လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ဆီသယ်ယာဉ်များအား GPS တပ်ဆင်စေ၍ နည်းပညာဖြင့် ကြပ်မတ်စစ်ဆေးနေ - Myanmar National Post

Myanmar National Post

News Agency

Breaking

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ဆီသယ်ယာဉ်များအား GPS တပ်ဆင်စေ၍ နည်းပညာဖြင့် ကြပ်မတ်စစ်ဆေးနေ

 


နေပြည်တော်၊ ဇွန် ၂၂

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနအနေဖြင့် ဆီသယ် ယာဉ်(ဘောက်ဆာ)များတွင် GPS များတပ်ဆင်ထားရှိစေပြီး သတ်မှတ်လမ်းကြောင်းအတိုင်း မောင်းနှင်သွားလာမှု ရှိ၊ မရှိနှင့် စက်သုံးဆီများအား မသက်ဆိုင်သည့်နေရာများသို့ ရောက်ရှိမှုမရှိစေရေး Online Monitoring Center မှ တိုက်ရိုက်စောင့်ကြည့်စစ်ဆေးလျက်ရှိသည်။

ထိုသို့စောင့်ကြည့်စိစစ်ခဲ့ရာ ဆီသယ်ယာဉ်အမှတ် 5P/8614 ၊ နောက်တွဲအမှတ် 1TLR-9177 သည် ရန်ကုန်မြို့ (သီလဝါ) မှ ကရင်ပြည်နယ် ဘားအံမြို့သို့ စက်သုံးဆီပို့ဆောင်ရန်ဖြစ်သော်လည်း ကျိုက်ထိုမြို့အနီးတွင် ရပ်တန့်နေကြောင်း သံသယဖြစ်ဖွယ်တွေ့ရှိရသဖြင့် ရေနံနှင့် ရေနံ ထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီသို့ သတင်းပေးစုံစမ်းစေခဲ့ရာ အဆိုပါဆီသယ်ယာဉ်အား မရမ်းချောင်လုံခြုံရေးဂိတ်တွင် ဖမ်းမိခဲ့ပြီး စက်သုံးဆီများကို သက်ဆိုင်ရာနေရာသို့ ပို့ဆောင်ခြင်းမပြုဘဲ တရားမဝင်လွှဲပြောင်းရောင်းချခဲ့ကြောင်း စိစစ်တွေ့ရှိ ရသဖြင့် ကျိုက်ထိုမြို့မရဲစခန်းတွင် (ပ)၁၇၃/၂၀၂၆ “အရေးကြီး ကုန်စည်များဆိုင်ရာ ဥပဒေပုဒ်မ ၅” ဖြင့် အမှုဖွင့်လှစ်အရေးယူဆောင်ရွက်ခဲ့သည်။

ထို့အတူ ဆီသယ်ယာဉ်အမှတ် 9D-8840၊ နောက်တွဲယာဉ်အမှတ် TLR-9550 သည် ရန်ကုန်မြို့ (သီလဝါ)မှ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့သို့ စက်သုံးဆီပို့ဆောင်ရန်ဖြစ်သော်လည်း ကျိုက်ထိုမြို့နှင့် ဘီးလင်းမြို့အကြား အလိုတော်ပြည့်ဘုရားအနီးတွင် ရောက်ရှိရပ်တန့်ထားသည်ကို သံသယဖြစ်ဖွယ် စစ်ဆေးတွေ့ရှိ ရသဖြင့် အဆိုပါဆီသယ်ယာဉ်အား ပိတ်ဆို့ရှာဖွေစစ်ဆေးစေခဲ့ရာ မုဒုံမြို့နယ် ဒိုးမားကျေးရွာအုပ်စု ဒိုးမားကျေးရွာအနီး မော်လမြိုင်-သံဖြူဇရပ်ကားလမ်းဘေးတွင် ယာဉ်မောင်းမရှိဘဲ ရပ်တန့်ထားသည့် ဆီသယ်ယာဉ်အား စစ်ဆေးတွေ့ရှိရသဖြင့် မုဒုံ မြို့မရဲစခန်းတွင် ထိန်းသိမ်းစစ်ဆေးလျက်ရှိသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ဆီသယ်ယာဉ်များအား GPS တပ်ဆင်စေ၍ နည်းပညာဖြင့် ကြပ်မတ်စစ်ဆေးနေသည့်စနစ်အတွင်း ဝင်ရောက်ပြီးမှသာ ရေနံနှင့် ရေနံထွက်ပစ္စည်း သယ်ယူပို့ဆောင်ခြင်း ကြီးကြပ်လက်မှတ်များ ထုတ်ပေးသည့်စနစ်ဖြင့် ဆောင်ရွက်လျက်ရှိပြီး ယနေ့အထိ ဆီသယ်ယာဉ် ၅၁၀၆ စီးသည် GPS များ တပ်ဆင်၍ စနစ်အတွင်း ဝင်ရောက်ပြီးဖြစ်သည်။

ဝန်ကြီးဌာနအနေဖြင့် ကြီးကြပ်စစ်ဆေးသည့် နည်းပညာများကို အဆင့်မြှင့်တင်လျက်ရှိပြီး ဆီသယ်ယာဉ်တစ်စီးချင်း၏ သွားရောက်မည့်လမ်းကြောင်းကို ထည့်သွင်းစေပြီး လမ်းကြောင်းမှ သွေဖည်ခြင်း၊ သံသယဖြစ်ဖွယ် အချိန်ကြာမြင့်စွာ ရပ်တန့်နေခြင်းတို့ပြုလုပ်ပါက Control Center တွင် သတိပေး Alarm ပေါ်လာသည့်စနစ်ကို AI နည်းပညာသုံး၍ အဆင့်မြှင့်တင်ဆောင်ရွက်လျက် ရှိပြီး စည်းကမ်းလိုက်နာခြင်း မရှိသည့်ယာဉ်များကို လုပ်ငန်းလုပ်ကိုင်ခွင့် ချက်ချင်းရပ်ဆိုင်း၍ လုပ်ငန်းရှင်များအပါအဝင် သက်ဆိုင်သူများကိုလည်း ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)