နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် CCTV သတင်းရုပ်သံလိုင်း၏ တွေ့ဆုံမေးမြန်းမှုများအား လက်ခံဖြေကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် CCTV သတင်းရုပ်သံလိုင်း၏ တွေ့ဆုံမေးမြန်းမှုများအား လက်ခံဖြေကြား





ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီး ရောက်ရှိနေစဉ်အတွင်း CCTV သတင်းဌာန ထိပ်တန်းသတင်းတင်ဆက်သူ မစ္စ ကျိုးယွင်၏ တွေ့ဆုံမေးမြန်းမှုများကို ဇွန် ၁၇ ရက်က ကျောက်ယွီထိုင် နိုင်ငံတော်ဧည့်ဂေဟာ ဧည့်ခန်းမဆောင်၌ လက်ခံဖြေကြားခဲ့သည်။ ထိုသို့ CCTV သတင်းဌာန၏ မေးမြန်းမှုအပေါ် နိုင်ငံတော်သမ္မတက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်များကို ဖော်ပြအပ်ပါသည် -


တွေ့ဆုံမေးမြန်းသူ။ မင်္ဂလာပါသမ္မတကြီးရှင့်။ နိုင်ငံတော်သမ္မတအဖြစ် တရုတ်နိုင်ငံကို ပထမဆုံးလာရောက်တဲ့ အခုခရီးစဉ်မှာ ပြည်ထောင်စုဝန်ကြီးခြောက်ဦးနဲ့ အဆင့်မြင့်တပ်မတော်အရာရှိကြီးတွေ ပါဝင်တာကြောင့် အဆင့်အတန်း အင်မတန်မြင့်မားတာကို သတိပြုမိပါတယ်။ ဒီခရီးစဉ်မှာ ဘယ်လိုမဟာဗျူဟာမြောက်ရလဒ်ကောင်းတွေရရှိဖို့ အဓိကမျှော်မှန်းထားပါသလဲရှင့်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်။ မှန်ပါတယ်။ ကျွန်တော် ဧပြီ ၁၀ ရက်က အစိုးရနိုင်ငံ့ခေါင်းဆောင်အနေနဲ့တာဝန်ယူပြီးနောက်ပိုင်းမှာ အစိုးရသစ်အနေနဲ့ တရုတ်နိုင်ငံနဲ့ဆက်ဆံရေး ပိုမိုပြီးကောင်းမွန်စေဖို့ရည်ရွယ်ချက်နဲ့ သမ္မတရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်နဲ့ ကျွန်တော်လာခဲ့တာဖြစ်ပါတယ်။ အဓိက ကတော့ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဘက်ပေါင်းစုံကနေ တရုတ်နိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်ဖို့၊ မြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံ ကဏ္ဍပေါင်းစုံမှာပူးပေါင်းဆောင်ရွက်ဖို့ကိစ္စ၊ မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံကနေ လာရောက်ရင်းနှီးမြှုပ်နှံမှုကိစ္စတွေ၊ နှစ်ဖက်ကုန်သွယ်မှုမြှင့်တင်ရေးကိစ္စတွေ၊ နယ်စပ်ဒေသလုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးတို့အတွက် နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေအတွက်ရည်ရွယ်ပြီး လာခဲ့ခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့က ဆွေမျိုးပေါက်ဖော်နိုင်ငံတွေဖြစ်တဲ့အတွက်ကြောင့် နိုင်ငံတော်အဆင့် တရားဝင်ခရီးချစ်ကြည်ရေးခရီးစဉ် ပထမဦးဆုံးလာခဲ့ခြင်း ဖြစ်ပါတယ်။


တွေ့ဆုံမေးမြန်းသူ။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့နယ်နိမိတ်ချင်း အရှည်လျားဆုံးထိစပ်နေတဲ့ အိမ်နီးချင်းဖြစ်ပြီး ယုံကြည်စိတ်ချရသော မိတ်ဆွေနဲ့မိတ်ဖက်ဖြစ်ကြောင်း သမ္မတကြီးနဲ့ တွေ့ဆုံဆွေးနွေးမှုအတွင်း သမ္မတရှီကျင့်ဖျင်က အလေးထားပြောကြားခဲ့ပါတယ်။ နှစ်နိုင်ငံဆက်ဆံရေးရဲ့ လက်ရှိအခန်းကဏ္ဍနဲ့ အနာဂတ်အရေးပါမှုကို သမ္မတကြီးအနေနဲ့ ဘယ်လိုသုံးသပ်ပါသလဲရှင့်။

နိုင်ငံတော်သမ္မတ။ မြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံက ရှည်လျားတဲ့သမိုင်းကြောင်းဆက်ဆံရေးတွေ ရှိပါတယ်။ အခုမှ ကျွန်တော်တို့ဆက်ဆံတာမဟုတ်ပါဘူး၊ အိမ်နီးနားချင်းကောင်း နိုင်ငံတွေဖြစ်တယ်။ ကီလိုမီတာ ၂၀၀၀ ကျော်လောက်ရှည်လျားပါတယ်။ ခုနက အဆွေတော် ပြောသလို ဆွေမျိုးပေါက်ဖော်နိုင်ငံတွေ၊ အေးအတူပူအမျှအသိုက်အဝန်း၊ အကျိုးတူ ခံစားကြမယ်ဆိုတဲ့ သဘောတူညီချက်တွေရှိပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံရဲ့ ဆက်ဆံရေးက နယ်စပ်ထိတွေ့တဲ့နိုင်ငံတင်မကဘူး၊ နှစ်နိုင်ငံမူလအခံရှိတဲ့ ချစ်ကြည်ရင်းနှီးမှုတွေကြောင့် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ဖို့လိုတယ်လို့ မြင်ပါတယ်။


တွေ့ဆုံမေးမြန်းသူ။ ကျွန်မတို့ရဲ့သမ္မတကြီး ရှီကျင့်ဖျင်ကလည်း ဆွေမျိုးပေါက်ဖော်ဆိုပြီး ပြောခဲ့ပါတယ်။ ပေါက်ဖော်ဆိုတာ တရုတ်ဘာသာစကားမှာတော့ 'ပေါင်ပိုး' လို့ ဖြစ်ပါတယ်။ ဒီတရုတ်စကားရဲ့ အဓိပ္ပာယ်ဟာ မြန်မာဘာသာစကားကနေ ဆင်းသက်လာပြီး 'ပေါက်ဖော်' ဆိုတဲ့စကားသည် ပေါင်ပိုး၊ ဆွေမျိုးပေါက်ဖော်ဆိုတဲ့ စကားနဲ့တူပါတယ်။ ဒီအသုံးအနှုန်းနဲ့ ဒီအပေါ်မှာ သမ္မတကြီးအနေနဲ့ ဘယ်လိုမြင်ပါသလဲ။

