ဇွန် - ၂၂ ( တနင်္လာနေ့ )
တနင်္ဂနွေနေ့ ညနေပိုင်းက ကာတာနိုင်ငံ ရပ်စ်လာဖန် စက်မှုမြို့တော်တွင် ပြင်းထန်သော ပေါက်ကွဲမှုနဲ့ မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ရာ တာဝန်ရှိသူများက အဆိုပါဖြစ်စဉ်သည် တိုက်ခိုက်ခံရခြင်းကြောင့် မဟုတ်ဘဲ ဒေသတွင်းရှိ ဓာတ်ငွေ့လုပ်ငန်းခွင်တစ်ခုရဲ့ လုပ်ငန်းလည်ပတ်မှုအတွင်း "နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းချက်" ကြောင့် ဖြစ်ရတာပါလို့ သတ်မှတ်ပြောကြားခဲ့ပါတယ်။
ကာတာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနက ရပ်စ်လာဖန်ရှိ စက်ရုံတစ်ခုတွင် နည်းပညာဆိုင်ရာ ဖြစ်စဉ်တစ်ခုကြောင့် "အတွင်းပိုင်း ပေါက်ကွဲမှု" တစ်ခု ဖြစ်ပွားခဲ့ကြောင်း၊ မီးသတ်နှင့် အရပ်ဘက်ကာကွယ်ရေးအဖွဲ့များက သွားရောက်ဖြေရှင်းနေပြီး ပြည်သူ့လုံခြုံရေးအတွက် စိုးရိမ်စရာ အန္တရာယ်မရှိကြောင်း အစပိုင်းတွင် ထုတ်ပြန်ခဲ့ပါတယ်။ နောက်ပိုင်း ထပ်မံထွက်ပေါ်လာသော အခြေအနေအရ "လူအချို့ ထိခိုက်ဒဏ်ရာရရှိမှု" ရှိကြောင်း ဝန်ကြီးဌာနက ဆိုပေမဲ့ စိုးရိမ်ရတဲ့ ဓာတ်ငွေ့ယိုစိမ့်မှုမျိုး မတွေ့ရှိရကြောင်း အလေးအနက် ပြောကြားခဲ့ပါတယ်။
ဇွန်လ ၂၁ ရက် ညနေပိုင်းအချိန်က ရပ်စ်လာဖန် ရှိ ဘာဇန်ဒေသတွင်း ဓာတ်ငွေ့ထောက်ပံ့ရေး စက်ရုံတွင် လုပ်ငန်းများ စတင်လည်ပတ်ရန် ပြင်ဆင်နေစဉ်အတွင်း အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကာတာစွမ်းအင် ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့များကို ချက်ချင်း စေလွှတ်ခဲ့ပြီး ပေါက်ကွဲမှုကြောင့် ဖြစ်ပွားခဲ့သည့် မီးလောင်မှုကိုလည်း လက်ရှိတွင် ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ကုမ္ပဏီက ဆိုပါတယ်။
အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်တွေမှာ ကြီးမားလှတဲ့ မီးလုံးကြီးတစ်လုံးက ညကောင်းကင်ယံကို လင်းထိန်သွားစေပြီးနောက်၊ အဲ့ဒိ စက်မှုဇုန်တည်ရှိရာအရပ်ဆီမှ ကောင်းကင်ယံသို့ မြင့်တက်လာတဲ့ မီးခိုးလုံးကြီးများ တလိမ့်လိမ့် ထွက်ပေါ်လာပုံကို မြင်တွေ့ခဲ့ရပါတယ်။
ဒိုဟာမြို့ ရဲ့ မြောက်ဘက်မှာ တည်ရှိတဲ့ ရပ်စ်လာဖန် က ကမ္ဘာ့အရေးအပါဆုံး ဓာတ်ငွေ့ချက်လုပ်မှု ဗဟိုချက်မများထဲမှ တစ်ခုဖြစ်ပြီး ကာတာနိုင်ငံရဲ့ ဓာတ်ငွေ့အရည် (LNG) လုပ်ငန်းအတွက် အဓိက အချက်အချာကျသောနေရာ ဖြစ်ပါတယ်။ စက်ရုံတွင်းဝင်းကြီးကို အမေရိကန် - အီရန်စစ်ပွဲ အစောပိုင်းကာလတုန်းက အီရန်က သူ့ တောင်ပိုင်းပါးစ်ရေနံမြေကို အစ္စရေးတွေ လာရောက်ဗုံးကျဲလို့ လက်တုန့်ပြန်တဲ့ အနေနဲ့ ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခံခဲ့ရဖူးပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment