ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ဘာသာ သာသနာအရေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ဘာသာ သာသနာအရေး


ပြည်ထောင်စုလွှတ်တော်တွင် ဖွဲစည်းပုံအခြေခံဥပဒေ (၂၀၀၈) ပြင်ဆင်နိုင်ရေးအတွက် ပုဒ်မ ၄၃၆ အပါအဝင် ဖြည့်စွက်ပြင်ဆင်သင့်သည့် အချက်ပေါင်း (၄၃) ချက်ကို ပေးပို့ထားခြင်းဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်နာယကရဲ့ ရှင်းလင်းပြောဆိုချက်အရ သိရပါတယ်။ နိုင်ငံတော်သမ္မတ ပေးပို့တဲ့ သဝဏ်လွှာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆(က) အရ ပြင်ဆင်/ဖြည့်စွက်သင့်သည့် အချက်များမှာ ပုဒ်မ-၄၊ ၅၊ ၈၊ ၁၁ (က)၊ ၁၉ (က)၊ ၂၀ (က)၊ ၂၂ (ဃ)၊ ၂၃ (ဂ)၊ ၂၇၊ ၃၀၊ ၅၃ (က)၊ ၅၉ (ဂ)၊ ၅၉ (ဃ)၊ ၁၀၆ (က)၊ ၁၀၆ (ခ)၊ ၂၄၈ (ဂ) တို့ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၄၃၆ (ခ) အရပြင်ဆင်/ ဖြည့်စွက်သင့်မည့် အချက်များမှာ ပုဒ်မ- ၆၄၊ ၁၃၄ (က)၊ ၁၃၄ (ခ)၊ ၁၈၈ (က)၊ ၂၃၂ (က)၊ ၂၃၅ (ခ)၊ ၂၃၉ (က)၊ ၂၄၄ (က)၊ ၂၄၅ (ခ)၊ ၂၅၀၊ ၂၆၁ (က) (၅)၊ ၂၆၁ (က) (၆)၊ ၂၈၆ (က) (၂)၊ ၂၈၈ (က)၊ ၂၈၈ (ခ)၊ ၃၂၂ (ခ)၊ ၃၂၂ (ဇ)၊ ၃၃၁၊ ၃၃၅၊ ၃၄၂၊ ၃၇၃၊ ၄၀၁ (က)၊ ၄၀၂၊ ၄၀၃၊ ၄၀၃(က)၊ ဇယား- ၁ နိုင်ငံခြားရေးကဏ္ဍအပိုဒ် (ဇ) နှင့် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးကဏ္ဍ အပိုဒ် (ည) တို့ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပြဋ္ဌာန်းချက်များအရ -

၄၃၃။ ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကိုပြင်ဆင်လိုပါက အောက်ဖော်ပြပါ သတ်မှတ်ထားသောနည်းလမ်းအတိုင်း ဆောင်ရွက်ရမည်-

(က) ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန် တင်သွင်းသောအဆိုကို ဥပဒေမူကြမ်းအဖြစ်ဖြင့် တင်သွင်း ရမည်၊

(ခ) ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန် အဆိုတင်သွင်းသော ဥပဒေမူကြမ်းတွင် အခြားအဆိုများ မပါရှိစေရ။

လို့ ပြဋ္ဌာန်းထားပါတယ်။

၄၃၄။ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်း ရမည်။

၄၃၅။ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်ရှိ လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းက တင်ပြလာလျှင် အဆိုပါပြင်ဆင်ချက် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်က လက်ခံဆွေးနွေးရမည်။

အထက်ပါ ပြဋ္ဌာန်းချက်များ ရှိသည့်အတွက်ကြောင့် နိုင်ငံတော်သမ္မတရုံးက ပေးပို့လာတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးသဝဏ်လွှာကို ပြည်ထောင်စုလွှတ်တော်ရှိ လွှတ်တော် ကိုယ်စားလှယ်များက ဥပဒေမူကြမ်းအဖြစ်နဲ့ တင်သွင်းပြီး ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်လို့ နိုင်ငံတော်သမ္မတရဲ့ သဝဏ်လွှာကို ကြည့်မယ်ဆိုရင် -

