နေပြည်တော်၊ ဇူလိုင် ၅
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ ၂၀၂၆ ခုနှစ် ပထမအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့ နံနက်ပိုင်းက ဒက္ခိဏသီရိ မြို့နယ်၊ မြနန္ဒာလမ်း၏ မြောက်ဘက်ခြမ်းမြေနေရာတွင် ကျင်းပပြုလုပ်ရာ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကံမြင့်သန်း၊ ဒုတိယမြို့တော်ဝန်၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင်များ၊ အမြဲတမ်းအတွင်းဝန်နှင့်ဌာနကြီးမှူးများ၊ ဌာနမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကံမြင့်သန်းက အမှာစကား ပြောကြားရာတွင် ယခုအခမ်းအနားကျင်းပရခြင်းမှာ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရန်၊ ရာသီဥတုသာယာမျှတကောင်းမွန်စေရန်၊ ဂေဟစနစ်ထိန်းသိမ်းနိုင်ရန်၊ ပြည်သူများ အေးချမ်းပျော်ရွှင်စွာ အပန်းဖြေနိုင်ရန်နှင့် သစ်ပင်၊ သစ်တောများ၏ အကျိုးကျေးဇူးကို သိရှိ နားလည်၍ သစ်တောသစ်ပင်များ ထိန်းသိမ်းရေးလုပ်ငန်းတွင် အများပြည်သူများ တက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း၊ လူသားများနေထိုင်ရာ ကမ္ဘာမြေကြီးတွင် လူဦးရေတိုးပွားလာခြင်းနှင့် တည်မှီအသုံးပြုမှု၊ ထုတ်ယူအသုံးပြုမှုများကြောင့် သစ်တောသစ်ပင်များအပါ သဘာဝသယံဇာတများ နေ့စဉ်မပြတ် ပျက်စီးဆုံးရှုံးလာနေကြောင်း၊ သစ်တောသစ်ပင် ပြုန်းတီး လျော့နည်းလာသလို တစ်ဖက်ကလည်း စက်မှုလုပ်ငန်းများ တိုးတက်လာခြင်း၊ Electronic နည်းပညာများတိုးတက်လာပြီး စက်မှုလုပ်ငန်းထွက် မီးခိုးများကြောင့် ကမ္ဘာကြီး ပူနွေးလာမှု၊ ရာသီဥတုဖောက်ပြန်မှု၊ ရေခဲတောင်များ အရည်ပျော်ခြင်း၊ ငလျင်လှုပ်ခြင်း၊ ရေကြီး ရေလျှံခြင်း စသည့် သဘာဝဘေးအန္တရာယ်အမျိုးမျိုး တွေ့ဆုံရင်ဆိုင်နေရကြောင်း၊ ကမ္ဘာ့နိုင်ငံများရှိ လူသားနှင့် သက်ရှိအားလုံးအတွက် စားဝတ်နေရေး ဖူလုံအဆင်ပြေစေရန် တိုက်ရိုက်သော် လည်းကောင်း သွယ်ဝိုက်၍သော်လည်းကောင်း၊ အရေးပါသော သစ်တောသစ်ပင်များ လျော့နည်း ပြုန်းတီးမှုမရှိစေရေးနှင့် သစ်တောသစ်ပင်များ တိုးပွားလာစေရန်အတွက် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် ပြည်သူလူထုကိုယ်တိုင်ပါဝင်သော မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို နိုင်ငံတစ်ဝန်း နှစ်စဉ်ကျင်းပဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့ကျင်းပသော နေပြည်တော်စည်ပင်သာယာရေး ကော်မတီ၏ ၂၀၂၆ ခုနှစ်၊ ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် အရိပ်လည်းရ လေလည်း ကာနိုင်ပြီး အမြဲစိမ်းလန်းတဲ့အပြင် ရာသီအလိုက် ဖူးပွင့်ကာ ရနံ့သင်းပျံ့၊ မျက်စိပသာဒ အလှအပကိုပါ ပေးစွမ်းနိုင်သော ပိတောက်၊ ခရေ၊ စိန်ပန်း၊ မဟော်ဂနီ၊ ငု၊ ပျဉ်းမစသည့် အပင်စုစုပေါင်း (၃၂၈)ပင် စိုက်ပျိုးမှာဖြစ်ကြောင်း၊ သစ်တောသစ်ပင်များ စိုက်ပျိုးထိန်းသိမ်းခြင်းဖြင့် ရာသီဥတုမျှတ ကောင်းမွန်စေပြီး ဂေဟစနစ်ကို ထိန်းသိမ်းနိုင်၍ ဇီဝမျိုးစုံမျိုးကွဲများ တိုးပွားလာ စေခြင်း၊ သဘာဝဘေးအန္တရာယ်တွေကို ကာကွယ်ပေးနိုင်ခြင်း၊ သစ်တောထွက်ပစ္စည်းများမှ လူနှင့် တိရစ္ဆာန်များအတွက် စားစရာရိက္ခာရရှိခြင်းစသည့် အကျိုးကျေးဇူးများစွာရရှိနိုင်ကြောင်း၊ သစ်တောသစ်ပင်များပြုန်းတီးခြင်းကလည်း မိုးရွာသွန်းမှုပုံစံများပြောင်းလဲခြင်း၊ နေ့အပူချိန် မြင့်မားခြင်း၊ မုန်တိုင်းများဖြစ်ပေါ်နိုင်ခြင်း၊ မိုးခေါင်ရေရှားခြင်းစသည့် အစွန်းရောက် မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ် တွေ့ကြုံရနိုင်ကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သည် နိုင်ငံ၏မြို့တော် ဖြစ်သည်နှင့် အညီ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး Green City , Clean City , Smart City ဖြစ်စေရေး အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ သစ်တောသစ်ပင်များ စိုက်ပျိုးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းနိုင်ပြီး ရေရှည်တည်တံ့ခိုင်မြဲမှုကို ဖြစ်ပေါ်စေခြင်း ၊ မြေဆီလွှာအရည်အသွေး ကောင်းမွန်လာခြင်း၊ လေထုသန့်စင်မှုကို အထောက်အကူဖြစ်စေခြင်း၊ ရေအရင်းမြစ်များထိန်းသိမ်း ထားရှိမှုကို အထောက်အကူဖြစ်စေခြင်း၊ ပတ်ဝန်းကျင်ကို အေးမြစေခြင်း၊ မြို့နေလူထု၏ စိတ်ကျန်းမာရေးကို တိုးတက်ကောင်းမွန်လာစေခြင်း၊ အိမ်ရာအဆောက်အဦများ ရေရှည်တည်တံ့ စေရန် အထောက်အကူဖြစ်စေခြင်း စသည့်အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်၍ နေပြည်တော် ကောင်စီနယ်မြေအတွင်း သစ်တောသစ်ပင်နှင့် ပန်းအလှပင်များဖြင့် စိမ်းလန်းစိုပြည်ပြီး သဘာဝ ပတ်ဝန်းကျင်သာယာလှပစေရေးနှင့် ယနေ့စိုက်ပျိုးသည့် သစ်ပင်များအား စဉ်ဆက်မပြတ် ရေရှည် တည်တံ့ခိုင်မြဲစွာ စိမ်းလန်းစိုပြည်ရှင်သန်စေရေးအတွက် ရာသီအလိုက်ပြုစုထိန်းသိမ်းခြင်းများကို အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် ပြောကြားခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကံမြင့်သန်းက မဟော်ဂနီပင်ကို စတင်စိုက်ပျိုးပေးပြီး ဒုတိယမြို့တော်ဝန်၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အရာထမ်း၊ အမှုထမ်းများ၏ သတ်မှတ်နေရာများတွင် ပိတောက်၊ ခရေ၊ စိန်ပန်း၊ မဟော်ဂနီ၊ ငု၊ ပျဉ်းမ စသည့် ပန်းအလှပင်စုစုပေါင်း (၃၂၈)ပင် စိုက်ပျိုးနေမှုများကို နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန်က လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရှိရသည်။
#MNP #News







No comments:
Post a Comment