မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က မြန်မာ့လက်ရွေးစင်အမျိုးသားအသင်းအား ကိုင်တွယ်ရန် နော်ဝေလူမျိုး၊ ဂျာမန်နိုင်ငံသား Jørn Andersen ကို ခေါ်ယူထားပါတယ်။
မြန်မာ့လက်ရွေးစင် အမျိုးသားအသင်း နည်းပြချုပ်သစ် စာချုပ် ချုပ်ဆိုခြင်းနှင့် သတင်းစာရှင်းလင်းပွဲ ယနေ့ (၈-၇-၂၀၂၆) ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်သည့်အတွက် မီဒီယာများကို ဖိတ်ကြားထားပြီး မြန်မာ့လက်ရွေးစင် အသင်း၏ နည်းပြချုပ်သစ်အဖြစ် ခန့်အပ်မည့် နော်ဝေလူမျိုး နည်းပြချုပ် ဂျွန် အန်ဒါဆင် (Jørn Andersen) အား စာချုပ် ချုပ်ဆိုခြင်းနှင့် သတင်းစာရှင်းလင်းပွဲ အခမ်းအနားကို တက်ရောက်သတင်းရယူနိုင်ရန် မီဒီယာများကို ဖိတ်ကြားထားခြင်း ဖြစ်ပါတယ်။
နော်ဝေနိုင်ငံသား Jørn Andersen ဦးဆောင်မယ့် မြန်မာ့လက်ရွေးစင် နည်းပြအဖွဲ့နှင့် ပတ်သက်၍ ထုတ်ပြန်ထားရာတွင် မြန်မာ့လက်ရွေးစင် အမျိုးသား ဘောလုံးအသင်းရဲ့ နည်းပြချုပ်သစ်အဖြစ် တာဝန်ယူဖို့ ဝါရင့်နော်ဝေလူမျိုး၊ ဂျာမန်နိုင်ငံသား နည်းပြ Jørn Andersen ဟာ (ဇူလိုင် ၇ ရက်) မှာ ရန်ကုန်မြို့သို့ တရားဝင် ဆိုက်ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။ သူဟာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျက်ရှိပြီး သဘောတူညီမှုများ ရရှိပြီးတာနဲ့ လာမယ့် ရက်ပိုင်းအတွင်းမှာ မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် ရာထူးအတွက် တရားဝင် စာချုပ်ချုပ်ဆိုမှု ပြုလုပ်သွားမှာ ဖြစ်ကြောင်း။
မြန်မာ့လက်ရွေးစင် အသင်းအနေနဲ့ ယခု ဇူလိုင်လနဲ့သြဂုတ်လအတွင်း ကျင်းပမယ့် ဗီယက်နမ်နှင့် နိုင်ငံတကာ ခြေစမ်းပွဲ၊ အိမ်/အဝေး ကစားရမယ့် အာဆီယံချန်ပီယံရှစ် ပြိုင်ပွဲ၊ ဟောင်ကောင်မှာ ကျင်းပမယ့် ဖီဖာ-အာဆီယံဖလား ပြိုင်ပွဲများ ယှဉ်ပြိုင်ရန် ရှိနေတဲ့အတွက် ကြိုတင်ပြင်ဆင်မှုများ အဖြစ် အောင်မြင်မှုစွမ်းဆောင်ပေးနိုင်မယ့် ပြည်ပနည်းပြသစ် တစ်ဦးကိုလည်း ရှာဖွေနေခဲ့တာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) ထံသို့ ဥရောပနှင့် တောင်အမေရိက တို့မှ နိုင်ငံခြားသားနည်းပြများ လျှောက်ထားခဲ့ကြတာ ဖြစ်ပြီး အာရှဘောလုံးလောကမှာ လုပ်ကိုင်ခဲ့ဖူးသလို အသင်းငယ်များကို အောင်မြင်မှုရအောင် ပုံဖော်ပေးနိုင်တဲ့ အန်ဒါဆင် ကိုခန့်အပ်ဖို့ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
