နေပြည်တော်၊ ဇွန် ၈
စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယမန်နေ့က မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ရှိ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံး၌ အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) စီမံကိန်းတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည့် အိန္ဒိယနိုင်ငံမှ ကျွမ်းကျင်ပညာရှင်များနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) ရှိ သံရည်ကျိုအလုပ်ရုံ အမှတ် (၁) ကို ၂၀၂၃ ခုနှစ် မတ် ၂၃ ရက်တွင် စတင်လည်ပတ်၍ လေးထောင့်ပုံ သံမဏိချောင်း (Billet) တန် ၂၈၀၀၀ ကျော် ထုတ်လုပ်နိုင်ခဲ့ကြောင်း၊ သံရည်ကျိုအလုပ်ရုံ အမှတ် (၂) လည်ပတ်နိုင်ရေးအတွက် အိန္ဒိယနိုင်ငံမှ ပညာရှင်များနှင့် စက်ရုံမှ ပညာရှင်များပူးပေါင်း၍ စက်ပစ္စည်းများကို စစ်ဆေးခြင်း၊ ပြုပြင်ခြင်းများဆောင်ရွက်ကာ သံရည်ကျိုအလုပ်ရုံအား စတင်လည်ပတ်ပြီး သံမဏိပြားများ (Slab) ကို ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း၊ အမှတ် (၁) သံမဏိစက်ရုံ(မြင်းခြံ)၏ စီမံကိန်းလုပ်ငန်းများ အောင်မြင်ပြီးမြောက်စေရေးအတွက် ဆက်လက်ကူညီဆောင်ရွက်ပေးစေလိုကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် အိန္ဒိယနိုင်ငံမှ ပညာရှင်၊ အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့် စက်ရုံမှူးတို့၏ စက်ပစ္စည်းကိရိယာများ စစ်ဆေးပြုပြင်ခဲ့မှု၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှုအပေါ်လိုအပ် သည်များ မှာကြားသည်။
ယင်းနောက် စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာပြီးစီးရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
#MNP #News

No comments:
Post a Comment