ဇူလိုင် - ၁၆ ( ကြာသပတေးနေ့ )
အမေရိကန်ဘက်က ဟော်မုဇ်ရေလက်ကြား ကို ထိန်းချုပ်ဖို့ ကြိုးစားလာတာကို တုံ့ပြန်တဲ့အနေနဲ့ ဒေသတွင်းက ရေနံနဲ့ သဘာဝဓာတ်ငွေ့ တင်ပို့မှုအားလုံးကို အပြီးတိုင် ပိတ်ပစ်နိုင်တယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က သတိပေးလိုက်ပါတယ်။
အင်္ဂါနေ့က ထုတ်ပြန်တဲ့ ကြေညာချက်တစ်ခုမှာတော့ IRGC က ဝါရှင်တန် (အမေရိကန်အစိုးရ) ဟာ ဒေသတွင်း စွမ်းအင်စီးဆင်းမှုတွေကို ကန့်သတ်ပြီး "ပင်လယ်ဓားပြတွေ" လို ပြုမူနေတယ်လို့ စွပ်စွဲလိုက်ပြီး အမေရိကန်နဲ့ သူ့ရဲ့မဟာမိတ်တွေဆီ ပို့ဆောင်နေတဲ့ တခြားကုန်သွယ်ရေးလမ်းကြောင်းတွေကိုလည်း တုံ့ပြန်ပိတ်ဆို့သွား နိုင်တယ်လို့ သတိပေးထားပါတယ်။
"ဒေသတွင်းက ရေနံနဲ့ သဘာဝဓာတ်ငွေ့ တင်ပို့မှုဆိုတာ လူတိုင်းအတွက် ဖြစ်ရင်ဖြစ်၊ မဖြစ်ရင်လည်း ဘယ်သူ့အတွက်မှ မဖြစ်စေရဘူး" လို့ အဲဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒီသတိပေးချက် ထွက်လာတဲ့အချိန်မှာပဲ IRGC ဘက်က ဘာရိန်းနိုင်ငံမှာရှိတဲ့ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို နောက်ထပ် တိုက်ခိုက်မှုတစ်ခု လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ ဘာရိန်းနိုင်ငံဟာ အမေရိကန်ရေတပ်ရဲ့ ပဉ္စမမြောက်ရေတပ်စု အခြေစိုက်တဲ့နေရာဖြစ်ပြီး ပါရှန်းပင်လယ်ကွေ့ထဲမှာ ဝါရှင်တန်ရဲ့ အဓိက ရေတပ်ဗဟိုချက်တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။
IRGC ရဲ့ အပြောအရ "နာစရာ- ၂" စစ်ဆင်ရေးရဲ့ ပဉ္စမမြောက်လှိုင်း တိုက်ခိုက်မှုဟာ အမေရိကန် ပဉ္စမမြောက် ရေတပ်စုပိုင် NSA စီမံခန့်ခွဲရေးစင်တာ၊ ကွပ်ကဲမှုနဲ့ ထိန်းချုပ်ရေးစင်တာ၊ စစ်ဘက်ဆိုင်ရာ အပိုပစ္စည်းနဲ့ စက်ပစ္စည်းတွေ သိုလှောင်ထားတဲ့ ဂိုဒေါင်ကြီးတွေနဲ့ လောင်စာဆီ သိုလှောင်ကန်တွေကို ပစ်မှတ်ထားခဲ့တာပါ။
မနက်အစောပိုင်း တိုက်ခိုက်မှုအတွင်းမှာ အဲဒီနေရာတွေအားလုံး "မှုန်ညက်နေအောင် ပျက်စီးသွားခဲ့တယ်" လို့ ကြေညာချက်မှာ ဆိုထားပါတယ်။ ဒါပေမဲ့ ဒီပြောဆိုချက်နဲ့ ပတ်သက်ပြီး အမေရိကန်စစ်တပ်ဘက်ကတော့ တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခြင်း မရှိသေးပါဘူး။
REF: RT
#MNP #News

No comments:
Post a Comment