အမေရိကန်က အီရန်ဆိပ်ကမ်းတွေကို တိုက်ခိုက် - Myanmar National Post

Myanmar National Post

News Agency

Breaking

အမေရိကန်က အီရန်ဆိပ်ကမ်းတွေကို တိုက်ခိုက်


ဇူလိုင် - ၈ ( ဗုဒ္ဓဟူးနေ့ ) 

ရေနံတင်သင်္ဘော ၃ စီး ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းနေတုန်း တိုက်ခိုက်ခံရပြီးတဲ့နောက်ပိုင်း အီရန်နိုင်ငံအပေါ် နောက်ထပ်တစ်ကျော့ပြန် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်မယ့်အကြောင်း အမေရိကန်က ကြေညာလိုက်ပါတယ်။

အီရန်မီဒီယာတွေရဲ့ ဖော်ပြချက်အရ ဗုဒ္ဓဟူးနေ့ မနက်အစောပိုင်းမှာ ဟော်မုဇ်ဂန် တောင်ပိုင်းပြည်နယ်က ဘန္ဒါအဘတ်စ် ဆိပ်ကမ်း၊ ဆီရစ်ခ်ဆိပ်ကမ်းအပြင် ရေလက်ကြားရဲ့ အကျဉ်းဆုံးအပိုင်းနဲ့ နီးတဲ့ ကက်ရှ်မန်ကျွန်း  တွေမှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

US ဗဟိုစစ်ဌာနချုပ် (CENTCOM) က နိုင်ငံတကာရေပိုင်နက်အတွင်း အပြစ်မဲ့အရပ်သားတွေ မောင်းနှင်လာတဲ့ ကုန်သွယ်ရေးသင်္ဘောတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့အတွက် အီရန်နိုင်ငံအနေနဲ့ တန်ဖိုးကြီးကြီးမားမား ပြန်ပေးဆပ်ရစေဖို့ “ပြင်းထန်တဲ့ တစ်ကျော့ပြန် တိုက်ခိုက်မှုတွေ” ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

CENTCOM ရဲ့ အိတ်စ်(တွစ်တာ) စာမျက်နှာမှာ ဖော်ပြထားတဲ့ ကြေညာချက်ထဲမှာတော့ “အခု US ရဲ့ တိုက်ခိုက်မှုတွေဟာ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းမောင်းနှင်နေတဲ့ ကုန်သွယ်ရေးသင်္ဘော ၃ စီးကို အီရန်ဘက်က တိုက်ခိုက်ခဲ့တာကြောင့် တုံ့ပြန်တာဖြစ်ပါတယ်။ အီရန်ရဲ့ အခုလို ရန်စတိုက်ခိုက်မှုက ဘာအကြောင်းပြချက်မှမရှိဘဲ အန္တရာယ်များလှသလို အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကိုလည်း ဗြောင်ကျကျ ချိုးဖောက်လိုက်တာပဲ ဖြစ်ပါတယ်” လို့ ဆိုထားပါတယ်။ နောက်ပိုင်းမှာတော့ CENTCOM က အမေရိကန်တပ်ဖွဲ့တွေအနေနဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ၊ ကွပ်ကဲမှုဌာနချုပ်တွေ၊ ဒုံးကျည်စခန်းတွေနဲ့ အီရန်ရဲ့ အသေးစားလှေ/သင်္ဘော အစီး ၆၀ ကျော် အပါအဝင် ပစ်မှတ်ပေါင်း ၈၀ ကျော်ကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ထပ်မံထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန် သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Axios ရဲ့ ဖော်ပြချက်အရ အမေရိကန်အရာရှိတစ်ဦးက အခုတစ်ကြိမ် တိုက်ခိုက်မှုဟာ လွန်ခဲ့တဲ့ ၁၀ ရက်က လုပ်ခဲ့တဲ့ တိုက်ခိုက်မှုထက် “အတိုင်းအတာရော ပြင်းအားပါ ၄ ဆ ကနေ ၅ ဆလောက် ပိုကြီးမားတယ်” လို့ ပြောကြားခဲ့ပါတယ်။

မနေ့က အင်္ဂါနေ့အစောပိုင်းတုန်းက ဆော်ဒီအာရေဗျ၊ လိုင်ဘေးရီးယားနဲ့ မာရှယ်ကျွန်းစုနိုင်ငံ တို့ရဲ့ အလံစိုက်ထူထားတဲ့ ကုန်သွယ်ရေးသင်္ဘော ၃ စီးဟာ လက်နက်ကြီးကျည်တွေနဲ့ အတိုက်ခိုက်ခံခဲ့ရတာပါ။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကာတာနဲ့ ဆော်ဒီအာရေဗျနိုင်ငံတို့က အီရန်ရဲ့လက်ချက်ဖြစ်တယ်လို့ စွပ်စွဲပြစ်တင်ထားကြပါတယ်။ ကာတာနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ က မာရှယ်ကျွန်းစုအလံစိုက် LNG သဘာဝဓာတ်ငွေ့တင်သင်္ဘော တိုက်ခိုက်ခံရမှုကို ရှုတ်ချလိုက်ပြီး တီဟီရန် (အီရန်အစိုးရ) အနေနဲ့ “ကမ္ဘာ့စွမ်းအင်ထောက်ပံ့မှုလမ်းကြောင်းတွေကို အန္တရာယ်ပြုမယ့်အလုပ်မျိုး ဘယ်တော့မှ ထပ်မလုပ်ဖို့” တောင်းဆိုလိုက်ပါတယ်။

အီရန်အခြေစိုက် မီဒီယာတွေရဲ့ ဖော်ပြချက်အရ (အမည်မဖော်လိုတဲ့ အရာရှိတွေကို ကိုးကားပြီး) ကာတာနိုင်ငံပိုင် ရေနံတင်သင်္ဘောဟာ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းမောင်းနှင်နေတုန်း အီရန်ဘက်က “ထပ်ခါတလဲလဲ သတိပေးချက်တွေကို လျစ်လျူရှုခဲ့လို့” တိုက်ခိုက်ခံရတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အီရန်အစိုးရပိုင် Press TV သတင်းဌာနကလည်း အစိုးရသတင်းရင်းမြစ်တစ်ခုကို ကိုးကားပြီး - အခုလို မဟာဗျူဟာမြောက် အချက်အချာကျတဲ့ ရေလမ်းကြောင်းကို ဖြတ်သန်းသွားလာရာမှာ အီရန်နိုင်ငံက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ တရားဝင်လမ်းကြောင်းတွေအတိုင်းသာ တိတိကျကျ လိုက်နာမောင်းနှင်ရမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)