နိုင်ငံတော်သမ္မတ။ စောစောက ဖြေတာနဲ့ဆက်စပ်နေတယ်။ ကျွန်တော်တို့က ရှည်လျားတဲ့ သမိုင်းကြောင်း ဆက်ဆံရေးရှိကြပါတယ်။ ဆွေမျိုးဆိုတာ သွေးသားတော်စပ်မှုကို ပြောတာပါ။ သွေးသားတော်စပ်မှုဖြစ်တယ်ဆိုတာ ယုံကြည်စိတ်ချရတဲ့ ရင်းနှီးတဲ့သဘောထားမျိုးကို ဖော်ပြတာပါ။ ဆွေမျိုး၊ မောင်နှမတွေဆိုတာ အထက်အောက် မောင်နှမရှိမယ်၊ အဖေအမေရှိမယ်၊ တူ၊ တူမတွေရှိမယ်၊ ဒါတွေအားလုံးက ဆွေမျိုးအသိုင်းအဝိုင်းပါပဲ။ ဒီလိုမျိုးပဲ၊ ခုနကပြောတဲ့ ပေါက်ဖော်ဆိုတဲ့ဟာမှာ ဆွေမျိုးပေါက်ဖော်၊ ဆွေမျိုးနဲ့ပေါက်ဖော် ဒီလိုအသုံးအနှုန်းရှိပြီးတော့ တရုတ်နဲ့မြန်မာက ဆွေမျိုးသားချင်းတော်စပ်တယ်ဆိုတဲ့ အမြင်မျိုးကိုသုံးနှုန်းခဲ့တာ ဖြစ်ပါတယ်။


တွေ့ဆုံမေးမြန်းသူ။ သမ္မတကြီးအနေနဲ့ သမ္မတရှီကျင့်ဖျင်နဲ့ အကြိမ်ကြိမ်တွေ့ဆုံဖူးပါတယ်။ သမ္မတ ရှီကျင့်ဖျင်ဟာ ဘယ်လိုခေါင်းဆောင်မျိုးဖြစ်တယ်လို့ သမ္မတကြီးရှုမြင်ပါသလဲရှင့်။

နိုင်ငံတော်သမ္မတ။ သမ္မတကြီးရှီကျင့်ဖျင်က တိုင်းပြည်ကိုတကယ်ကောင်းအောင်လုပ်တဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့အပြင် သူနဲ့ဆွေးနွေးတဲ့အချိန်မှာ သူ့ရဲ့ပြောဆိုချက်တွေက ကမ္ဘာကြီးကို အားလုံးသာတူညီမျှ ဖြစ်စေချင်တယ်၊ အားလုံးရင်းရင်းနှီးနှီးဖြစ်စေချင်တယ်၊ ခုနကပြောတဲ့ အေးအတူပူအမျှအသိုက်အဝန်းမျိုးကို ကမ္ဘာကြီးအပေါ်မှာလည်းထားချင်တဲ့ စိတ်ရှိတယ်ဆိုတာ ကျွန်တော်သွားတွေ့တယ်။ ကျွန်တော့်ကို အမြဲတမ်းသူကပြောပါတယ်။ တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို ကျွန်တော်နဲ့တွေ့ဆုံတဲ့ အကြိမ်တိုင်းနီးပါး သူအမြဲတမ်းထည့်ထည့်ပြောတာကို သတိပြုမိပါတယ်။ ကျွန်တော်က အကြိမ်ပေါင်းများစွာ တရုတ်နိုင်ငံကို ရောက်ဖြစ်ခဲ့တာပါ။ ၂၀၀၇ ခုနှစ်မှာ ကျွန်တော် စရောက်ခဲ့တာပါ။ စရောက်ခဲ့ပြီးတော့ ၂၀၁၉ ခုနှစ်နောက်ပိုင်းမှာ ကျွန်တော်မရောက်တော့ဘဲ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာပြန်ရောက်ပါတယ်။ ကျွန်တော်ပထမဆုံးလာတဲ့အချိန်တုန်းက သမ္မတကြီး ရှီကျင့်ဖျင်က ဒုတိယသမ္မတပါ။ နောက်ပိုင်းမှာ သူကသမ္မတဖြစ်ပြီး ကျွန်တော်တို့ တွေ့ဆုံကြတာပါ။ အဲဒီမှာ တရုတ်နိုင်ငံရဲ့ ပြောင်းလဲမှုတွေအများကြီး ကျွန်တော်သတိပြုမိတယ်။ ဒေသတိုင်းပါ၊ ဒေသတိုင်းမှာ ပြောင်းလဲမှုတွေရှိတယ်။ တရုတ်နိုင်ငံက အကျယ်အဝန်းအားဖြင့် အင်မတန်ကြီးမားပါတယ်။ လူဦးရေအားဖြင့်လည်း သန်း ၁၄၀၀ ကျော်လောက်ရှိတယ်၊ ကမ္ဘာ့ရဲ့ ငါးပုံတစ်ပုံတောင်ရှိတယ်။ ဒီဟာ အားလုံးကိုသာတူညီမျှတိုးတက်အောင် ဆောင်ရွက်နေတယ်ဆိုတာ တော်ရုံတန်ရုံခေါင်းဆောင်မှုနဲ့မရနိုင်ပါဘူး။ တော်တော်ခက်ပါတယ်။ တရုတ်နိုင်ငံခေါင်းဆောင်ရဲ့ထက်မြက်မှုကို ကျွန်တော်တွေ့ပါတယ်၊ ဒီအတွက် ကျွန်တော် အင်မတန် သူ့ကိုသဘောကျပါတယ်။


တွေ့ဆုံမေးမြန်းသူ။ သမ္မတကြီးအနေနဲ့ တရုတ်နိုင်ငံကို လာရောက်ဖူးကြောင်းသိရှိရပါတယ်။ အဲဒီအတွေ့အကြုံတွေအရ တရုတ်ပုံစံခေတ်မီဆန်းသစ်ခြင်း (Chinese Modernization) ရဲ့ အနှစ်သာရနဲ့ လျှောက်လှမ်းရာလမ်းကြောင်းကို ဘယ်လိုနားလည်သဘောပေါက်ပါသလဲရှင်။

နိုင်ငံတော်သမ္မတ။ စောစောက အဖြေနဲ့ဆက်စပ်ပါတယ်။ ခေတ်သစ်တရုတ်နိုင်ငံက တိုးတက်မှုရှိတာ အမှန်ပါပဲ၊ ငြင်းလို့မရပါဘူး။ တိုးတက်မှုက အင်မတန်မြန်တယ်၊ တိုးတက်မှုနှုန်းကလည်း တအားမြန်တယ်။ နည်းပညာတစ်ခုဆန်းသစ်ပြီး ထွက်လာပြီလို့ သတင်းထဲမှာတွေ့ပါတယ်။ ဒါကို လေ့လာကြည့်လိုက်ရင် နောက်တစ်ခုထပ်ပြီးတော့ ပြောင်းသွားပါတယ်၊ ဒီလိုမျိုး တရုတ်လူငယ်တွေရဲ့ ကြိုးစားအားထုတ်မှုတွေကို တွေ့ရပါတယ်။ တရုတ်လူငယ်တွေက အားကြိုးမာန်တက်နဲ့ လှုပ်ရှားနေကြတာ၊ လုပ်ကိုင်နေကြတာ ကျွန်တော်တို့တွေ့ရပါတယ်။ လုပ်ချင်ကိုင်ချင်တဲ့စိတ်၊ ကြိုးစားချင်တဲ့စိတ်နဲ့ ဒီလိုလုပ်ကြတယ်။ ဒါကြောင့် နေရာတိုင်းမှာ တိုးတက်မှုတွေ တွေ့ရပါတယ်။ ခုနကပြောတဲ့ နေရာတွေသာမက ပြည်နယ်တော်တော်များများ ကျွန်တော်ရောက်ဖူးပါတယ်။ အားလုံးနီးပါး တိုးတက်မှုရှိတယ်ဆိုသလိုပဲ၊ နောက်တစ်ခုက တိုးတက်မှုကလည်း မျှတပါတယ်။ အလွန်ကွာဟတာမဟုတ်ဘူး။ ပေကျင်းမှာရှိတဲ့အခြေအနေနဲ့ ရှန်ဟိုင်းမှာရှိတဲ့ အခြေအနေ၊ ချုံချင့်မှာရှိတဲ့အခြေအနေနဲ့၊ ကွမ်ကျိုးမှာရှိတဲ့အခြေအနေတွေ အကုန်လုံးဟာ မကွာခြားလှပါဘူး။ သူ့ဟာနဲ့သူ တိုးတက်နေကြတာပါ။ မျှတမှုရှိတယ်ဆိုတာ ကျွန်တော်တွေ့ရတယ်၊ ခေတ်သစ်တရုတ်နိုင်ငံရဲ့ တိုးတက်မှုက ကျွန်တော်တို့ အတုယူဖို့ကောင်းတဲ့နိုင်ငံတစ်ခု ဖြစ်တယ်လို့ မြင်ပါတယ်။


တွေ့ဆုံမေးမြန်းသူ။      ကျွန်မတို့သိရှိရတာက သမ္မတကြီးအနေနဲ့ အခုတစ်ခေါက်ခရီးစဉ်မှာဆိုရင် ရှန်ဟိုင်းမှာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံဖို့ရှိပါတယ်။ ပြီးခဲ့တဲ့နေ့မှာ အာကာသ နည်းပညာသိပ္ပံကော်ပိုရေးရှင်းကိုလည်း လေ့လာခဲ့ပါတယ်။ ပြီးတော့ ဟန်ကျိုးမှာလည်း Robot နဲ့ ပတ်သက်တဲ့စက်ရုံကို လေ့လာမယ်လို့သိရှိရပါတယ်။ သမ္မတကြီးအနေနဲ့ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုမှာ ဘယ်ကဏ္ဍတွေ မြှင့်တင်နိုင်မယ်လို့ ယူဆပါသလဲရှင့်။

နိုင်ငံတော်သမ္မတ။ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးကတော့ ကဏ္ဍပေါင်းစုံမှာ ရှိတယ်။ စက်မှုလုပ်ငန်းတွေရှိမယ်၊ နည်းပညာနဲ့ပတ်သက်တာရှိမယ်၊ ယဉ်ကျေးမှုနဲ့ ပတ်သက်တာရှိမယ်၊ ကျန်းမာရေးနဲ့ပတ်သက်တာရှိမယ်၊ အားကစားနဲ့ပတ်သက်တာရှိမယ် စသည်ဖြင့် နေရာပေါင်းစုံရှိပါတယ်။ တရုတ်နိုင်ငံက ဘက်ပေါင်းစုံတိုးတက်နေတဲ့ နိုင်ငံဖြစ်တဲ့အတွက် ကျွန်တော်တို့နိုင်ငံက ကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်မယ့် အလားအလာရှိပါတယ်။

အခုလာတဲ့ခရီးစဉ်မှာ ကျွန်တော်အများကြီးလေ့လာသလိုပဲ၊ ရှန်ဟိုင်းမှာ ကျွန်တော်တို့ ကုန်စည်ပြပွဲတစ်ခုလုပ်ဖို့ရှိတယ်။ မြန်မာနဲ့တရုတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ဖော်ဆောင်တဲ့အနေနဲ့ ကုန်စည်ပြပွဲတစ်ခုလုပ်မှာပါ၊ အဲဒီမှာ မြန်မာနိုင်ငံကထွက်ကုန်တွေ ပြသလို၊ တရုတ်နိုင်ငံကကုမ္ပဏီတွေကလည်း ပြကြပါလိမ့်မယ်။ ကျွန်တော်ကိုယ်တိုင်လည်း တက်ရောက်မှာပါ။ အဲဒီအပေါ်မှာကြည့်ပြီးတော့ ဘယ်နယ်ပယ်တွေကစပြီး လုပ်ရင်ရမလဲဆိုတာ စဉ်းစားမှာဖြစ်ပါတယ်။ ဒါကြောင့် ကဏ္ဍပေါင်းစုံလုပ်လို့ရတဲ့ အခြေအနေရှိတယ်ဆိုတာ မြင်ပါတယ်။

ကျွန်တော်တစ်ခုပြောချင်တာလည်းရှိပါတယ်။ တရုတ်နိုင်ငံက အေအိုင်နဲ့ပတ်သက်ရင် ထိပ်တန်းမှာရှိပါတယ်။ အာကာသနဲ့ပတ်သက်ရင်လည်း တကယ်ကိုထိပ်တန်းပါ။ တစ်နေ့က ကျွန်တော်တို့သွားကြည့်တဲ့အချိန်မှာ လပေါ်ကိုဆင်းနိုင်တာ အမေရိကန်ရယ်၊ ရုရှားရယ်၊ တရုတ်နိုင်ငံရယ် ၃ နိုင်ငံပဲရှိသေးတယ်။ တရုတ်နိုင်ငံက တတိယမြောက်ဖြစ်ပြီး အာကာသမှာ ထိပ်တန်းမှာရှိတဲ့ နိုင်ငံတစ်ခုဖြစ်တယ်၊ ကျွန်တော်တို့လည်း အာကာသနဲ့ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီး ဆွေးနွေးဆောင်ရွက်နေတာရှိတယ်။ မကြာခင်မှာလည်း ကျွန်တော်တို့ဂြိုဟ်တုအငယ်တစ်လုံးလွှတ်ဖို့ရှိတယ်၊ တရုတ်နိုင်ငံနဲ့ ပူးပေါင်းပြီးဆောင်ရွက်မယ့် ဂြိုဟ်တုစီမံကိန်းတစ်ခုဖြစ်ပါတယ်။ အာကာသနယ်ပယ်၊ အေအိုင်နယ်ပယ်၊ အိုင်တီနဲ့ပတ်သက်တဲ့နယ်ပယ်တွေရှိတယ်။ ဒါတွေနဲ့လည်း တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အလမ်းတွေရှိတယ်ဆိုတာ ကျွန်တော်တွေ့ပါတယ်။