အသက် ၆၃ နှစ်ရှိပြီ ဖြစ်တဲ့ အန်ဒါဆင် အနေနဲ့ နော်ဝေ လက်ရွေးစင်အဖြစ် ၂၇ ပွဲကစား၊ ၅ ဂိုးသွင်းယူထားခဲ့တဲ့ တိုက်စစ်မှူးတစ်ဦး ဖြစ်ခဲ့ပြီး ကစားသမား/နည်းပြအဖြစ် ဂျာမန်ဘောလုံး လောကမှာ အောင်မြင်မှုများနဲ့ ကျင်လည်ခဲ့ပါတယ်။ ဂျာမနီရောက် နော်ဝေ ဘောလုံးသမားထဲမှာမှ အကောင်းဆုံးပို့ကုန် တစ်ခုလို့ ၁၉၉၀ ဝန်းကျင် ဘောလုံးမီဒီယာတွေက အမွန်းတင်ခဲ့ပါတယ်။
ဂျာမန်ကလပ် မိန့်ဇ်အသင်းကို ဘွန်ဒက်စ်လီဂါသို့ တန်းတက်အောင် စွမ်းဆောင်ခြင်း (၂၀၀၈-၂၀၀၉)
သူဟာ ဂျာမနီကလပ် FSV Mainz 05 အသင်းကို ကိုင်တွယ်ခဲ့ပြီး အသင်းကို ဂျာမန်ဘွန်ဒက်စ်လီဂါ (ပထမတန်း) သို့ တန်းတက်ခွင့်ရရှိအောင် အဓိက စွမ်းဆောင်ပေးခဲ့ပါတယ်။ (သူ့နောက်ပိုင်းမှာမှ နာမည်ကျော်နည်းပြ သောမတ်စ် တူချယ်လ် က မိန့်ဇ်အသင်းကို ဆက်လက်ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။)
မြောက်ကိုရီးယားအသင်းကို ၂၆ နှစ်အတွင်း ပထမဆုံးအကြိမ် နိုင်ငံခြားသားနည်းပြအဖြစ် ကိုင်တွယ်ခြင်း (၂၀၁၆-၂၀၁၈) မြောက်ကိုရီးယားအသင်းကို ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း ပထမဆုံးသော နိုင်ငံခြားသားနည်းပြအဖြစ် သမိုင်းဝင် ခန့်အပ်ခံခဲ့ရပြီး အသင်းကို အရှေ့အာရှ/ အာရှဖလား ပြိုင်ပွဲတွေဆီ အောင်မြင်စွာ ပို့ဆောင်ပေးနိုင်ခဲ့ကာ အသင်းရဲ့ အဆင့်အတန်းကို မြှင့်တင်ပေးခဲ့ပါတယ်။
ဟောင်ကောင်လက်ရွေးစင်အသင်းနှင့် နှစ်ပေါင်း ၅၀ ကျော်အတွင်း အကြီးမားဆုံး သမိုင်းမှတ်တမ်း (၂၀၂၁-၂၀၂၄) - သူ့ရဲ့ နည်းပြဘဝ အတောက်ပဆုံးသော သမိုင်းမှတ်တမ်းတစ်ခုကတော့ ဟောင်ကောင်အသင်းကို အာရှရဲ့ အမြင့်မားဆုံးစင်မြင့်ဖြစ်တဲ့ ၂၀၂၃ အာရှဖလား (AFC Asian Cup) အုပ်စုအဆင့်ပြိုင်ပွဲဆီ ပို့ဆောင်ပေးနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါဟာ ဟောင်ကောင်အသင်းအတွက် နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့တဲ့ သမိုင်းဝင်အောင်မြင်မှု ဖြစ်ပါတယ်။
အန်ဒါဆင်ဟာ ဂျာမန်ဘောလုံး ကလပ်တွေနဲ့ ဘွန်ဒက်စ်လီဂါမှာ ကျင်လည်ခဲ့ပြီး လက်ရှိအချိန်မှာလည်း ဂျာမန်ပက်စ်ပို့ ကိုင်ဆောင်ထားသူဖြစ်တာကြောင့် နော်ဝေ/ဂျာမန် နှစ်နိုင်ငံလုံးက ဘောလုံးလောကနဲ့ ရင်းနှီးသလို အာရှဘောလုံးပြိုင်ပွဲတွေနဲ့လည်း အတွေ့အကြုံရှိပြီးသား ဖြစ်ပါတယ်။ သူကိုင်တွယ်ခဲ့တဲ့ အသင်းတွေကလည်း စည်းကမ်းပိုင်း၊ လေ့ကျင့်မှုအပိုင်း၊ စည်းလုံးညီညွတ်မှုအပိုင်း ပိုမိုကောင်းမွန်လာတယ်ဆိုတာလည်း တွေ့ရှိရပါတယ်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေနဲ့ အန်ဒါဆင်ကို တရားဝင်ခန့်အပ်ဖို့ ဆွေးနွေးပြီးတာနဲ့ စာချုပ်ချုပ်ဆိုမယ့် အခမ်းအနားနဲ့ အချက်အလက်များအား ဆက်လက်ထုတ်ပြန်ပေးသွားမှာ ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
#MNP #News

No comments:
Post a Comment