ဇွန် - ၂၄ ( ဗုဒ္ဓဟူးနေ့ )
တီဟီရန် (အီရန်အစိုးရ) ဘက်က မမျှတတဲ့ ဆက်ဆံမှုခံရတယ်လို့ ဆိုပြီး ကန့်ကွက်ဆန္ဒပြခဲ့ပြီးနောက်၊ အမေရိကန်နိုင်ငံက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အီရန်အမျိုးသားဘောလုံးအသင်းအပေါ် ချမှတ်ထားတဲ့ ခရီးသွားလာခွင့် ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးလိုက်ပြီ ဖြစ်ပါတယ်။
အီရန်ဘောလုံးအဖွဲ့ချုပ်ရဲ့ အဆိုအရ အီရန်ကိုယ်စားလှယ်အဖွဲ့ဟာ ဗုဒ္ဓဟူးနေ့မှာ မက္ကဆီကိုနိုင်ငံ၊ တီဟွာနာမြို့ရှိ ၎င်းတို့ရဲ့ အခြေစိုက်စခန်းကနေ ထွက်ခွာမှာဖြစ်ပြီး၊ သောကြာနေ့မှာ ယှဉ်ပြိုင်ရမယ့် အီဂျစ်အသင်းနဲ့ အုပ်စု (C) ပွဲစဉ်မတိုင်မီ စီအက်တဲလ်မြို့ဆီ ခရီးနှင်ရမှာ ဖြစ်ပါတယ်။
ယခုအချိန်အထိတော့ အီရန်ကစားသမားတွေကို ပွဲမစတင်မီ တစ်ရက်အလိုမှသာ အမေရိကန်နိုင်ငံအတွင်း ဝင်ရောက်ခွင့် ပြုခဲ့တာပါ။ ဒါ့အပြင် အီရန်အသင်းဟာ သူတို့ရဲ့ အခြေစိုက်စခန်းကို အမေရိကန်နိုင်ငံ အရီဇိုးနား ကနေ မက္ကဆီကိုနိုင်ငံဆီ ရွှေ့ပြောင်းခဲ့ရပြီး၊ အသင်းတာဝန်ရှိသူအချို့နဲ့ ပံ့ပိုးကူညီရေးအဖွဲ့ဝင် အများအပြားလည်း ပြည်ဝင်ခွင့်ဗီဇာ အငြင်းပယ်ခံခဲ့ရတယ်လို့ သိရပါတယ်။
အမေရိကန် ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန (DHS) ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အီရန်အသင်းအနေနဲ့ သောကြာနေ့ပွဲစဉ်အပြီးမှာ အမေရိကန်နိုင်ငံကနေ ပြန်လည်ထွက်ခွာရဦးမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ အိမ်ဖြူတော်ရဲ့ FIFA လုပ်ငန်းအဖွဲ့ အမှုဆောင်ဒါရိုက်တာ အင်ဒရူး ဂျူလီယာနီ ကတော့— အခုလို ရက်အပိုတစ်ရက် ခွင့်ပြုပေးဖို့ ဆုံးဖြတ်ချက်ဟာ အသင်းရဲ့ ယခင်ခရီးသွားလာမှု အစီအစဉ်တွေကို ပြန်လည်သုံးသပ်ပြီးကတည်းက ကြိုတင်စီစဉ်ထားခဲ့တာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
ဒီခြေလှမ်းက အီရန်ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေဘက်က ကန့်သတ်ချက်တွေကြောင့် သူတို့အသင်းဟာ ပြိုင်ပွဲမှာပါဝင်နေတဲ့ တခြားနိုင်ငံတွေနဲ့ယှဉ်ရင် ပြိုင်ဆိုင်မှုအပိုင်းမှာ နစ်နာမှုတွေရှိနေတယ်လို့ အကြောင်းပြပြီး FIFA ဆီ တရားဝင် ကန့်ကွက်တင်ပြခဲ့ပြီး ရက်ပိုင်းအကြာမှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။
"ကျနော်တို့ ဒီပြဿနာတွေကို FIFA ဆီ တရားဝင် အကြောင်းကြားထားပြီး ရှင်းလင်းချက်ပေးဖို့ တောင်းဆိုထားပါတယ်" လို့ အီရန်အသင်းမန်နေဂျာနဲ့ ဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌဖြစ်သူ မဟ်ဒီ မိုဟာမက်နာဘီက အီရန်အသင်းက ဘယ်လ်ဂျီယံအသင်းနဲ့ပွဲ သရေမကျခင်မှာ နိုင်ငံပိုင်ရုပ်သံလိုင်း IRIB ကို ပြောခဲ့ပါတယ်။ အိမ်ရှင်နိုင်ငံတွေအနေနဲ့ လုပ်ထုံးလုပ်နည်းတွေကို ပြိုင်ပွဲဝင်အားလုံးအပေါ် တန်းတူညီမျှ ကျင့်သုံးဖို့လည်း သူက FIFA ကို တိုက်တွန်းခဲ့ပါတယ်။
Ref: RT
#MNP #News

No comments:
Post a Comment