တွေ့ဆုံမေးမြန်းသူ။ လွန်ခဲ့တဲ့နှစ်က သမ္မတကြီး စီချွန်းပြည်နယ်ကိုသွားရောက်စဉ် တရုတ်အင်ဂျင်နီယာတွေထံက မြန်မာနိုင်ငံရဲ့ ပူပြင်းစိုစွတ်သော ရာသီဥတုနဲ့ကိုက်ညီတဲ့ အဆောက်အအုံနည်းပညာ၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနဲ့ လျှော့ချရေး၊ ဘေးအလွန် ပြန်လည်ထူထောင်ရေးအတွေ့အကြုံတွေကို အထူးတလည်မေးမြန်းလေ့လာခဲ့တာကို တွေ့ရှိရပါတယ်။ တရုတ်နိုင်ငံရဲ့ ဘယ်လိုအတွေ့အကြုံတွေဟာ မြန်မာနိုင်ငံအတွက် အသုံးချဖို့ အသင့်တော်ဆုံး ဖြစ်မလဲရှင့်။

နိုင်ငံတော်သမ္မတ။ တရုတ်နိုင်ငံရဲ့ အင်ဂျင်နီယာအတတ်ပညာဟာလည်း မြင့်မားပါတယ်။ အထူးသဖြင့် စီချွန်းပြည်နယ်ကတော့ ငလျင်ဒဏ်ခံရတဲ့ ပြည်နယ်တစ်ခုဖြစ်ပြီး ကျွန်တော် စီချွန်းရောက်တဲ့အချိန်မှာ ငလျင်ဒဏ်ကြောင့် ပြုပြင်ထိန်းသိမ်းတဲ့ဟာတွေ တော်တော်ကို ကောင်းမွန်တာတွေ့ရတယ်။ ကျွန်တော်တို့လည်း မနှစ်ကပြင်းထန်တဲ့ငလျင်ဒဏ် ခံခဲ့ရတာရှိတယ်။ တော်တော်လေးပြင်းထန်ပါတယ်။ တော်တော်လည်းအပျက်အစီးများပါတယ်။ အခုထိကျွန်တော်တို့ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေလုပ်လို့ မပြီးသေးပါဘူး၊ အရေးကြီးတဲ့ တံတားကြီးတွေ ပျက်သွားတာ၊ အဆောက်အအုံကြီးတွေ ပြိုကျတာတွေရှိပါတယ်။ ဒီဟာတွေနဲ့ပတ်သက်ပြီး ငလျင်ဒဏ်ခံနိုင်တဲ့ အဆောက်အအုံတည်ဆောက်ရေးလုပ်ငန်း တွေနဲ့ပတ်သက်ပြီး စီချွန်းပြည်နယ်မှာ တွေ့ဆုံမေးမြန်းရတာဖြစ်ပါတယ်။ ကျွန်တော့်တိုင်းပြည် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ မဖြစ်မနေလုပ်ရမယ့်ကိစ္စဖြစ်ပါတယ်။ ပူးပေါင်း ဆောင်ရွက်ရမယ့် အခွင့်အလမ်းတွေရှိတယ်ဆိုတာလည်း တွေ့ရပါတယ်။


တွေ့ဆုံမေးမြန်းသူ။ သမ္မတကြီးအနေနဲ့ တရုတ်မြန်မာ ပူးပေါင်းဆောင်ရွက်မှုမှာ ဘယ်ကဏ္ဍတွေ မြှင့်တင်နိုင်မယ်လို့ ယူဆပါသလဲရှင့်။

နိုင်ငံတော်သမ္မတ။ နယ်ပယ်ကတော့ အများကြီးရှိပါတယ်၊ ခုနက ကျွန်တော်ရှင်းပြခဲ့တဲ့အထဲမှာလည်း အများကြီးပါတယ်။ ဒီနယ်ပယ်တွေက ပူးပေါင်းဆောင်ရွက် လို့ရတဲ့နယ်ပယ်တွေပါ၊ အင်ဂျင်နီယာနဲ့ပတ်သက်တဲ့ လုပ်ငန်းရပ်တွေရှိပါတယ်။ အီလက်ထရောနစ်နဲ့ပတ်သက်တဲ့ နယ်ပယ်တွေရှိတယ်၊ နည်းပညာနဲ့ပတ်သက်တဲ့ နယ်ပယ်တွေရှိတယ်၊ နောက်အာကာသနဲ့ပတ်သက်တဲ့ နယ်ပယ်တွေရှိတယ်။ စိုက်ပျိုးရေးပေါ်မှာ အခြေခံတဲ့ကုန်ထုတ်လုပ်မှုတွေ၊ စက်မှုလုပ်ငန်းတွေ၊ Agro Based Industry တွေ၊ ဒါနဲ့ပတ်သက်ပြီး လုပ်လို့ရတာတွေရှိတယ်၊။ အများကြီးပါပဲ။ ကျွန်တော်လာတဲ့ရည်ရွယ်ချက်က ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် အခွင့်အလမ်းတွေ ဖော်ထုတ်ဖို့ပဲဖြစ်ပါတယ်။ ခုနက ကျွန်တော်ရှင်းပြတဲ့အထဲမှာလည်းပါပါတယ်။ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ နှစ်ဖက်ကုန်သွယ်မှုတွေ မြှင့်တင်နိုင်ဖို့ပါ။ ရင်းနှီးမြှုပ်နှံမှုဆိုတဲ့အထဲမှာလည်း ခုနကနယ်ပယ်တွေ အကုန်လုံးပါပါတယ်။


တွေ့ဆုံမေးမြန်းသူ။ အွန်လိုင်းလိမ်လည်မှုကိစ္စတွေ လက်ရှိမှာ တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရှိပါတယ်။ လက်ရှိ အဲဒီနယ်ပယ်နဲ့ပတ်သက်ပြီးတော့ သမ္မတကြီးအနေနဲ့ ဘယ်လိုမြင်ပါသလဲရှင့်။

