ပုသိမ်၊ ဇွန် ၉
တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(ပဉ္စမနေ့)ကို ယနေ့နံနက် (၁၀) နာရီအချိန်က တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမတွင်ကျင်းပခဲ့ရာ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး(ပဉ္စမနေ့) အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ ခွင့်ပန်ကြားခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ် ရယူကြသည်။ ထို့နောက် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၁၂) ဦး၏ ကြယ်ပွင့်ပြ မေးခွန်း (၁၂) ခုအား သက်ဆိုင်ရာ တိုင်းဒေသကြီးဝန်ကြီးများက ပြန်လည်ဖြေကြားခဲ့ပြီး အင်္ဂပူမြို့နယ်ကိုယ်စားလှယ်အမှတ် (၂) မှ အစည်းအဝေးပထမနေ့တွင် တင်သွင်းခဲ့သည့် “သယံဇာတများ ထုတ်ယူသုံးစွဲရာတွင် စနစ်တကျ ရှိစေရေးအတွက် ကြီးကြပ်မှုကော်မတီများကို အဆင့်ဆင့်ဖွဲ့စည်းထိန်းကျောင်းရေးနှင့်စပ်လျဉ်းသည့်” အဆိုအပေါ် ဆွေးနွေးရန်အမည်စာရင်း တင်သွင်းထားသည့် လွှတ်တော်ကိုယ်စားလှယ် (၅) ဦးက ဆွေးနွေးရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုယ်စား သက်ဆိုင်ရာတိုင်းဒေသကြီးဝန်ကြီးက ရှင်းလင်းဆွေးနွေး၍ တိုင်းဒေသကြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူခဲ့သည်။ ဆက်လက်၍ ကန်ကြီးထောင့်မြို့နယ် ကိုယ်စားလှယ်အမှတ်(၁)က “တောင်သူများသီးနှံပေါင်ထား၍ ငွေချေးယူရေး တိုင်းဒေသကြီး အစိုးရက စီစဉ်ပေးရန်တိုက်တွန်းကြောင်း” အဆိုကိုတင်သွင်း၍ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ထောက်ခံဆွေးနွေးခဲ့ကာ ယင်းအဆိုကို လက်ခံဆွေးနွေးရန် လွှတ်တော်က သဘောတူသဖြင့် ဆွေးနွေးမည့်လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းပေးသွင်း နိုင်ကြောင်းကြေညာခဲ့ကာ တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး (ပဉ္စမနေ့)ကို ရပ်နားခဲ့ကြောင်း သိရသည်။
#MNP #News

No comments:
Post a Comment