ဇွန် - ၈ ( တနင်္လာနေ့ )
အစ္စရေးသည် တနင်္ဂနွေနေ့ (ဇွန် ၇ ရက်) က လက်ဘနွန်နိုင်ငံရဲ့ မြို့တော် ဘေရွတ်တောင်ဘက် ဆင်ခြေဖုံး ရပ်ကွက်များကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒိတိုက်ခိုက်မှုက အမေရိကန်တွင် နှစ်နိုင်ငံကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိပြီး ရက်ပိုင်းအကြာတွင် ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။ လက်ဘနွန်အမျိုးသား သတင်းအေဂျင်စီရဲ့ဖော်ပြချက်အရ အဆိုပါတိုက်ခိုက်မှုကြောင့် လူ ၂ ဦး သေဆုံးပြီး အနည်းဆုံး ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုရုံးမှ ထုတ်ပြန်တဲ့ ကြေညာချက်တစ်ခုမှာကတော့ အဲ့ဒိတိုက်ခိုက်မှုက ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့ရဲ့ အစ္စရေးနိုင်ငံမြောက်ပိုင်းသို့ ပစ်ခတ်ခဲ့ခြင်းအပေါ် လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း ဖော်ပြထားပါတယ်။ တိုက်ခိုက်မှုများရဲ့ ရည်မှန်းချက်ကလည်း ဟစ်ဇဘိုလာတွေရဲ့ "ကွပ်ကဲမှုဗဟိုဌာနများ"ကိုသာ ဖြစ်တယ်လို့ ဆိုပါတယ်။
အစ္စရေးစစ်တပ်က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ ဟစ်ဇဘိုလာ လက်နက်ကိုင် ၃၅၀ ဦးကို ရှင်းလင်း သုတ်သင်နိုင်ခဲ့ကြောင်း နေတန်ယာဟုက ပြောကြားခဲ့ပါတယ်။ တနင်္ဂနွေနေ့က သတင်းထောက်များနဲ့ တွေ့ဆုံရာတွင် ၎င်းက "လက်ဘနွန်နိုင်ငံမှာ ကျွန်တော်တို့ရဲ့ တပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ သီတင်းပတ် တစ်ပတ်တည်းမှာတင် လက်နက်ကိုင် ၃၅၀ ဦးကို ရှင်းလင်းနိုင်ခဲ့ပါတယ်။ ၎င်းတို့ဟာ ဗျူဟာမြောက် ဗျူးဖို့ဒ်တောင်ကုန်း ကို သိမ်းပိုက်နိုင်ခဲ့ပြီး အဲဒီနေရာမှာ ကြီးမားကျယ်ပြန့်တဲ့ မြေအောက် အခြေခံအဆောက်အအုံတွေကိုလည်း ရှာဖွေတွေ့ရှိခဲ့ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
"ကျနော်တို့ရဲ့ နယ်စပ်တစ်လျှောက်မှာရှိတဲ့ အကြမ်းဖက်ကျေးရွာတွေကို အပြီးတိုင် ဖြိုဖျက်ရှင်းလင်းနေပါတယ်။ သူတို့ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နေပြီး ဟစ်ဇဘိုလာအဖွဲ့ဟာလည်း ထွက်ပြေးတိမ်းရှောင်နေရတယ် ဆိုတာကို ကျနော်တို့ သိထားရပါတယ်။ ကျနော်တို့ရဲ့ ပိုင်နက်နယ်မြေ ဒါမှမဟုတ် ကျနော်တို့ရဲ့ လူ့အဖွဲ့အစည်းတွေဆီကို ပစ်ခတ်လာတာမျိုးကို လုံးဝခွင့်ပြုမှာမဟုတ်ဘဲ အခြေအနေနဲ့အညီ တုံ့ပြန်ဆောင်ရွက်သွားမှာဖြစ်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
ဝါရှင်တန်တွင် ဆက်လက်ပြုလုပ်နေတဲ့ ဆွေးနွေးပွဲတွေမှာ လက်ဘနွန်နဲ့ အစ္စရေးအစိုးရတို့က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို သက်တမ်းတိုးပြီးနောက်တွင် ယခုတိုက်ခိုက်မှုများ ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။
REF: WION
#MNP #News



No comments:
Post a Comment