နိုင်ငံတော်သမ္မတ။ အွန်လိုင်း လိမ်လည်မှုကတော့ ကမ္ဘာပေါ်မှာ ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုပါ၊ အထူးသဖြင့် လောင်းကစားမှုဝါသနာပါတဲ့သူတွေ၊ သူတို့ကဘယ်လိုပဲဖြစ်ဖြစ် တစ်နည်းမဟုတ်တစ်နည်းနဲ့ သားကောင်ရော၊ လုပ်တဲ့သူရောနှစ်ခုလုံးက ပတ်သက်နေကြတာ ဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့က အသိပညာပေးတွေလုပ်ဖို့လိုတယ်၊ ဥပဒေအရ တားဆီးမှုတွေ လိုတယ်၊ ဥပမာ-နယ်စပ်ဖြတ်ကျော်နဲ့ပတ်သက်ပြီး ဥပဒေနဲ့အညီနှစ်နိုင်ငံက ပူးပေါင်းဆောင်ရွက်ဖို့၊ တခြားနိုင်ငံတွေပါရင် တခြားနိုင်ငံတွေကလည်း ဥပဒေပြဋ္ဌာန်းပြီးတော့ သူတို့နိုင်ငံတွေမှာလည်း ပြည်သူတွေကို သိအောင်ပြောဖို့လည်းလိုတယ်၊ လူဆိုတာကတော့ လိုချင်တဲ့စိတ်အကုန်လုံးရှိကြတယ်။ လူတွေရဲ့စိတ်အပေါ်မှာလည်း အများကြီးတည်ပါတယ်။ အဲဒီစိတ်ကိုထိန်းနိုင်ဖို့လိုတယ်။ ဥပဒေက ထိထိရောက်ရောက်တားဆီးဖို့လည်းလိုပါတယ်၊ ထိရောက်တဲ့ပြစ်ဒဏ်လည်းပေးဖို့လိုတယ်၊ နိုင်ငံတွေအားလုံးကလည်း ပါဝင်ပူးပေါင်း ဆောင်ရွက်ဖို့လိုတယ်။ ဒီလိုမှသာ အွန်လိုင်းလိမ်လည်မှု ပပျောက်သွားမှာပါ၊ ကမ္ဘာမှာကြီးမားစွာ ရင်ဆိုင်နေရတဲ့ ပြဿနာတစ်ခုက ဒီတစ်ခုရှိတာကို ကျွန်တော်တို့တွေ့ရပါတယ်၊ ဒါကြောင့် ဒါကို ပူးပေါင်းဆောင်ရွက်မှုနဲ့သာ ဖြေရှင်းလို့ရမယ်လို့ ပြောချင်တယ်။


တွေ့ဆုံမေးမြန်းသူ -      မကြာသေးခင်က တရုတ်ရုပ်ရှင်ရက်သတ္တပတ် အခမ်းအနားမှာပြသခဲ့တဲ့ “Lighting Up the Stars” ရုပ်ရှင်က သမ္မတကြီးအပေါ် ဘယ်လိုခံစားချက် ချန်ထားခဲ့ပါသလဲရှင့်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် - ​ ရုပ်ရှင်တွေကတော့ အများအားဖြင့် ဒရာမာတွေ၊ အက်ရှင်ကားတွေများပါတယ်။ ဒီဒရာမာကားက တော်တော်ကိုကောင်းပါတယ်။ စိတ်ခံစားချက်လေးတွေကို ဖော်ပြပြီးလုပ်သွားတာပါ။ သတိပြုမိတာကတော့ တရုတ်နိုင်ငံ ရုပ်ရှင်အတတ်ပညာနဲ့ပတ်သက်တာမှာ သရုပ်ဆောင်တဲ့လူတွေရှိတယ်၊ ရိုက်ကွင်းရိုက်ကွက်တွေရှိတယ်၊ အသုံးအဆောင်ပစ္စည်းတွေရှိတယ်၊ အသံတွေရှိတယ်။ အဲဒါကအစ တော်တော်ကောင်းတာ သတိပြုမိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်း ရုပ်ရှင်အားပေးတဲ့ပရိသတ်တွေအများကြီးရှိတယ်။ ကျွန်တော်ကိုယ်တိုင်လည်း တချို့အခမ်းအနားတွေတက်ပါတယ်။ အနုပညာသည် ပြည်သူကိုပြောင်းလဲပေးနိုင်တဲ့ ပညာရပ်တစ်ခုပါ။ ပြည်သူ့ရဲ့ခံစားချက်ကို ပြောင်းလဲပေးနိုင်တဲ့ပညာရပ်တစ်ခုပါ။ ဒါကြောင့် ကျွန်တော်ကလည်း ဒါကိုအသိအမှတ်ပြုပါတယ်။ ဒါကြောင့် အခုဒီရုပ်ရှင်ပွဲ သွားကြည့်တဲ့အခါမှာ တရုတ်နိုင်ငံရဲ့ ရုပ်ရှင်အတတ်ပညာနဲ့ပတ်သက်တဲ့ သရုပ်ဆောင်တာရော၊ အသုံးအဆောင်ပစ္စည်းတွေရော တော်တော်လေးကို ကောင်းမွန်တာတွေ့ရတယ်။ နောက်တစ်ခါ Editing တို့ ဘာတို့ပါ။ ဓာတ်ပုံနဲ့ပတ်သက်တာရှိတယ်၊ အယူအဆတွေ တော်တော်ကောင်းပါတယ်။ ဒါတောင်မှ ကျွန်တော်ကြည့်တဲ့ကားမို့လို့သာ ကျွန်တော်လည်း ပြောတာပါ။ ဒီထက်နာမည်ကြီးတဲ့ကားတွေလည်း အများကြီးရှိပါတယ်။ ကျွန်တော့်ကိုလည်း ဇာတ်ကားတွေ အများကြီးပေးထားတာရှိတယ်၊ အားတဲ့အချိန် တစ်ခါတလေ အတိုလေးတွေ ကျွန်တော်ကြည့်ပါတယ်။ ရုပ်ရှင်ကတော့ လူကိုပြောင်းလဲသွားစေနိုင်တယ်။ ကောင်းတာလည်း ဖြစ်သွားနိုင်တယ်၊ ဆိုးတာလည်းဖြစ်သွားနိုင်တယ်။ ခံစားချက်ကိုလုပ်ပေးလိုက်တာပါ။ ဒါကြောင့် ရုပ်ရှင်ကတော့ အင်မတန်အရေးကြီးတဲ့ အခန်းကဏ္ဍမှာရှိပါတယ်။ မြန်မာနဲ့တရုတ် ပူးပေါင်းပြီးတော့ ရုပ်ရှင်လောကမှာ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင်လည်း ပြုပြင်ပြောင်းလဲမှုတစ်ခုအတွက် အထောက်အကူရမယ်လို့ ကျွန်တော်မြင်တယ်။


တွေ့ဆုံမေးမြန်းသူ။ အဲဒီမေတ္တာစမ်းရေဇာတ်လမ်းအပေါ်မှာ အသံပိုင်း၊ ရုပ်ရှင်ပိုင်းတို့ကိုကြည့်ရင် နှစ်နိုင်ငံနဲ့ ဆက်စပ်တဲ့ပုံစံ၊ နှစ်နိုင်ငံနဲ့ဆက်စပ်တဲ့ အခန်းကဏ္ဍအပေါ် ထင်မြင်မှုကို သိပါရစေရှင့်။

နိုင်ငံတော်သမ္မတ။ သားသမီးနဲ့ မိဘတို့ရဲ့ခံစားမှုတွေပါ။ အဖေကနေပြီးတော့ သားကို ဘယ်လိုဆုံးမသလဲ၊ သားကနေပြီးတော့ အိမ်မှာရောက်လာတဲ့ ကလေးမလေးကို သူဘယ်လို ပြုမူဆက်ဆံသလဲ၊ ကလေးမလေးက သူ့အပေါ်မှာဘယ်လိုပြန်ပြီးတုံ့ပြန်သလဲ စတဲ့မေတ္တာကို ဖော်ပြတာဖြစ်ပါတယ်။

ရိုက်ကွင်းရိုက်ကွက်တွေလည်း တော်တော်သဘာဝကျတာတွေ့ရတယ်။ သရုပ်ဆောင်တာတင်မဟုတ်ဘူး၊ ရိုက်ကွင်းရိုက်ကွက်တွေကိုလည်း သဘာဝကျကျ ရိုက်ထားတာပါ။ ရုပ်ရှင်ပညာနဲ့လုပ်ထားတာတွေ ပါကောင်းပါနိုင်ပါတယ်။ သို့သော် လုံးဝမရိပ်မိအောင်လုပ်ထားတာ ကျွန်တော်တို့တွေ့ရတယ်။ ဒါလည်းအတတ်ပညာတစ်ခုပါပဲ။


တွေ့ဆုံမေးမြန်းသူ။ ဇာတ်လမ်းအပေါ်ရဲ့ခံစားမှုကို ကျွန်မသိရှိရပါပြီရှင့်။

ထပ်ပြီးမေးမြန်းချင်တာကတော့ ဒီနှစ်ဟာဆိုရင် လန်ချန်း-မဲခေါင်စီမံကိန်းရဲ့ ၁၀ နှစ်ပြည့်ဖြစ်ပါတယ်။ လန်ချန်း-မဲခေါင်စီမံကိန်းကတစ်ဆင့် မြန်မာနိုင်ငံပြည်သူတွေရဲ့ လူမှုဘဝဖွံ့ဖြိုးရေးအပေါ် ဆောင်ရွက်ပေးနိုင်မှု သုံးသပ်ချက်ကို သိပါရစေရှင့်။

နိုင်ငံတော်သမ္မတ။ လန်ချန်း-မဲခေါင် စီမံကိန်းဟာ မြန်မာနိုင်ငံလည်း ဒီအထဲမှာ အကျိုးခံစားရတာ ဖြစ်ပါတယ်။ သူကနယ်ပယ်စုံပါပါတယ်။ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုတို့၊ လုပ်ငန်း နယ်ပယ်လေးတွေ သူကလုပ်ပေးသွားတာပါ။ အခြေခံလူတန်းစားပါ။ ဥပမာအားဖြင့် မြန်မာတိုင်းရင်းသားတွေရဲ့ ဒါမှမဟုတ် အခြေခံလူတန်းစားတွေရဲ့ လူမှုစီးပွားဘဝမြှင့်တင် နိုင်ဖို့အတွက် လုပ်ပေးတာပါပဲ။ နောက်တစ်ခုကအစိုးရဌာနတွေပါ၊ လုပ်ငန်းတွေ၊ ဌာနတွေရဲ့ Capacity စွမ်းဆောင်ရည်မြှင့်တင်ရေးတွေ သူတို့လုပ်ပေးတာ ဒါတွေကို ကျွန်တော်တွေ့ရပါတယ်။ အထောက်အကူရပါတယ်။ လန်ချန်း-မဲခေါင် စီမံကိန်းက မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး၊ အဓိက ကတော့ နယ်စပ်ဒေသမှာရှိတဲ့ တိုင်းရင်းသားတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအပေါ်မှာလည်း အထောက်အကူရတာ ကျွန်တော်တွေ့ရပါတယ်။ အကျိုးရှိတဲ့စီမံကိန်းတစ်ခုလို့ ကျွန်တော်မြင်ပါတယ်။


တွေ့ဆုံမေးမြန်းသူ။ အဓိက BRI စီမံကိန်းမှာ လက်ရှိမှာဆိုရင် တရုတ်-မြန်မာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုက ပိုမိုနက်ရှိုင်းလာပါတယ်။ BRI ဟာ မြန်မာနိုင်ငံအတွက် ဖြစ်ပေါ်စေတဲ့ အကျိုးစီးပွားနဲ့ အဓိပ္ပာယ်ဖော်ဆောင်နေမှုအပေါ် သိပါရစေရှင့်။

နိုင်ငံတော်သမ္မတ။ BRI ကတော့ သူ့လမ်းကြောင်းပေါ်မှာ ကျွန်တော်တို့ မြန်မာနိုင်ငံကလည်း အစိတ်အပိုင်းတစ်ခုအနေနဲ့ပါလာတာပါ။ ရည်ရွယ်ချက်ကိုက ကမ္ဘာကြီးကို ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တရုတ်နိုင်ငံကဆောင်ရွက်တဲ့ အစီအမံတစ်ခုပါပဲ။ အဲဒီအထဲမှာ မြန်မာ နိုင်ငံကလည်းပါလာတယ်။ တောင်ဘက်ဆင်းသွားတဲ့ လမ်းကြောင်းတစ်ခုရှိတယ်။ မြန်မာနိုင်ငံကို ဖြတ်ပြီး လမ်းကြောင်းငယ်တစ်ခုထပ်ပြီးတော့မှ အဲဒီကနေ တရုတ်-မြန်မာ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု စင်္ကြံလမ်းတစ်ခုရှိပါသေးတယ်။ အဲဒီအောက်မှာ ကျွန်တော်တို့သွားတာပါ။ ဒါတွေက မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ရော၊ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်တွေ တိုးတက်ရေးအတွက်ရော အများကြီးအထောက်အကူရပါတယ်။ လက်ရှိလည်း တချို့စီမံကိန်းလေးတွေ လုပ်နေတာတွေရှိပါတယ်။ မပြီးသေးပါဘူး။ သို့သော် ဒါတွေကလည်း မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး၊ အဲဒီကနေတစ်ဆင့် ကမ္ဘာကြီးနဲ့ချိတ်ဆက်တဲ့၊ အနောက်ဘက်ခြမ်းကိုချိတ်ဆက်ဖို့ သွားနိုင်တဲ့လမ်းကြောင်းတွေ ကျွန်တော်တို့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒါကတော့ ကောင်းတဲ့စီမံကိန်းတစ်ခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဒီစီမံကိန်းကိုအပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့ ကျွန်တော်တို့ ဆောင်ရွက်နေတယ်ဆိုတာကိုလည်း ပြောချင်ပါတယ်။


တွေ့ဆုံမေးမြန်းသူ။ လက်ရှိ ကမ္ဘာ့အခြေအနေကတော့ စိန်ခေါ်မှုတွေများပါတယ်။ လက်ရှိ အခြေအနေမှာဆိုရင် ကျွန်မတို့သမ္မတကြီး မစ္စတာရှီကျင့်ဖျင်က အဆိုပြုထားတဲ့ ကမ္ဘာလုံးဆိုင်ရာ အဆိုပြုချက် လေးခုရှိပါတယ်။ ဒီအဆိုပြုချက်လေးခုဟာ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအပေါ် သက်ရောက်နိုင်မယ့် အခြေအနေကို သမ္မတကြီးအနေနဲ့ ထင်မြင်ချက် သိပါရစေရှင့်။

