ဇူလိုင် - ၅ ( တနင်္ဂနွေနေ့ )
ကယ်လီဖိုးနီးယားပြည်နယ်မှာ ပြုလုပ်တဲ့ လွတ်လပ်ရေးနေ့ ရိုဒီယိုမြင်းစီးပြိုင်ပွဲအတွင်း အမေရိကန်အလံ အကြီးကြီးကို ကိုင်ဆောင်လာတဲ့ လေထီးခုန်သမားတစ်ယောက်ဟာ ဧည့်ခံဖျော်ဖြေရေး ဘီယာတဲထဲကို ပျက်ကျသွားခဲ့ပါတယ်။
ဒီမတော်တဆမှုဟာ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆက်ကရာမန်တိုမြို့အနီးက ဖော်ဆမ်ပရို ရိုဒီယိုပွဲရဲ့ ဖွင့်ပွဲ အခမ်းအနားအတွင်း ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဖြစ်ပွားခဲ့တာပါ။ ဒီပွဲဟာ အဲဒီမြို့ရဲ့ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ဇူလိုင်လ ၄ ရက် လွတ်လပ်ရေးနေ့ ရိုးရာပွဲတော်တစ်ခုဖြစ်ပြီး၊ ဒီနှစ်မှာတော့ အမေရိကန် လွတ်လပ်ရေး ကြေညာစာတမ်း လက်မှတ်ရေးထိုးခဲ့တဲ့ အနှစ် (၂၅၀) ပြည့် အထိမ်းအမှတ်ပွဲတွေရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ လေထီးခုန်သမားကနေ ကွင်းထဲကို အမေရိကန်အလံ သယ်ဆောင်လာပေးပြီး စတင်ဖွင့်လှစ်ပေးလေ့ရှိတဲ့ ရိုးရာရှိပါတယ်။
လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်ထဲမှာတော့ အလံကြီးက ကွင်းအပြင်ဘက်က သစ်ပင်တွေနဲ့ ငြိသွားပြီးတဲ့နောက်၊ လေထီးခုန်သမားဟာ အရှိန်နဲ့ပြုတ်ကျကာ ဘီယာတဲထဲကို ကျသွားတာကို မြင်တွေ့ရပါတယ်။ ABC7 သတင်းဌာနရဲ့ အဆိုအရ သူဟာ ပွဲကြည့်စင်တွေနဲ့ မလှမ်းမကမ်းနေရာကို သီသီလေး လွဲချော်ပြီး ပြုတ်ကျခဲ့တာ ဖြစ်ပါတယ်။
ကံကောင်းချင်တော့ လေထီးခုန်သမားကတော့ ဘေးကင်းခဲ့ပြီး နှုတ်ခမ်းပဲ နည်းနည်းပေါက်သွားတယ်လို့ ရိုဒီယိုပွဲ စီစဉ်သူတွေရဲ့ ပြောပြချက်ကို ကိုးကားပြီး ဒေသတွင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။ ပွဲကြည့်ပရိသတ်တွေထဲမှာလည်း ထိခိုက်ဒဏ်ရာရတဲ့သူ တစ်ယောက်မှ မရှိခဲ့ပါဘူး။
၁၉၆၀ ပြည့်နှစ်ကတည်းက နှစ်စဉ်မပျက် ကျင်းပလာခဲ့တဲ့ ဒီ ဖော်ဆမ်ပရိုရိုဒီယို ပွဲဟာ ကယ်လီဖိုးနီးယား မြောက်ပိုင်းမှာတော့ အကြီးကျယ်ဆုံး လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပွဲတွေထဲက တစ်ခုဖြစ်ပြီး၊ ညဘက်တွေမှာ မီးရှူးမီးပန်းတွေ ပစ်ဖောက်တာနဲ့ မျိုးချစ်စိတ်လှုံ့ဆော်တဲ့ ပြကွက်မျိုးစုံကို ထည့်သွင်းပြသလေ့ ရှိပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment