အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ် အဖြစ်ခံယူလျက် သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ပေါ်ပေါက်စေရန် တာဝန်ယူ ဆောင်ရွက်လျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ် အဖြစ်ခံယူလျက် သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ပေါ်ပေါက်စေရန် တာဝန်ယူ ဆောင်ရွက်လျက်ရှိ






နေပြည်တော်၊ ဇူလိုင် ၈

 အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းတွင် ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း၊ ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးညွန့် နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးမှတာဝန်ရှိသူများ၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ CPU အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်များရာ အပါအဝင် စုစုပေါင်းအင်အား ( ၂၅၀ ) ဦး တက်ရောက်ခဲ့ကြသည်။

 ပထမဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က အဖွင့်အမှာစကား ပြောကြားရာ၌  နိုင်ငံ့ဝန်ထမ်းသည် အစိုးရ၏ မူဝါဒများကို အကောင် အထည်ဖော်ရာမှာ အဓိကအရေးပါသူများဖြစ်သလို နိုင်ငံတော်အစိုးရနှင့် ပြည်သူများအကြား ယုံကြည်မှုတည်ဆောက်ရေးတွင် အရေးပါသည့် ပေါင်းကူးတံတားသဖွယ်ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် မိမိတို့၏ ဆောင်ရွက်ရသည့် နယ်ပယ်ကဏ္ဍများအလိုက် ဖြောင့်မတ်တည်ကြည်မှု၊ တာဝန်ယူ/ တာဝန်ခံမှုရှိရန်၊ ပွင့်လင်းမြင်သာစွာဖြင့် ကျောသားရင်သားမခွဲခြားဘဲ မျှတစွာ ဆောင်ရွက် သွားကြရန်နှင့် အဂတိကင်းရှင်းတဲ့ နိုင်ငံ့ဝန်ထမ်းများဖြင့် သန့်ရှင်းသောအစိုးရနဲ့ ကောင်းမွန် သော အုပ်ချုပ်ရေးစနစ်တစ်ခုကို အောင်မြင်စွာအကောင်အထည်ဖော်တည်ဆောက်ရာမှာ အားလုံးပူးပေါင်းကူညီ ဆောင်ရွက်ကြရန် ပြောကြားခဲ့ပါသည်။

ယင်းနောက် ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်၏ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရာတွင် အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်း၊ စုံစမ်းစစ်ဆေး အရေးယူခြင်းဟူသည့် လုပ်ငန်းစဉ် (၃) ရပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ် အဖြစ်ခံယူလျက် သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ပေါ်ပေါက်စေရန် တစ်ခန်းတစ်ကဏ္ဍက တာဝန်ယူ ဆောင်ရွက်လျက် ရှိပါကြောင်း၊ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှု ပိုမိုရရှိစေရန်၊ နိုင်ငံတော်ဘဏ္ဍာငွေများ လေလွင့်ဆုံးရှံးမှု မရှိစေရန်အတွက် စိစစ်ဆောင်ရွက်လျက်ရှိပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၏ ရည်ရွယ်ချက်ဖြစ်သည့် အများပြည်သူ၏ အကျိုးစီးပွားကို အကာအကွယ်ပေးရန်၊ အဂတိလိုက်စားမှုကျူးလွန်သူများအား ထိရောက်စွာ အရေးယူရန်၊ အဂတိလိုက်စားမှုကင်းစင်သည့် လူ့အဖွဲ့အစည်းဖြစ်စေရန်အတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အစိုးရဝန်ကြီးဌာန၊  အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ သတင်းမီဒီယာများ အပါအဝင် သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များအားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် အထူးလိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

 ဆွေးနွေးပွဲတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ဦးအေးမင်းသောင်းက အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် စပ်လျဉ်း၍လည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာသူများက အဂတိလိုက်စားမှုနှင့်ပတ်သက်၍ သိရှိလိုသည့်အချက်များကို မေးမြန်းရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပါသည်။

 ၎င်းနောက် ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးညွန့် ခေါင်းဆောင်၍ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) များနှင့်တွေ့ဆုံကာ တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)