နေပြည်တော်၊ ဇွန် ၅
NUG ၊ CRPH အကြမ်းဖက်အဖွဲ့များ၏ သွေးထိုးမြှောက်ပင့်ပေးမှုများကြောင့် PDF အမည်ခံအကြမ်းဖက်သမားများသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ထိခိုက်ပျက်စီးစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက် နေသော အုပ်ချုပ်ရေးတာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အေးချမ်းစွာနေထိုင်လျက် ရှိသော ဒေသခံပြည်သူများအား လက်နက် အားကိုးဖြင့် အနိုင်ကျင့်၊ ဗိုလ်ကျ၊ ဖမ်းဆီးနှိပ်စက်၊ သတ်ဖြတ်ခြင်း၊ ခြိမ်းခြောက်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကိုတရားဥပဒေမဲ့ ကျူးလွန် လျက်ရှိသည့်အပြင် ဌာနဆိုင်ရာ အဆောက်အအုံများ၊ ပြည်သူပိုင်နေအိမ်များ၊ လမ်း၊ တံတား များအား Drop Bomb ချတိုက်ခိုက်ခြင်း၊ လက်ပစ်ဗုံး၊ လက်လုပ်ဗုံးနှင့် လက်လုပ်မိုင်းများ အသုံးပြု၍ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးခြင်းများကို ယုတ်မာရိုင်းစိုင်းစွာ ပြုလုပ်လျက်ရှိသည်။
ထိုသို့ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးခြင်းများကို လုပ်ဆောင်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးမှူးရုံးတွင် နိုင်ငံတော်အစိုးရ၏ လမင်းစီမံချက်ဖြင့် အသက် (၁၈)နှစ် ပြည့်ပြီး သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ်မရရှိသေးသည့် နိုင်ငံသား များ၊ အသက် (၁၀)နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူများအား ဥပဒေနှင့် အညီ နိုင်ငံသား စိစစ်ရေးကတ်ထုတ်ပေးခြင်းနှင့် e-ID စနစ်ဖြင့် Unique ID ကောက်ယူခြင်းလုပ်ငန်းကို အရှိန် အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိရာတွင် အကြမ်းဖက်သောင်းကျန်းသူများက ယုတ်မာရိုင်းစိုင်းစွာ လက်လုပ်ချိန်ကိုက်ဗုံးဖြင့် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ချိန်ကိုက်ဗုံးပေါက်ကွဲမှုကြောင့် ရုံးဝန်းအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသည့် ရုံးဝန်ထမ်း (၆)ဦးနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား လာရောက်လုပ်ဆောင်သည့် အပြစ်မဲ့အရပ်သား ပြည်သူ(၁၃)ဦး၊ စုစုပေါင်း(၁၉)ဦး တို့တွင် ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့ပြီး ရုံးခန်းများနှင့် ရုံးသုံးစာရွက်စာတမ်းများ ထိခိုက်ပျက်စီးခဲ့ကြောင်းသိရှိရသည်။ ဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာ ရရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ကိုင်းမြို့၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများက ယခုကဲ့သို့ အပြစ်မဲ့ပြည်သူများ ထိခိုက်သေကြေပျက်စီးစေလိုသည့် ယုတ်မာသောရည်ရွယ်ချက်ဖြင့် စစ်ရေးနှင့်သက်ဆိုင်ခြင်း မရှိဘဲ အေးချမ်းစွာ နေထိုင်လျက်ရှိသည့် ပြည်သူများအပေါ် အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်လုပ်ဆောင်ခဲ့ကြသည့်အတွက် ပြည်သူလူထုက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံ့ ချလျက်ရှိကြောင်းသိရှိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခဲ့ကြသည့် အကြမ်းဖက်သောင်းကျန်းသူများအား အမြန်ဆုံးဖမ်းဆီး၍ ဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရေး တာဝန်သိဒေသခံပြည်သူများနှင့် ပူးပေါင်း၍ စုံစမ်းဖော်ထုတ်လျက်ရှိကြောင်းနှင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ် စောင့်ရှောက်ရန်လိုအပ်သည့် နယ်မြေလုံခြုံရေး လုပ်ငန်းများကိုလည်း တိုးမြှင့်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။
#MNP #News









No comments:
Post a Comment