တာမွေ၊ ဇူလိုင် ၁၉
ယနေ့ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်သည့် (၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ဗိုလ်ချို(၁)ရပ်ကွက် ဗိုလ်ချုပ်ပြတိုက်လမ်း (ယခင်တာဝါလိန်းလမ်း)ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)၌ ယခင် နှစ်များအတိုင်း အများပြည်သူ အခမဲ့ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ရေးအတွက် ယနေ့နံနက် ၇နာရီမှ ညနေ ၅ နာရီအထိ အထူးပြပွဲအပါအဝင် ပြခန်းများကို ခင်းကျင်းပြသထားရာ ကျောင်း သား/သူများနှင့် ဆရာ/ ဆရာမများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အသင်းအဖွဲ့များ၊ ရဟန်းရှင်လူ ပြည်သူများ စိတ်ပါဝင်စားစွာ တစ်ခဲနက် လာရောက်ကြည့်ရှုလေ့လာခဲ့ကြပြီး အမျိုးသားပြတိုက် (ရန်ကုန်)မှ တာဝန်ရှိသူများက အသေးစိတ် လိုက်လံရှင်းပြခဲ့ကြသည်။
အဆိုပါ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)မှာ အမှတ်(၂၅)၊ ဗိုလ်ချုပ်ပြတိုက်လမ်း (ယခင်တာဝါလိန်းလမ်း)၊ ဗိုလ်ချို(၁)ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် တည်ရှိပြီး ဘဲဥပုံသဏ္ဌာန် မြေကွက်ဖြစ်၍ ခြံဝင်းအကျယ်မှာ ၂ ဒဿမ ၄၂၃ ဧကရှိသည်။ ၁၉၂၁ ခုနှစ်တွင် အနောက်တိုင်းဗိသုကာဟန် ရောနှောတည်ဆောက်ထားသော ၂၀ ရာစု ဥရောပပုံစံ ဖြစ်သည်။ နေအိမ်အဆောက်အဦမှာ ခြံဝင်းအတွင်းရှိသော ၁၈ ပေမြင့်သည့် ကုန်းပေါ်တွင် တောင်ဘက်သို့ မျက်နှာစာပြုကာ တည်ဆောက်ထားခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်၏ နောက်ခံသမိုင်းအကျဉ်း၌ ဖော်ပြချက်များအရ သိရသည်။
“၂၀၂၆-ခုနှစ် (၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဒီဗိုလ်ချုပ် အောင်ဆန်းပြတိုက်(ရန်ကုန်)ကို ရှေးမူမပျက် အကြီးစားပြုပြင်မွမ်းမံထားပါတယ်။ အဲဒီပြုပြင် မွမ်းမံထားတဲ့ အချက်အလက်တွေကို ဆောက်လုပ်ရေးဝန်ကြီးဌာနက Light Boxes (၅)ခုနဲ့ ပြသ ထားပါတယ်။ ဗိုလ်ချုပ်သက်ရှိထင်ရှားရှိစဉ်က စီးခဲ့တဲ့ မော်တော်ယာဉ်ကို ပြင်ဆင်ထားတဲ့ ပြကွက် (၅)ခုကိုလည်း ပြတိုက်အတက်လမ်းမှာ ပြသထားပါတယ်။ ပြတိုက်ကို တက်လာတဲ့ နေရာ ဝရံတာမှာ ဗိုလ်ချုပ်စာဖတ်နေတဲ့ ဆီလီကွန်ရုပ်တုကို ပြသထားပါတယ်။ ဗိုလ်ချုပ်ပြတိုက် ထမင်းစားခန်းမှာရှိတဲ့ ပန်းကန်တွေကိုလည်း အများပြည်သူများ လေ့လာနိုင်အောင် ထုတ်လုပ်တဲ့ နိုင်ငံများအလိုက် အထူးပြသထားပါတယ်။ ထမင်းစားခန်းရဲ့ ဘေးမှာရှိတဲ့ စတိုခန်းနေရာမှာ လည်း ဗိုလ်ချုပ်အောင်ဆန်းပြတိုက်အကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်းကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းအနေနဲ့ နိုင်ငံ့လွတ်လပ်ရေးအတွက် ဘယ်လိုတွေကြိုးပမ်းခဲ့တယ်ဆိုတဲ့ သမိုင်းကြောင်းတွေကို ဒီဂျစ်တယ် နည်းပညာပြကွက်အနေနဲ့ ဖန်တီးထားပါတယ်။ ဗိုလ်ချုပ် အောင်ဆန်းပြတိုက်ရဲ့ အစားအသောက် ပြင်ဆင်ခန်းမှာလည်း ဗိုလ်ချုပ်တို့မိသားစု မူလနေထိုင် ခဲ့တဲ့အတိုင်း ပြသထားပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ရဲ့ ဧည့်ခန်းမှာလည်း ဗိုလ်ချုပ် ဝတ်ဆင်ခဲ့တဲ့ ကုတ်အင်္ကျီရှည်ကိုလည်း ပြသထားပါတယ်။ နောက်ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်း စိုက်ပျိုးရေးလုပ်နေသည့် ပန်းချီကားကိုလည်း အဲဒီဧည့်ခန်းမှာပဲ ပြသထားပါတယ်။ ဗိုလ်ချုပ် အောင်ဆန်းပြတိုက်မှာရှိတဲ့ ဘုရားခန်းကိုတော့ ရုပ်ကြွပုံသဏ္ဍာန်နဲ့ပြသထားပါတယ်။ ဗိုလ်ချုပ်တို့ ဇနီးမောင်နှံနှစ်ဦး အိပ်ခန်းမှာတော့ ခရီးဆောင်သားရေသေတ္တာနှင့် ဗိုလ်ချုပ်ဝတ်ဆင်ခဲ့သော အဝတ်အစားမှတ်တမ်းဓာတ်ပုံများ၊ ကလေးများအခန်း ဘီရိုအတွင်းမှာရှိသည့် အောင်ဆန်းလင်း ဝတ်ဆင်ခဲ့သော အဝတ်အစား မှတ်တမ်းဓာတ်ပုံများကိုလည်း ပြသထားပါတယ်။ ဒီနေ့လာရောက် လေ့လာတဲ့ ပြည်သူတွေကို ရေသန့်တွေလည်း အခမဲ့ဝေငှပေးပါတယ်။ ပြတိုက်အထွက်မှာ (၅၅)လက်မ တီဗွီ၊ Touch Screen (၅)လုံးနှင့် ဉာဏ်စမ်းပဟေဠိတွေ ဖြေခိုင်းပြီး ဖြေနိုင်တဲ့ သူတွေကို ဆုအလိုက် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ပုံ လိုဂိုပါတဲ့ တီရှပ်တွေ၊ သောက်ရေခွက်တွေ၊ မှတ်စုစာအုပ်တွေ၊ ဘောပင်တွေ၊ သော့ချိတ်တွေ စသည့်အမှတ်တရလက်ဆောင်တွေပေးပြီး လာရောက်လေ့လာသူများ ပျော်ရွှင်စေဖို့ စီစဉ်ဆောင်ရွက်ပေးထားပါတယ်” ဟု အမျိုးသား ပြတိုက် (ရန်ကုန်) မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သီသီသောင်းကပြောသည်။
“ဒီဗိုလ်ချုပ်အောင်ဆန်းပြတိုက်မှာ ဗိုလ်ချုပ်သက်ရှိထင်ရှားရှိစဉ်က အသုံးပြုခဲ့တဲ့ အသုံး အဆောင်တွေသာမကဘဲ ဗိုလ်ချုပ်ရဲ့လေးစားအတုယူဖွယ်ကောင်းတဲ့ အရည်အချင်းတွေကို သိရှိ လေ့လာခွင့်ရတဲ့အတွက် ဗဟုသုတများစွာရရှိပါတယ်။ ဗိုလ်ချုပ်ပြတိုက်ကို မရောက်ဖူးတဲ့ လူတွေ ကိုလည်းလာစေချင်ပါတယ် ” ဟု ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)ကို လှည်းကူးမြို့နယ်မှ လာရောက်လေ့လာသူတစ်ဦးက ဆိုသည်။
ယနေ့ (၇၉) နှစ်မြောက် အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်) အား ယခင်နှစ်တို့ထက် နည်းပညာအစီအစဉ်တို့ကို တိုးမြှင့်ပြသထားပြီး ပြတိုက်အင်္ဂါရပ်များနှင့် အညီ ပြင်ဆင်ဆောင်ရွက်ထားသည့်အပြင် ဗိုလ်ချုပ်အောင်ဆန်းနှင့်ပတ်သက်သည့် မေးခွန်းများ ဖြေဆိုခြင်းဖြင့် အမှတ်တရလက်ဆောင်ပစ္စည်းများကို လက်ဝယ်အရောက် ချီးမြှင့်ခဲ့ရာ အဆိုပါ ပြပွဲသို့ ကျောင်းသား/သူများ နှင့် ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အသင်းအဖွဲ့များ၊ ရဟန်းရှင်လူပြည်သူများ စိတ်ပါဝင်စားစွာ အခမဲ့ ဝင်ရောက်ကြည့်ရှုလေ့လာခဲ့ကြပြီး အထူးပင် စည်ကားခဲ့ကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်
#MNP #News










No comments:
Post a Comment