နေပြည်တော်၊ ဇူလိုင် ၂၄
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယမန်နေ့က မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကို က အဂတိကင်းရှင်းစွာ ဆောင်ရွက်ပေးပါက ဝန်ထမ်းများအပေါ် ပြည်သူများက ယုံကြည်မှုရှိလာပြီး ဝန်ထမ်းများရဲ့ပုံရိပ် ကောင်းမွန်လာမှာဖြစ်ကြောင်း ပြောကြားသည်။
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကို က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံ့ဝန်ထမ်းဆိုတာ အစိုးရရဲ့ မူဝါဒများကို အကောင်အထည်ဖော်ရာမှာ အဓိကအရေးပါသူများ ဖြစ်သလို နိုင်ငံတော်အစိုးရနှင့် ပြည်သူများအကြား ယုံကြည်မှု တည်ဆောက်ရာမှာ အရေးပါတဲ့ ပေါင်းကူးတံတားသဖွယ် ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေနဲ့ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ရာမှာ ဖြောင့်မတ်တည်ကြည်မှုရှိရန်၊ တာဝန်ယူမှု / တာဝန်ခံမှုရှိရန်၊ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ရန်၊ ကျောသားရင်သား မခွဲခြားဘဲ မျှတစွာ ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ အဂတိကင်းရှင်းစွာ ဆောင်ရွက်ပေးပါက ဝန်ထမ်းများအပေါ် ပြည်သူများက ယုံကြည်မှုရှိလာပြီး ဝန်ထမ်းများရဲ့ပုံရိပ် ကောင်းမွန်လာမှာဖြစ်ပါကြောင်း၊ ဒါကြောင့် တိုင်းဒေသကြီးမှာ ကျင်းပတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အသိပညာပေး ဆွေးနွေးပွဲသို့ တက်ရောက်လာကြတဲ့ ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ အနေနဲ့ကလည်း ယခုအခမ်းအနားမှ ရရှိမည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် စပ်လျဉ်းတဲ့ အသိအမြင် ဗဟုသုတများကို မိမိမှတဆင့် မိမိပတ်ဝန်းကျင်၊ မိမိအဖွဲ့အစည်းသို့ ပြန်လည်မျှဝေပေးကြရန်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်မှာ ပါဝင်ကြဖို့ မိမိကစပြီး အဂတိလိုက်စားမှုကို ငြင်းဆိုဖို့ တိုက်တွန်းလိုပါကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit -CPU) များ ဖွဲ့စည်းပြီး အဂတိလိုက်စားမှုများ လျော့နည်း ပပျောက်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိပြီး (CPU)ရဲ့ လုပ်ငန်း တာဝန်များကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်သွားရမှာ ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း က အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ပြောကြားရာတွင် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှုနှင့် တည်ငြိမ်အေးချမ်းမှုကို အဟန့်အတားဖြစ်သည့် အဂတိလိုက်စားမှုကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် တွန်းလှန်တိုက်ဖျက်ရန် လိုအပ်ပါကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရာတွင် အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်း၊ စုံစမ်းစစ်ဆေး အရေးယူခြင်း ဆိုသည့် နည်းလမ်း သုံးသွယ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းများသည် တစ်ဦးကောင်း၊ တစ်ယောက်ကောင်းနှင့် ဆောင်ရွက်၍ရသည့် ကိစ္စမျိုး မဟုတ်ဘဲ နယ်ပယ်အသီးသီး၊ ကဏ္ဍအသီးသီးမှာရှိသည့် တစ်ဦး တစ်ယောက်ခြင်းစီက စပြီး အဖွဲ့အစည်းများအထိပါ ပူးပေါင်းဆောင်ရွက်ကြရမည့် လုပ်ငန်းဖြစ်ပါကြောင်း၊ “အဂတိပယ်ခွာ ပြည်သာယာ” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ အဂတိလိုက်စားမှု ပပျောက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း တိုက်တွန်း ပြောကြားသည်။
ဆွေးနွေးပွဲတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်နန်းရတနာထွန်း က အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် စပ်လျဉ်း၍လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထက် က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပြီး၊ တက်ရောက်လာသူများက အဂတိလိုက်စားမှုနှင့် ပတ်သက်၍ သိရှိလိုသည့် အချက်များကို မေးမြန်းရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။
၎င်းနောက် ကော်မရှင်အဖွဲ့ဝင် ဦးဝင်းဇော်မိုး ခေါင်းဆောင်၍ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) များနှင့် တွေ့ဆုံကာ တားဆီးကာကွယ်ရေး အဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကို၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း၊ ကော်မရှင်အဖွဲ့ဝင် ဦးဝင်းဇော်မိုး နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူများနှင့် CPU အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စုစုပေါင်း (၂၂၂)ဦး တက်ရောက်ခဲ့ကြသည်။
#News #MNP







No comments:
Post a Comment