ဇူလိုင် - ၂၅ ( စနေနေ့ )
ပင်လယ်နီထဲမှာ ဆော်ဒီသင်္ဘောတွေ တိုက်ခိုက်ခံရပြီးတဲ့နောက် စနေနေ့တုန်းက ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်တပ်တွေဟာ ဟူသီတွေ ထိန်းချုပ်ထားတဲ့ ယီမင်နိုင်ငံ ဟိုဒေးဒါ ဆိပ်ကမ်းမြို့က ပစ်မှတ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။ ပြည်တွင်းစစ်ဖြစ်နေတဲ့ ယီမင်နိုင်ငံရဲ့ နေရာတော်တော်များများကို ထိန်းချုပ်ထားတဲ့ အီရန်ကျောထောက်နောက်ခံပြု ရှီအိုက်အုပ်စု ဟူသီအဖွဲ့ဟာ ယီမင်အပေါ် မတရား "ပိတ်ဆို့ထားမှု" ကို တုံ့ပြန်တဲ့အနေနဲ့ ပြီးခဲ့တဲ့အပတ်က ဆော်ဒီအာရေးဘီးယားကို ရေကြောင်းအပြည့်အဝ ပိတ်ဆို့လိုက်ပြီလို့ ကြေညာခဲ့တာပါ။
မဟာမိတ်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် တာကီ အယ်လ်-မာလီကီ ကတော့ ဒီတိုက်ခိုက်မှုဟာ "ကုန်သွယ်ရေးသင်္ဘောတွေကို ခြိမ်းခြောက်ရာမှာ သုံးနေတဲ့" စစ်ဘက်ဆိုင်ရာ နေရာတွေကို ပစ်မှတ်ထားခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
ဟူသီ အယ်လ်မာစီရာ တီဗီရဲ့ အဆိုအရ ဆက်သွယ်ရေး စက်ရုံ/စခန်းအချို့ ထိမှန်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့ပြင် ယီမင် ပင်လယ်နီကမ်းလွန်က ကာမာရန်ကျွန်း တိုက်ခိုက်ခံရမှုမှာလည်း အမျိုးသမီးတစ်ဦး ဒဏ်ရာရသွားခဲ့တယ် လို့ အဆိုပါ ရုပ်သံက ဖြည့်စွက်ပြောပါတယ်။
အနာဒိုလူးသတင်းဌာနရဲ့ ဖော်ပြချက်အရ ဟူသီအဖွဲ့ရဲ့ နိုင်ငံရေး အတောင်ပံက ဒီတိုက်ခိုက်မှုတွေကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့ပြီး "တင်းမာမှုမြင့်တက်လာရင် ပိုပြီးတော့ တင်းမာတဲ့ နည်းလမ်းနဲ့ပဲ တုံ့ပြန်သွားမယ်" လို့ ကတိပြုပြောဆိုခဲ့ပါတယ်။
ဟိုဒေးဒါကို တိုက်ခိုက်ပြီး မကြာမီမှာပဲ ဟူသီတွေရဲ့ လက်စားချေ တုံ့ပြန်မှုလို့ ယူဆရတဲ့ တိုက်ခိုက်မှုကြောင့် ဆော်ဒီအာရေးဗီးယားရဲ့ စက်မှုမြို့တော် ဂျာဇန် မှာ ထိမှန်မှုတွေ ရှိခဲ့ကြောင်း သတင်းရရှိပါတယ်။ သတင်းတွေရဲ့ ဖော်ပြချက်အရ နိုင်ငံပိုင် အာရမ်ကို ရေနံကုမ္ပဏီက လည်ပတ်နေတဲ့ စက်ရုံတစ်ရုံမှာ မီးလောင်ကျွမ်းမှု အကြီးအကျယ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment