ချုံချင့်၊ ဇူလိုင် ၈
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ် ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ၈-၇-၂၀၂၆ ရက် နံနက် ၉:၀၀ နာရီတွင် စီချွမ်းပြည်နယ်၊ ချန်ဒူးမြို့တွင်ကျင်းပပြုလုပ်သည့် ၂၀၂၆ စီချွမ်း-တောင်အာရှနှင့် အရှေ့တောင်အာရှ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ညီလာခံ (2026 Sichuan-South Asia & Southeast Asia Business Development Cooperation Conference) သို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို “အနာဂတ်ဆီသို့ချိတ်ဆက်ပေးမည့် ဒီဂျစ်တယ်ဉာဏ်ရည်ခေတ်” (Digital Intelligence Era, Linking for Tomorrow) ဟူသောဆောင်ပုဒ်ဖြင့် ကျင်းပခဲ့ပြီး အရည်အသွေး မြင့်မားသော ကုန်ထုတ်စွမ်းအားသစ်များ၏ လမ်းကြောင်းများကို ဉာဏ်ရည်ထက်မြက်သော ထုတ် လုပ်မှု (Intelligence manufacturing)၊ ဒီဂျစ်တယ်ကုန်သွယ်မှု (digital trade)နှင့် နယ်စပ်ဖြတ် ကျော်ကုန်သွယ်မှု(cross-broder e-commerce) အပါအဝင် အဓိက ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။ အခမ်းအနားတွင် စီချွမ်း ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး မစ္စတာ Ren Jingdong၊ စီချွမ်းပြည်နယ် တရုတ်နိုင်ငံတကာ ကုန်သွယ်မှု မြှင့်တင်ရေးကောင်စီ (CCPIT Sichuan Council) ဥက္ကဋ္ဌ မစ္စ Lyu Furong၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး၊ တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး ကုန်သည်များအသင်း (CCOIC) ဒုတိယအထွေထွေအတွင်းရေးမှူးချုပ်၊ တောင်အာရှ ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအသင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (ASSRC CCI) ဥက္ကဋ္ဌနှင့် အာဆီယံ-တရုတ်ဗဟိုဌာန (ASEAN-China Centre) ကုန် သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဌာနခွဲ ညွှန်ကြားရေးမှူးတို့က အသီးသီးအမှာစကားပြောကြားခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ စီချွမ်းပြည်နယ် အစိုးရဌာနများမှ တာဝန်ရှိသူများ၊ CCPIT၊ တောင်အာရှနှင့် အရှေ့တောင်အာရှ ကုန်သည်ကြီးများအသင်း၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင် ရေးအေဂျင်စီများမှ ကိုယ်စားလှယ်များနှင့် ချုံချင့်မြို့နှင့် ချန်ဒူးမြို့ အခြေစိုက် ကောင်စစ်ဝန် ချုပ်ရုံး များမှ ကောင်စစ်ဝန်ချုပ်များနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်း (BRI) အတွင်း ပေါင်းစည်းပါဝင်လာစေရန်၊ အပြည်ပြည်ဆိုင်ရာ စက်မှုနှင့် ထောက်ပံ့ပို့ ဆောင်ရေးကွင်းဆက်များကို မြှင့်တင်ရန်၊ နှစ်ဦးနှစ်ဖက် ဘက်စုံစီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ရန်၊ ပူးပေါင်းဆောင်ရွက်မှု အသွင်ကူးပြောင်းရေး အရှိန် အဟုန်ကို မြှင့်တင်ရန် စသည့် အကြောင်းအရာများအပေါ် အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။
#MNP #News



No comments:
Post a Comment