​နိုင်ငံတော်သမ္မတ။ ကျယ်ပြန့်တဲ့ နယ်ပယ်လေးခုမှာလုပ်ထားတဲ့ သမ္မတကြီးရှီကျင့်ဖျင်ရဲ့ ကမ္ဘာကြီးနဲ့ပတ်သက်တဲ့ အစီအမံလေးချက်ရှိပါတယ်။ ဒါကောင်းတဲ့အရာပါပဲ။ အားလုံး လက်ခံနိုင်တဲ့ဟာပါ။ နိုင်ငံတွေရဲ့ အကျိုးစီးပွားလည်း ဘာမှထိခိုက်စရာ အကြောင်းမရှိပါဘူး။ တိုးတက်မှုကိုပဲ၊ ကောင်းမွန်တဲ့ရလဒ်တွေပဲရဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း ကောင်းတဲ့ စီမံကိန်းတစ်ခုလို့မြင်ပြီးတော့ ဒါကို ထောက်ခံတဲ့အကြောင်း ကျွန်တော်ပြောခဲ့ပြီး မြန်မာနိုင်ငံကလည်း အကောင်းဆုံးပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဖြေခဲ့တာရှိပါတယ်။ တကယ်လည်း ဒီနယ်ပယ်လေးခုလုံးကတော့ ကောင်းတဲ့ရည်ရွယ်ချက်နဲ့ လုပ်တဲ့ဟာတွေ ဖြစ်ပါတယ်ဆိုတာ ဘယ်လိုမှငြင်းလို့မရဘူးလို့ ကျွန်တော်ပြောချင်ပါတယ်။


တွေ့ဆုံမေးမြန်းသူ။ သမ္မတကြီးရှင့် နောက်ဆုံးမေးခွန်းအနေနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိဖွံ့ဖြိုးတိုးတက်မှုနဲ့ပတ်သက်ပြီး မေးမြန်းချင်ပါတယ်။ လက်ရှိအစိုးရသစ် တက်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဘယ်လို စီမံဆောင်ရွက်သွားမယ့်အခြေအနေကို သိရှိလိုပါတယ်။

နိုင်ငံတော်သမ္မတ။ ကျွန်တော်တို့ အစိုးရတစ်ရပ်အနေနဲ့ကတော့ တိုင်းပြည်တိုးတက်အောင်လုပ်ဖို့ တာဝန်ရှိပါတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ တိုင်းသူပြည်သားတွေ လူမှုစီးပွားဘဝတိုးတက်ဖို့ အဓိကရည်ရွယ်ပါတယ်။ လူမှုစီးပွား တိုးတက်ရမယ်။ ကျွန်တော်တို့က တိုးတက်မှုတွေလည်း နည်းနည်းနှေးကွေးနေတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါကို ပိုပြီးတော့ အရှိန်မြှင့်အောင်လုပ်ဖို့အတွက် ကျွန်တော်တို့ ဆုံးဖြတ်ထားတယ်။ ပြီးရင် နိုင်ငံတကာဆက်ဆံရေးတွေ ကောင်းအောင်၊ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးတွေ ကောင်းအောင်လုပ်ဖို့၊ နိုင်ငံတကာဆက်ဆံရေးကောင်းအောင်လုပ်ဖို့နဲ့ တိုင်းပြည်လည်းတိုးတက်အောင်လုပ်မယ်။ ဒါကတော့ ကျွန်တော်တို့အစိုးရရဲ့ ရည်မှန်းချက်တာဝန်ပါပဲ။


တွေ့ဆုံမေးမြန်းသူ။ သမ္မတကြီးအနေနဲ့ မြန်မာနိုင်ငံရဲ့လက်ရှိငြိမ်းချမ်းရေးအခြေအနေကို ဘယ်လိုမြင်ပါသလဲ၊ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ထာဝရတည်ငြိမ်အေးချမ်းဖို့ ဆက်လက်ဆောင်ရွက်မယ့်အစီအစဉ်ကို သိပါရစေရှင့်။

နိုင်ငံတော်သမ္မတ။ နိုင်ငံငြိမ်းချမ်းရေးကတော့ သဘောထား ကွဲလွဲမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့အပေါ်မှာ အခြေခံတာပါ၊ သဘောထားကွဲလွဲမှုတွေကို သဘောထားမကွဲလွဲ အောင်လုပ်ဖို့က ကျွန်တော်တို့လုပ်ရမှာပါ။ ဘယ်လိုသဘောထားကွဲလွဲတာလဲ။ နိုင်ငံရေးအရ သဘောထားကွဲလွဲတာလား၊ အုပ်ချုပ်ရေးအရသဘောထားကွဲလွဲတာလား၊ ဒါမှမဟုတ် ယဉ်ကျေးမှုအရ သဘောထားကွဲလွဲတာလား။ တိုင်းရင်းသားရေးအရသဘောထားကွဲလွဲတာလား၊ ဒါတွေကို သဘောထားကွဲလွဲမှုတွေမရှိအောင် ရအောင်အကောင်အထည်ဖော်ရမှာပါ။ ဒါကို တရားဥပဒေနဲ့အညီသွားရမှာပါ။ ကျွန်တော်တို့က ငြိမ်းချမ်းတဲ့ခေတ် ဒီမိုကရေစီ ခေတ်ရောက်နေတယ်ဆိုတဲ့အတွက်ကြောင့် အားလုံးကညှိနှိုင်းဆွေးနွေးပြီးတော့သွားမှာပါ။ သို့သော်လည်းပဲ နိုင်ငံတိုင်း၊ နိုင်ငံတိုင်းမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေရှိပါတယ်။ ဥပဒေတွေနဲ့အညီပဲ ကျွန်တော်တို့ကသွားရမှာပါ။ ဘယ်နိုင်ငံကမှ ဥပဒေကိုကျော်လွန်ပြီးတော့ လုပ်လို့မရပါဘူး။ No one is above the law ဆိုပြီးတော့ရှိပါတယ်။ ဥပဒေအထက်မှာ ဘယ်သူမှသွားလုပ်လို့မရဘူး၊ ဥပဒေဘောင်အတွင်းမှာ လိုအပ်ရင်လည်းပြင်ဆင်မှုတွေ ကျွန်တော်တို့လုပ်ရမှာပါ။ မြန်မာနိုင်ငံမှာ ဒီလိုမျိုးလုပ်သင့်လုပ်ထိုက်တဲ့ဟာတွေကိုလုပ်ဖို့ ရည်ရွယ်ထားပါတယ်။ ဒါဆိုရင်တော့ မြန်မာနိုင်ငံငြိမ်းချမ်းရေးကလည်း မလွဲမသွေရမယ်လို့ ယုံကြည်ပါတယ်။


တွေ့ဆုံမေးမြန်းသူ။ အဲဒီလို သဘောထားကွဲလွဲမှုတွေကို သဘောတူညီမှုရရှိဖို့အတွက် ဘယ်ကဏ္ဍတွေကို ဆောင်ရွက်သင့်ပါသလဲ။

