ဂျကာတာ၊ ဇွန် ၁၉
အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ ဂျကာတာမြို့မှ သံရုံးယာယီတာဝန်ခံ ဦးမန်ဟောက်ထန်သည် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ ဥပဒေနှင့် လူ့အခွင့်အရေးဝန်ကြီးဌာနမှ ဥပဒေရေးရာဆိုင်ရာ ဒုတိယဝန်ကြီး Prof. Edward Omar Sharif Hiariej နှင့် ၎င်း၏ရုံးအဖွဲ့အား သွားရောက်တွေ့ဆုံခဲ့သည်။
တွေ့ဆုံမှုအတွင်း မြန်မာနှင့် အင်ဒိုနီးရှားတို့မှာ ချစ်ကြည်ရင်းနှီးသည့် အာဆီယံအဖွဲ့ဝင် နိုင်ငံများ ဖြစ်သည့်အားလျော်စွာ အပြည်ပြည်ဆိုင်ရာဥပဒေနှင့်အညီ နှစ်နိုင်ငံအကျိုးတူ ပူးပေါင်း ဆောင်ရွက်နိုင်မည့်နည်းလမ်းများ၊ တရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်ရေးကဏ္ဍဆိုင်ရာ ကိစ္စရပ်များအပေါ် အပြုသဘောဆောင် ဆွေးနွေးခဲ့သည်။
နှစ်နိုင်ငံ သီးခြားစီ ကျင့်သုံးလျက်ရှိသည့် ပြည်တွင်းဥပဒေများတွင် အပြည်ပြည်ဆိုင်ရာ ဥပဒေစံနှုန်း၊ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် အထွေထွေဥပဒေစည်းမျဉ်းများနှင့် ၎င်းတို့၏ ပြည်တွင်း ဥပဒေနှင့် တရားစီရင်မှုအပေါ် သက်ရောက်မှုနှင့်ပတ်သက်၍ ရင်းနှီးစွာ ဆွေးနွေးခဲ့ပါသည်။
ထို့ပြင် အင်ဒိုနီးရှားနိုင်ငံအတွင်း မြန်မာနိုင်ငံသားများ၏ အကျိုးစီးပွားအကာအကွယ်ပေးရေးနှင့်စပ်လျဉ်း၍ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မည့်နယ်ပယ်များကို ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။
#MNP #News



No comments:
Post a Comment