မြန်မာ-လာအို နယ်စပ် မဲခေါင်မြစ် ရေအားလျှပ်စစ်စီမံကိန်း ဖြစ်နိုင်ခြေစူးစမ်းလေ့လာမှုဆိုင်ရာ ပူးတွဲသဘောတူစာချုပ် လက်မှတ်ရေးထိုး - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာ-လာအို နယ်စပ် မဲခေါင်မြစ် ရေအားလျှပ်စစ်စီမံကိန်း ဖြစ်နိုင်ခြေစူးစမ်းလေ့လာမှုဆိုင်ရာ ပူးတွဲသဘောတူစာချုပ် လက်မှတ်ရေးထိုး


နေပြည်တော်၊ ဇူလိုင် ၅

လာအိုနိုင်ငံ၌ ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ၏ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အတွင်း မြန်မာ-လာအို လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာအရ မြန်မာ-လာအိုနယ်စပ်ရှိ မဲခေါင်မြစ်ကြောင်း တစ်လျှောက်တွင် ရေအားလျှပ်စစ် စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဖြစ်နိုင်ခြေစူးစမ်း လေ့လာမှုဆိုင်ရာ ပူးတွဲသဘောတူ စာချုပ်ကို ယမန်နေ့က လက်မှတ်ရေးထိုးကြသည်။

အဆိုပါ ပူးတွဲသဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ယနေ့တွင် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ရှိ Crowne Plaza Hotel ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

အခမ်းအနားတွင် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံစက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Dr. Manothong Vongsay က စီမံကိန်းသည် မြန်မာ-လာအို ချစ်ကြည်ရေး၏ အရေးပါသော ပြယုဂ်တစ်ခုဖြစ်ပြီး မြန်မာ-လာအို လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မူဘောင်အတွင်းမှ နှစ်နိုင်ငံအစိုးရများ၏ သဘောတူညီချက်ဖြင့် ဆောင်ရွက်သော စီမံကိန်းဖြစ်ကြောင်း၊ နှစ်နိုင်ငံ နယ်စပ်ဒေသသာမက မဟာမဲခေါင်မြစ်ဝှမ်းဒေသ တစ်ခုလုံးအတွက် အကျိုးကျေးဇူးများရရှိနိုင်မည့် စီမံကိန်းဖြစ်ကြောင်း၊ စီမံကိန်း၏ ဖြစ်နိုင်ခြေစူးစမ်း လေ့လာမှုများနှင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင် အကျိုးသက်ရောက်မှုဆန်းစစ်မှုများ အမြန်ဆုံးပြီးမြောက်စေရန်နှင့် စီမံကိန်းလျင်မြန်စွာအကောင် အထည်ဖော်ဆောင်နိုင်ရန်အတွက် လာအိုအစိုးရဘက်က အကောင်းဆုံး ပံ့ပိုးလမ်းညွှန်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်က ယနေ့ချုပ်ဆိုသော ပူးတွဲသဘောတူစာချုပ်သည် မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံ နယ်စပ်တွင်ရှိသော မဲခေါင်မြစ်ပေါ်တွင် ဖြစ်မြောက်နိုင်စွမ်းလေ့လာမှုကို မြန်မာနိုင်ငံဘက်မှ တာဝန်ပေးအပ်သော ကုမ္ပဏီနှင့် လာအိုနိုင်ငံဘက်မှ တာဝန်ပေးအပ်သော ကုမ္ပဏီများ ပူးပေါင်းဆောင်ရွက်မည့် စီမံကိန်းဖြစ်သောကြောင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့အတွက် အထူးအရေးပါသော စီမံကိန်းဖြစ်ပါကြောင်း၊ စီမံကိန်းပြီးစီးပါက ဒေသတွင်းလိုအပ်နေသော လျှပ်စစ်ဓာတ်အားကို တစ်ထောင့်တစ်နေရာမှ ဖြည့်ဆည်းပေးနိုင်မည် ဖြစ်သည့်အပြင် အာဆီယံဒေသတွင်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍ ရည်မှန်းချက်ပြည့်မီရေး အထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း၊ မဲခေါင်မြစ်သည် နှစ်နိုင်ငံနယ်စပ်မြစ်ဖြစ်သောကြောင့် စီမံကိန်းဆောင်ရွက်ရာတွင် မြန်မာ၊ လာအိုနှစ်နိုင်ငံ၏ ဒေသထုံးတမ်းအစဉ်အလာများ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး မြန်မာအစိုးရအနေဖြင့်လည်း စီမံကိန်းအောင်မြင်စေရန် အတတ်နိုင်ဆုံး ကြီးကြပ်လမ်းညွှန်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် နှစ်နိုင်ငံ ဒုတိယဝန်ကြီးများ ရှေ့မှောက်တွင် မြန်မာ-လာအို နယ်စပ်မဲခေါင်မြစ် ရေအားလျှပ်စစ်စီမံကိန်း ဖြစ်နိုင်ခြေစူးစမ်းလေ့လာမှုဆိုင်ရာ ပူးတွဲသဘောတူစာချုပ်ကို မြန်မာနိုင်ငံဘက်မှ တာဝန်ပေးအပ်သော Primus Sapphire Power Co., Ltd. နှင့် လာအိုနိုင်ငံဘက်မှ တာဝန်ပေးအပ်သော Phongsupthavy Group Sole Co., Ltd. တို့က လက်မှတ်ရေးထိုး လဲလှယ်ကြသည်။

အဆိုပါ ရေအားလျှပ်စစ်စီမံကိန်းသည် ခန့်မှန်းတပ်ဆင်အင်အား ၂၇၉၀ မဂ္ဂါဝပ်အထိ ထွက်ရှိနိုင်သော စီမံကိန်းဖြစ်ပြီး ဖြစ်နိုင်ခြေ စူးစမ်းလေ့လာမှုလုပ်ငန်းများကို ၃၄ လအတွင်း ပြီးစီးစေရန် မြန်မာကုမ္ပဏီနှင့် လာအိုကုမ္ပဏီတို့က ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)