နိုင်ငံတော်သမ္မတ။ လူတွေရဲ့ဆန္ဒမှာ ဖြစ်ချင်တာကိုပြောမယ့်အစား ဖြစ်နိုင်တာကို၊ ဖြစ်သင့်တာကို ပြောမယ်ဆိုရင်တော့ သဘောထားကွဲလွဲမှုတွေ အများကြီးလျော့ကျသွား လိမ့်မယ်။ လူတွေက ဖြစ်ချင်တဲ့ဆန္ဒတွေ အများကြီးရှိတယ်၊ ဒါပေမယ့် ဖြစ်ချင်တာတွေက မဖြစ်နိုင်ဘူး။ ဖြစ်သင့်တာနဲ့ဖြစ်နိုင်တာပဲလုပ်လို့ရမယ်။ ဒါကြောင့် သဘောထား ကွဲလွဲမှုတွေမှာလည်း ဖြစ်ချင်တာကို ပြောနေမယ့်အစား ဖြစ်နိုင်တာနဲ့ဖြစ်သင့်တာကို ဆောင်ရွက်သွားမယ်ဆိုရင် ခက်ခက်ခဲခဲလုပ်စရာမလိုဘူးလို့ ကျွန်တော်မြင်တယ်။ ဒီလို မျိုးစိတ်တော့ ရှိဖို့လိုတယ်။


တွေ့ဆုံမေးမြန်းသူ။ လက်ရှိမှာ တရုတ်-မြန်မာနှစ်နိုင်ငံဟာ ငြိမ်းချမ်းစွာအတူယှဉ်တွဲရေးမူဝါဒနဲ့အတူ ကျင့်သုံးဆောင်ရွက်လျက်ရှိပါတယ်။ ဒီငြိမ်းချမ်းစွာ အတူယှဉ်တွဲရေးမူဝါဒနဲ့အညီ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအစိုးရသစ်နဲ့ လက်ရှိဆက်ဆံမှုတွေကို ဆောင်ရွက်လျက်ရှိပါတယ်။ ဒီအပေါ်မှာသမ္မတကြီးအနေနဲ့ ထင်မြင်ချက်ကိုသိပါရစေရှင့်။

နိုင်ငံတော်သမ္မတ။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲရေးမူ ၅ ရပ်ကတော့ ကမ္ဘာမှာစံထားရတဲ့ မူတစ်ခုဖြစ်ပါတယ်။ မနေ့က သမ္မတကြီး ရှီကျင့်ဖျင်နဲ့လည်း ဒါကိုပြောပြပါတယ်။ ကမ္ဘာမှာ စံထားရမယ့်ကိစ္စ၊ အားလုံးကလက်ခံတယ်၊ ဒါကြောင့် ကျွန်တော်တို့ နှစ်နိုင်ငံကလည်း ငြိမ်းချမ်းစွာအတူယှဉ်တွဲရေး မူကြီး ၅ ရပ်အပေါ်မှာယှဉ်တွဲပြီး လုပ်ရမယ်ဆိုရင် ဆွေမျိုးပေါက်ဖော်နိုင်ငံ၊ အေးအတူပူအမျှ အသိုက်အဝန်းအကျိုးခံစားတဲ့ နိုင်ငံဆိုတာ ထာဝရတည်မြဲခိုင်ခံ့မှာ၊ ကျွန်တော်တို့တွေပဲ အဆင်ပြေနေလို့မရဘူး၊ သားစဉ်မြေးဆက် နှစ်ပေါင်း များစွာအထိ ချစ်ခင်ရင်းနှီးမှု၊ ယုံကြည်မှု၊ ယုံကြည်စိတ်ချရတဲ့ နှစ်နိုင်ငံအဖြစ် ရှိနေရမှာဖြစ်ပါတယ်။ ဒီလိုကျွန်တော်တို့ သွားရမှာဖြစ်ပါတယ်။ နှစ်နိုင်ငံတည်းမဟုတ်ပါဘူး၊ တစ်ကမ္ဘာလုံးနိုင်ငံတွေ အားလုံးလက်ခံကျင့်သုံးရမယ့်စနစ်တစ်ခုလို့ ကျွန်တော်ပြောချင်ပါတယ်။


တွေ့ဆုံမေးမြန်းသူ။ တရုတ်တစ်နိုင်ငံတည်းမူဝါဒဆိုတာ တရုတ်နိုင်ငံရဲ့ခိုင်မာတဲ့ သန္နိဋ္ဌာန်ဖြစ်ပါတယ်၊ ဒီအပေါ်မှာ သမ္မတကြီးအနေနဲ့ ဘယ်လိုသုံးသပ်ပါသလဲရှင့်။

နိုင်ငံတော်သမ္မတ။        တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ကျွန်တော်တို့ကထောက်ခံတယ်ဆိုတာ ဟိုးအရင်ကတည်းက ထောက်ခံခဲ့တာပါ၊ နိုင်ငံဆိုတာ တစ်နိုင်ငံတည်းရှိပါတယ်။ ကွဲပြားခြားနားတယ်ဆိုတာမရှိပါဘူး။ တစ်နိုင်ငံတည်း မူဝါဒပဲရှိပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဒါကို အပြည့်အဝထောက်ခံတယ်။ လက်ရှိလည်း ဒီအတိုင်းပဲ ကျွန်တော်ရပ်တည်မယ်။ နောင်လည်း ဒီအတိုင်းပဲ ရပ်တည်သွားမှာ ဖြစ်ပါတယ်။


တွေ့ဆုံမေးမြန်းသူ။ သမ္မတကြီးအနေနဲ့ ဖြည့်စွက်ပြောကြားလိုတာများ ရှိပါသလားရှင့်။

နိုင်ငံတော်သမ္မတ။ ပြည့်စုံပါတယ်။ ကျွန်တော်တို့ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေးနယ်ပယ်ကတော့ တော်တော်နက်ရှိုင်းပါတယ်။ ကျယ်လည်း ကျယ်ဝန်းပါတယ်။ ဒါကို ကျွန်တော်တို့က ခိုင်ခိုင်မာမာဖြစ်အောင် ဆက်လုပ်သွားဖို့ပဲလိုပါတယ်။ လက်ရှိကာလမှာပဲ ပြေလည်ဖို့မဟုတ်ပါဘူး။ နှစ်ပေါင်းများစွာ ခိုင်မာအောင်ဆောင်ရွက်သွားဖို့ လိုပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှု၊ ချစ်ခင်မှုရှိဖို့လိုပါတယ်။ ကွဲကွဲပြားပြား ဖြစ်နေလို့မရပါဘူး၊ ဒေသတွင်းမှာ အားလုံးစည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ရှိတာကတော့ အကောင်းဆုံးဖြစ်ပါတယ်။ အိမ်နီးနားချင်းကောင်းနိုင်ငံအနေနဲ့ ကျွန်တော်တို့ဆက်လက်ရပ်တည်ပြီး ဆောင်ရွက်သွားမယ်ဆိုတာ ပြောချင်ပါတယ်။


တွေ့ဆုံမေးမြန်းသူ။ မေးမြန်းမှုများကို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

နိုင်ငံတော်သမ္မတ။        ကောင်းပါပြီ၊ ကျေးဇူးတင်ပါတယ်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)