နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က PDF တွေကို ငြိမ်းချမ်းရေးရော၊ လုံခြုံရေးပိုင်းရော ဦးစားပေးပြီးရှင်းမှာပါ ဟု ပြောကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က PDF တွေကို ငြိမ်းချမ်းရေးရော၊ လုံခြုံရေးပိုင်းရော ဦးစားပေးပြီးရှင်းမှာပါ ဟု ပြောကြား


နေပြည်တော်၊ ဇွန် ၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ်သွားရောက်စဉ်အတွင်း Doordarshan (DD India News) သတင်းဌာန၏ တွေ့ဆုံ မေးမြန်းမှုများကို လက်ခံဖြေကြားခဲ့ရာတွင် ပထမဦးဆုံး PDF တွေကို ငြိမ်းချမ်းရေးရော၊ လုံခြုံရေးပိုင်းရော ဦးစားပေးပြီးရှင်းမှာပါ။ ပြီးရင် EAO ကျတော့ ငြိမ်းချမ်းရေးကဏ္ဍကနေသွားမှာပါ ဟု ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က "ငြိမ်းချမ်းရေးကတော့ အရေးကြီးဆုံးအခြေအနေပါပဲ။ နောက်လုံခြုံရေးကိစ္စပါ။ ငြိမ်းချမ်းရေး ဘာကြောင့်မရှိသလဲဆိုရင် သဘောထားကွဲလွဲမှုတွေ ဖြစ်လာတဲ့အတွက်ကြောင့် ငြိမ်းချမ်းရေးမရှိတာပါ။ သဘောထားကွဲလွဲမှုတွေနည်းအောင် ကျွန်တော်တို့က ငြိမ်းချမ်းရေးကို ရအောင်ဖော်ဆောင်မယ်။ ကျွန်တော်အခု တာဝန်ယူတဲ့နေ့မှာပဲ ကျွန်တော်က လွှတ်တော်ကိုလည်း ပြောတယ်၊ နိုင်ငံကိုလည်းပြောခဲ့ပါတယ်။ ကျွန်တော် ရက်ပေါင်း ၁၀၀ အတွင်းမှာ ငြိမ်းချမ်းရေး ရအောင်ကြိုးစားဆောင်ရွက်မယ်။ နောက် ၅ နှစ် အတွင်းမှာ တိုင်းပြည်ငြိမ်းချမ်းအောင် ကြိုးစားမယ်ဆိုပြီး ကျွန်တော်ပြောခဲ့တာရှိ ပါတယ်။ ငြိမ်းချမ်းရေးကတော့ ဖိတ်ခေါ်ထားတာရှိတယ်။ ဆွေးနွေးမှာပါ။ ဆွေးနွေးပြီးတော့ ကျွန်တော်တို့သွားကြရမှာပါ။ တစ်ဖက်ကလည်း လုံခြုံရေးအပိုင်းကို လုပ်ရမှာပါ။ တရားဥပဒေစိုးမိုးရေးလုပ်ရတာရှိပါတယ်။ နောက်တစ်ခါ ကျွန်တော်တို့ကို အကြမ်းဖက်ဆန့်ကျင်နေတဲ့အဖွဲ့၊ အကြမ်းဖက်ဆန့်ကျင်မှုမှာ နှစ်ပိုင်းရှိပါတယ်။ တစ်ခုကတော့ EAO တွေဖြစ်တယ်။ တစ်ခုကတော့ PDF တွေဖြစ်တယ်။ EAO ဆိုတာ Ethnic Armed Organization ၊ PDF ဆိုတာ People Defense Forces ဆိုပြီး PDF ကတော့ နိုင်ငံရေးသဘောထားကွဲလွဲမှုတွေကြောင့် ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ ပေါ်လာတဲ့အဖွဲ့ဖြစ်တယ်။ EAO ကတော့ လွတ်လပ်ရေးရပြီးကတည်းက သူတို့ရဲ့တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့ အကြောင်းအမျိုးမျိုးသောကိစ္စတွေနဲ့ ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင်အဖွဲ့တွေဖြစ်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့က ဒီနှစ်ပိုင်းခွဲကြည့်ရင် ပထမဦးဆုံး PDF တွေကို ငြိမ်းချမ်းရေးရော၊ လုံခြုံရေးပိုင်းရော ဦးစားပေးပြီးရှင်းမှာပါ။ ပြီးရင် EAO ကျတော့ ငြိမ်းချမ်းရေးကဏ္ဍကနေသွားမှာပါ။ ကျွန်တော်တို့ ဆွေးနွေးနေတာတော့ တော်တော်များနေပါပြီ။ သူတို့ရဲ့ လိုလားချက်တွေကလည်း မျိုးစုံဖြစ်တော့ ဒါတွေကိုရှင်းရတာပါ။ လိုလားချက်ကတော့ အများကြီးရှိမှာပဲ။ ဒါပေမယ့် ဖြစ်ချင်တာတွေ လျှောက်ပြောနေမယ့်အစား ဖြစ်နိုင်တာတွေနဲ့ ဖြစ်သင့်တာတွေပဲ လုပ်တာပိုပြီးကောင်းပါ တယ်။ ခင်ဗျားလည်းဖြစ်ချင်တာတွေ အများကြီးရှိမှာပဲ၊ ဟိုဟာလိုချင် တယ်၊ ဒီဟာလိုချင်တယ်၊ သို့သော်လည်း မဖြစ်နိုင်တာကို သွားပြီး လုပ်ရင်လည်းမရဘူး။ ကျွန်တော်တို့ဆီမှာ လူမျိုးပေါင်းများစွာရှိတယ်၊ တိုင်းရင်းသား လူမျိုးပေါင်းများစွာရှိတယ်၊ အဓိကတိုင်းရင်းသား ၈ မျိုးရှိတယ်။ တိုင်းရင်းသားလူမျိုးပေါင်း ၁၃၀ ကျော်လောက်ရှိတယ်။ ခင်ဗျားတို့နိုင်ငံမှာ ပိုပြီးများပါတယ်။ အဲဒီတော့တစ်ယောက်နဲ့ တစ်ယောက်သဘောထားတွေက မျိုးစုံဆိုတော့ ဘာနဲ့ရှင်းမလဲဆိုရင် ဥပဒေနဲ့ရှင်းမယ်။ Constitution အရပဲ ရှင်းမယ်၊ Constitution မှာ ဒါကို ကျွန်တော်တို့ကရအောင်လုပ်မှာပါ။ Constitution ကို အများကနေ လက်ခံနိုင်တဲ့ ဖြစ်နိုင်တဲ့ဟာ၊ မဖြစ်နိုင်တာကိုတော့ သွားပြောလို့မရဘူး။ ဒါကြောင့် ငြိမ်းချမ်းရေးက ပိုပြီးအရေးကြီးတယ်ဆိုတာ ကျွန်တော်ပြောတာပါ။ ပြီးရင် ဖွံ့ဖြိုးရေးဘက်ကိုသွားရမယ်။ အစိုးရတာဝန်ကတော့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့တာဝန်ရှိ တယ်။ ဖွံ့ဖြိုးတိုးတက်အောင် လုပ်တဲ့အခါမှာ ပြည်သူလူထုပါ အကုန်လုံးအကျုံးဝင်တယ်။ တိုင်းရင်းသားမှမဟုတ်ဘူး။ ပြည်သူလူထု အကုန်လုံးအကျုံးဝင်တဲ့ ဖွံ့ဖြိုးရေးကို ကျွန်တော်တို့လုပ်ပေးရမယ်။ ဒီလိုသွားမှရမယ်။ ဒါကြောင့် အရေးကြီးတာက ငြိမ်းချမ်းရေးက နံပါတ်တစ်ပဲ။ ဒုတိယကတော့ တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးကတော့ ဆက်ပြီးလုပ်ရမှာပဲ။ နောက်တစ်ပြိုင်တည်းမှာပဲ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ သွားရပါမယ်။ ဒီလိုသွားဖို့ရှိပါတယ်။ ဒါက ကျွန်တော့်သဘောထားပါပဲ" ဟု ပြောကြားခဲ့သည်။

အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအကြား အဝေးပြေးလမ်းမကြီးစီမံကိန်းနှင့် ပတ်သက်၍ မေးမြန်းလာသည့်အပေါ် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က "ကျွန်တော်တို့ ၂၀၂၁ ခုနှစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေအရ အဲဒီနေရာတွေမှာ မတည်မငြိမ်ဖြစ်ခဲ့တယ်။ အဲဒီနေရာတွေကို တပ်မတော်က အကုန်လုံးရှင်းလင်းနေပါတယ်။ အဲဒီနယ်စပ်နဲ့နီးတဲ့ ကျွန်တော်တို့ရဲ့ အဓိကမြို့ကြီးတစ်မြို့ရှိပါတယ်။ ကလေးနဲ့ တမူးဆက်သွယ်တဲ့လမ်းကြောင်းကို ဖွင့်နိုင်ဖို့အတွက် အမြန်ဆုံးကြိုးစားနေတာရှိပါတယ်။ နယ်စပ်ဂိတ်ကိုဖွင့်လို့ရပြီ ဖြစ်ပါတယ်။ အဲဒီကနေ မြန်မာနိုင်ငံအလယ်ပိုင်းကိုဖြတ်ပြီး ထိုင်းနိုင်ငံကို သွားလို့ရပြီ။ အဓိကကတော့ မြန်မာနဲ့ အိန္ဒိယနယ်စပ်ဒေသ ပုံမှန်အခြေအနေ ပြန်လည်ရရှိရေးကတော့ ပိုအရေးကြီးပါတယ်။ ဒါကို ကျွန်တော်တို့ ဦးစားပေးဆောင်ရွက်နေပါတယ်။ အင်မတန်အလေးထားတဲ့ စီမံကိန်းတစ်ခုဖြစ်တယ်ဆိုတာ ကျွန်တော်ပြောလိုပါတယ်" ဟု ဖြေကြားထားသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)