဒတွေလည်း အပြောင်းအလဲ ဖြစ်ခဲ့ပါတယ်။ တပြိုင်နက်တည်းမှာပဲ ကားဈေးနှုန်းများလည်း အဆမတန် မြင့်တက်လာပါတယ်။ မူဝါဒအပြောင်းအလဲ လုပ်ရာမှာ ကောင်းမွန်တဲ့ အခြေအနေတစ်ရပ်ကို ရောက်အောင် ပြောင်းလဲခြင်းကသာ သင့်လျော်ပါတယ်။ အစွန်းတစ်ဖက်ကို ရောက်သွားခြင်းက ပြည်သူများ နစ်နာဆုံးရှုံးမှုများတယ်။ အကြပ်အတည်းဖြစ်စေတယ်။
ဒီနေရာမှာ ပြောရန် ရှိလာတာကတော့ လွှတ်တော်ကိုယ်စားလှယ်ကြီးများ ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ကြီးများအနေနဲ့ ရွေးကောက်ပွဲကာလမှ မီဒီယာများရဲ့ မေးမြန်းမှုများကို ဖြေကြားရာမှာ သမ္မတကြီး ဦးသိန်းစိန်လက်ထက်က ကောင်းမွန်တဲ့ အခြေအနေတစ်ရပ် ဖြစ်ခဲ့သလို ဒီထက်ပိုမိုသာလွန်ကောင်းမွန်အောင် ကြိုးစားသွားမယ်ဆိုတဲ့ ကတိကဝတ်ပြုခဲ့တာတွေ ရှိပါတယ်။
မိမိတို့ရဲ့ ကတိစကားကို အလေးထားတယ်ဆိုရင်ဖြင့် မော်တော်ကားမူဝါဒနဲ့ ပတ်သက်လို့လည်း သမ္မတကြီး ဦးသိန်းစိန်လက်ထက်ကလို မဖြစ်ရင်တောင် ပြည်သူများ သင့်တော်မျှတတဲ့နှုန်းထားနဲ့ အသုံးပြုနိုင်တဲ့ အရွေ့တစ်ခုကို ရောက်အောင် ကြိုးပမ်းဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။
မူဝါဒအကြပ်အတည်းကြောင့် without သုံးစွဲမှုတွေ မြင့်တက်လာတဲ့အခါ နိုင်ငံတော်အတွက် ဘာအခွန်ငွေမှ မရတော့ပါဘူး။ without ကား တင်သွင်းသူတွေဟာ တိုင်းရင်းသားလက်နက်ကိုင် အမည်ခံ အကြမ်းဖက်အဖွဲ့တွေ အောက်လမ်းနည်းနဲ့ ငွေရှာတဲ့ လုပ်ငန်းတစ်ခုလည်း ဖြစ်ပါတယ်။ မှန်ကန်တဲ့လမ်းကြောင်းကနေ ဝင်လာဖို့ ဆိုရင် ချမှတ်ထားသော မူဝါဒများသည် တင်ကြပ်လွန်းနေလျင် ပြန်လည်သုံးသပ်ပြင်ဆင်ရပါမယ်။ အကြမ်းဖက်အဖွဲ့တွေ တရားမဝင်လုပ်ငန်းများ လုပ်စားခွင့်ရအောင် ဖန်တီးပေးထားခြင်းမျိုး မဖြစ်သင့်ပါဘူး။
ယခုဆိုရင် သိန်းတစ်ရာဖိုး ၃စီးဆိုတဲ့ ဟိုက်ဂျက်ကားလေးတွေဟာ သိန်း ၅၀၀၊ ၆၀၀ အခြေအနေကို ရောက်ရှိလာပါတယ်။ ၁၀၀ ဝန်းကျင် အိမ်စီးကားလေးတွေဟာ သိန်း ၇၀၀၊ ၈၀၀ နဲ့ အထက် ဖြစ်နေပါတယ်။ စက်သုံးဆီ အကြပ်အတည်းကြောင့် EV ကားတွေ တိုးမြှင့်သုံးစွဲခြင်းဟာလည်း သင့်လျော်မှန်ကန်သလို မော်တော်ကားများ အလွန်အမင်း ဈေးနှုန်းမြင့်တက်နေမှုအခြေအနေကိုလည်း မှန်ကန်မျှတတဲ့ နှုန်းထားဖြစ်အောင် မူဝါဒများ ပြင်ဆင်ချမှတ် ဆောင်ရွက်ပေးနိုင်စေဖို့ လွှတ်တော်ကိုယ်စားလှယ်ကြီးများက ကြိုးစားဆောင်ရွက်ပေးကြစေချင်ပါတယ်။
နောင်တော်လေး (ဘိုကလေး)
#MNP #News

No comments:
Post a Comment