ဇွန် - ၃၀ ( အင်္ဂါနေ့ )
အန္တာတိကတိုက် မှာ ပထမဆုံးအကြိမ် ရှာဖွေတွေ့ရှိခဲ့တဲ့ ဒိုင်နိုဆောကျောက်ဖြစ်ရုပ်ကြွင်းအကြောင်းကို သိပ္ပံပညာရှင်တွေက သမိုင်းတစ်လျှောက် ပထမဆုံး အသေးစိတ် ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
အဲဒီကျောက်ဖြစ်ရုပ်ကြွင်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ခန့် (၁၉၈၅ ခုနှစ် ဒီဇင်ဘာလ) ကတည်းက ဂျိမ်းစ်ရော့စ်ကျွန်း မှာ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး ကင်းဘရစ်ချ်မြို့ရှိ ဗြိတိန် အန္တာတိက သုတေသန (BAS) ရဲ့ ဘူမိဗေဒစုဆောင်းမှု သေတ္တာထဲမှာ သာမန်ကျောက်ခဲတစ်ခုလို နှစ်အတော်ကြာ ရှိနေခဲ့တာပါ။ အခုအခါမှာတော့ ပညာရှင်တွေက သေချာပြန်လည်ဆန်းစစ်ပြီး Acta Palaeontologica Polonica ဂျာနယ်မှာ ဖော်ပြခဲ့ကြပါတယ်။
ကြောက်မက်ဖွယ်ရာ တိုင်တန်နိုဆော (Titanosaur) မျိုးနွယ်စုဝင်ဖြစ်ခြင်း: ဒီရုပ်ကြွင်းဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးဒိုင်နိုဆောမျိုးနွယ်စုဝင်ဖြစ်တဲ့ "တိုင်တန်နိုဆော" ရဲ့ အမြီးအရိုး ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက အတည်ပြုခဲ့ပါတယ်။
ပုံမှန်အားဖြင့် တိုင်တန်နိုဆောတွေဟာ တန် ၁၅ ကျော်အထိ လေးလံတတ်ကြပေမဲ့ အခုတွေ့ရတဲ့ အကောင်ကတော့ အလျား ၂၀ ကနေ ၂၃ ပေဝန်းကျင်ပဲရှိပြီး တိုင်တန်နိုဆောမျိုးနွယ်ထဲမှာ အရွယ်အစား သေးငယ်တဲ့အမျိုးအစား (သို့မဟုတ်) အကောင်မကြီးသေးတဲ့ အဆင့်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
အခုလို သက်သတ်လွတ်စားတဲ့ ဒိုင်နိုဆောကြီးတွေ ရှိနေခဲ့တာကိုကြည့်ခြင်းအားဖြင့် အတိတ်ခေတ်တုန်းက အန္တာတိကတိုက်ဟာ အခုလို ရေခဲပြင်ကြီးမဟုတ်ဘဲ အပင်တွေ၊ သစ်တောတွေနဲ့ စိမ်းလန်းစိုပြည်ပြီး အစားအစာ ပေါကြွယ်ဝခဲ့တဲ့ နေရာတစ်ခုဖြစ်ခဲ့မှန်း သိသာစေပါတယ်။
လန်ဒန် သဘာဝသမိုင်းပြတိုက်က သုတေသနပညာရှင် ပေါ်လ်ဘာရက် ကတော့ လက်ရှိ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကြောင့် ရေခဲပြင်တွေ အရည်ပျော်လာတဲ့အခါ အန္တာတိကတိုက်အောက်မှာ ဖုံးကွယ်နေတဲ့ တခြားဒိုင်နိုဆောရုပ်ကြွင်းတွေနဲ့ ရှေးဟောင်းဇီဝမျိုးစုံမျိုးကွဲ အထောက်အထားတွေကို နောက်ထပ် ရှာဖွေတွေ့ရှိလာနိုင်ခြေ ရှိတယ်လို့ သုံးသပ်ထားပါတယ်။
REF: UPI
#MNP #News



No comments:
Post a Comment