နေပြည်တော်၊ ဇွန် ၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီသည် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ဦးတည်၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လွတ်လပ်ပြီးကြိုတင်ကန့်သတ်ချက် များ မထားသည့် ဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်နိုင်ရန် ၂၀၂၆ ခုနှစ် ဧပြီ ၂၁ ရက်တွင် ကြေညာချက် အမှတ် ၁/၂၀၂၆ ဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးနိုင်ရန် ဖိတ်ခေါ်ခဲ့သည်။
ထိုသို့ဖိတ်ခေါ်ချက်အရ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ(NCA-S EAOs) ဆွေးနွေးညှိနှိုင်းရေးအဖွဲ့တို့ အလွတ်သဘောတွေ့ဆုံ ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်း တွင် နေပြည်တော်ရှိ M Gallery ဟိုတယ်၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်း ရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ ရှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီ (RCSS) အတွင်းရေးမှူး(၁) စဝ်စိုင်းငင်း၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ အတွင်းရေးမှူး(၁) စောကျော်ညွန့်၊ မွန်ပြည်သစ်ပါတီ (NMSP) ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်အောင်မငေး၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) အထွေထွေ အတွင်းရေးမှူး ကျာယာကုတ်၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) စစ်ရေးချုပ် စောစိန်ဝင်း၊ ရခိုင်ပြည်လွတ် မြောက်ရေးပါတီ (ALP) အထွေထွေအတွင်းရေးမှူး စောမြသန္တာ၊ NCA-S EAOs အဖွဲ့များ၏ ညှိနှိုင်းရေးမှူးများဖြစ်ကြသော ဦးမျိုးဝင်းနှင့် နန်းယဉ်ယဉ်စိုးတို့ ပါဝင်သည့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်း ရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေး ဖော်ဆောင်မှု ဗဟိုကော်မတီသည် ၂၀၂၆ ခုနှစ် ဧပြီ ၂၁ ရက်တွင် ကြေညာချက်အမှတ် ၁/၂၀၂၆ ဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေး နိုင်ရန် ဖိတ်ခေါ်ထားကြောင်း၊ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုများနှင့် တရားဝင်တွေ့ဆုံ ဆွေးနွေးမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ၄၃ ချက် အား လွှတ်တော်သို့ တင်ပြနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ တက်ရောက်လာသည့် NCA-S EAOs ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ အနေဖြင့်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်း များ(NCA-S EAOs) ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ရှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီ (RCSS) အတွင်းရေးမှူး (၁) စဝ်စိုင်းငင်းက အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုကော်မတီ၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက် ထုတ်ပြန်ခဲ့ပြီး ညှိနှိုင်းရေး ကော်မတီကလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ ခေါင်းဆောင်များအား တစ်ဖွဲ့ချင်းအလိုက် စာဖြင့်ဖိတ်ခေါ်ကမ်းလှမ်းမှုအပေါ် ကြိုဆိုပါကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖော်ဆောင်မှု ဆိုင်ရာ NCA-S EAOs ၏ ရည်မှန်းချက်များဖြစ်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို လက်ရှိအခြေအနေ များနှင့်အညီ ပြန်လည် ဖော်ဆောင်ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်သင့်သော အဖွဲ့အစည်းများ ပါဝင်လာနိုင်စေရေးနှင့် ရေရှည်တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းမှုတည်ဆောက်နိုင်ရေးတို့နှင့် ပတ်သက်၍ ပြောကြားခဲ့ပြီး ယခုဆွေးနွေး ပွဲသည် ကောင်းမွန်သည့် ရလဒ် များရမည်ဟုမျှော်လင့်ကြောင်း ပြောကြားသည်။
ယင်းနောက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီက ဆောင်ရွက်မည့် ငြိမ်းချမ်းရေးအစီအစဉ် များအားရှင်းလင်းဆွေးနွေးပြီး NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ(NCA-S EAOs) ဆွေးနွေးညှိနှိုင်းရေးအဖွဲ့က ၎င်းတို့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်မှုဆိုင်ရာ သဘောထား များကို အဆိုပြု တင်ပြသည်။
ဆက်လက်၍ NCA-S EAOs ဆွေးနွေးညှိနှိုင်းရေးအဖွဲ့၏ အဆိုပြု တင်ပြချက်များအပေါ် မူတည်၍ တက်ရောက်လာသူများက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အကောင်အထည်ဖော်ရာတွင် ဖြေလျှော့မှုများ၊ ငြိမ်းချမ်းရေးဆိုင်ရာမူဝါဒနှင့် လုပ်ငန်းစဉ်များ၊ ယန္တရားများကို အဆင့်ဆင့်ချ မှတ်ဆောင်ရွက်နိုင်ရေး၊ ကြိုတင်သတ်မှတ်ချက်များမပါသော အပစ်အခတ်ရပ်စဲရေးနှင့် သက်ဆိုင်သူများအကြား အပစ်အခတ်ရပ်စဲရေးလုပ်ငန်းစဉ်ကို ဖော်ဆောင်ရေး၊ နိုင်ငံရေး သဘောထားကွဲလွဲမှုကို နိုင်ငံရေးနည်းဖြင့် ဆွေးနွေး အဖြေရှာရေးအတွက် သက်ဆိုင်သူများအား တိုက်တွန်းရေး၊ ယုံကြည်မှုတည်ဆောက်ခြင်း လုပ်ငန်းစဉ်ကို ဖော်ဆောင်နိုင်ရေး၊ NCA အနှစ်သာရကို အခြေခံသော အားလုံးပါဝင် နိုင်သည့် ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်ကို ဖော်ထုတ်ရေးနှင့် စဉ်ဆက်မပြတ် ဖော်ဆောင်နိုင်ရေး၊ ပဋိပက္ခဖြစ်ပွားရာ ဒေသများရှိဒေသခံပြည်သူများအနေဖြင့် ငြိမ်းချမ်းရေးအသီးအပွင့်များ ခံစားနိုင်ရန် အတွက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များဆောင်ရွက်ပေးနိုင်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတွက် နိုင်ငံတကာအကူအညီ များရရှိနိုင်ရေးနှင့် သက်ဆိုင်သူများအားလုံး ပါဝင်နိုင်မည့် အစည်းအဝေး ကျင်းပရာနေရာ (ပြည်တွင်း/ပြည်ပ)ကိုလည်း ရွေးချယ်ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေး ကြသည်။
ထို့နောက် တက်ရောက်လာကြသည့် NCA-S EAOs ဆွေးနွေးညှိနှိုင်းရေးအဖွဲ့က အစိုးရသစ် ရက် ၁၀၀ အတွင်း ငြိမ်းချမ်းရေးဖိတ်ခေါ်သည့် ကာလသတ်မှတ်ချက်၊ အစိုးရ၏ ငြိမ်းချမ်းရေး ဆိုင်ရာမူဝါဒ၊ လုပ်ငန်းစဉ်တို့နှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးမှု အပေါ် ညှိနှိုင်းရေးကော်မတီ တာဝန် ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။
ယင်းနောက် ဆွေးနွေးပွဲသဘောထားစုစည်းချက်များအား မှတ်တမ်းတင်နိုင်ရေး အတွက် ဆွေးနွေးညှိနှိုင်းကြပြီး တွေ့ဆုံဆွေးနွေးပွဲ ပထမနေ့ကို ရပ်နားကာ ဆွေးနွေးပွဲ ဒုတိယ နေ့ကို ဇွန် ၁၀ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
#MNP #News

No comments:
Post a Comment