ငြိမ်းချမ်းရေးဖိတ်ခေါ်ပြီးနောက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီသည် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် ၇ဖွဲ့ (ALP ၊ DKBA ၊ KNU/ KNLA-PC ၊ LDU ၊ PNLO ၊ RCSS နှင့် NMSP ၊ NCA လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ (UWSP ၊ NDAA ၊ SSPP) တို့နှင့် ၂၀-၅-၂၀၂၂ ရက်မှ၂၂-၉-၂၀၂၃ ရက်ထိ စုစုပေါင်း (၂၈)ကြိမ်၊ မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးသည့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့နှင့် ၂ဝ-၁-၂ဝ၂၂ ရက်မှ ၂၄-၁-၂၀၂၅ ရက်အထိ စုစုပေါင်း (၁၄)ကြိမ် တွေ့ဆုံဆွေးနွေး ညှိနှိုင်းခဲ့ကြပါကြောင်း၊ ထိုသို့ဆွေးနွေးခဲ့ရာတွင် EAOs များနှင့် ညှိနှိုင်းရရှိခဲ့သည့် ၂၁ ချက်အပါအဝင် နိုင်ငံရေးပါတီများအစုအဖွဲ့နှင့် ညှိနှိုင်းရရှိခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) မှ ပြင်ဆင်/ဖြည့်စွက်သင့်သည့် အချက် ၄၃ ချက်အား သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့ပါကြောင်း ဖော်ပြထားခြင်းကို ကြည့်ခြင်းအားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးသည် တစ်ဦးတစ်ယောက် တစ်ဖွဲ့၏ သဘောထားဆန္ဒအလျှောက် ပြင်ဆင်ခြင်းမျိုးမဟုတ်ဘဲ ဘုံသဘောဆန္ဒအရ ပြင်ဆင်ခြင်းဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆောင်ရွက်ကြတော့မှာဖြစ်လို့ ဆရာတော် သံဃာတော်များနဲ့ တွေ့ဆုံတဲ့အခါမှာ ဆရာတော်များကလည်း ဘာသာ သာသနာအတွက် ဆောင်ရွက်ပေးသင့်တဲ့အချက်လေးတွေကို မိန့်ကြားပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို အကြောင်းပြုပြီး ဘာသာရေးတန်းညှိလာတဲ့ပြဿနာ ယခင် NLD အစိုးရလက်ထက်မှာ ဖြစ်ခဲ့တဲ့အခြေအနေကို ပြန်လည်သုံးသပ်ပြောဆိုကြတယ်။ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ အဖြစ် ပြန်လည်သတ်မှတ်ပေးနိုင်ဖို့ အဆိုပြုသင့်တဲ့ အခြေအနေတွေကို ဆွေးနွေးပြောဆိုလာကြပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံရေးသမားတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပြင်ဆင်ချင်တဲ့ အချက်တွေကိုတောင် ပြင်ဆင်ပေးတယ်ဆိုရင် ဘာသာ သာသနာအတွက် ပြင်ဆင်ပေးသင့်တဲ့အချက်တွေကိုလည်း အမျိုး ဘာသာ သာသနာကို အလေးထားတဲ့ အဖွဲ့အစည်းများအနေနဲ့ ပြင်ဆင်ဆောင်ရွက်ပေးဖို့ ဖြစ်နိုင်ခြေများပါတယ်။

စာရေးသူရဲ့ အမြင်အရဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေ "ပုဒ်မ ၃၆၁။ နိုင်ငံတော်သည် ဗုဒ္ဓဘာသာသာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံသားအများဆုံး ကိုးကွယ်ရာ ဖြစ်သော ဂုဏ်ထူးဝိသေသနနှင့်ပြည့်စုံသည့် ဘာသာသာသနာဖြစ်သည်ဟုနိုင်ငံတော်က အသိအမှတ် ပြုသည်။" လို့ ပြဋ္ဌာန်းထားပါတယ်။ ဒီပုဒ်မမှာ အနည်းငယ် ဖြည့်စွက်ရုံမျှနဲ့ အဆင်ပြေစေမယ့် ပြင်ဆင်ချက်တစ်ခုက "နိုင်ငံတော်ဘာသာ သာသနာ" ဆိုတဲ့ အချက်ပါပဲ။ ပုဒ်မ ၃၆၁ မှာ "နိုင်ငံတော်သည် ဗုဒ္ဓဘာသာသာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံသားအများဆုံး ကိုးကွယ်ရာ ဖြစ်သော ဂုဏ်ထူးဝိသေသနနှင့်ပြည့်စုံသည့် နိုင်ငံတော်ဘာသာ သာသနာဖြစ်သည်ဟုနိုင်ငံတော်က အသိအမှတ် ပြုသည်။" လို့ ပြဋ္ဌာန်းပေးရင် ပြည့်စုံလုံလောက်သွားမှာ ဖြစ်ပါတယ်။

နောက်တစ်ချက်အနေနဲ့ နှစ်စဉ် ဝါခေါင်လပြည့်နေ့ရောက်တိုင်း ဆရာတော်သံဃာတော်များက ဦးဆောင်ပြီး သမ္မကြီး မန်းဝင်းမောင်၊ ဝန်ကြီးချုပ် ဦးနု၊ လွှတ်တော်ကိုယ်စားလှယ်ကြီးများဖြစ်ကြတဲ့ ဒီးဒုတ်ဦးဘချို၊ ဒေါ်ခင်လှတင့် တို့ရဲ့ ဆောင်ရွက်ချက်ဖြစ်တဲ့ နိုင်ငံတော်ဘာသာနေ့ အခမ်းအနားတွေကို ကျင်းပကြပါတယ်။ ဒီဆောင်ရွက်ချက်ဟာ တိုင်းပြည်လွတ်လပ်ရေးရပြီးစအချိန် နိုင်ငံခေါင်းဆောင်များရဲ့ ဆောင်ရွက်ချက်ကို သမိုင်းမှတ်တမ်းအဖြစ်နဲ့ ဂုဏ်ပြုကျင်းပနေသည့်တိုင်အောင် ယနေ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံတော်ဘာသာ သာသနာဆိုတဲ့ ပြဋ္ဌာန်းချက် မရှိသလို နိုင်ငံတော်ဘာသာနေ့ ဆိုတဲ့ သတ်မှတ်ပြဋ္ဌာန်းချက်လည်း မရှိတဲ့အတွက် ယခင် မဲလိမ်မဲခိုးမှုတွေ ကျူးလွန်ခဲ့တဲ့ ဘာသာ သာသနာကို ဖျက်ဆီးစော်ကားလိုတဲ့ အစိုးရမျိုး ပေါ်ပေါက်လာခဲ့သော် နိုင်ငံတော်ဘာသာနေ့ အခမ်းအနား ကျင်းပတာတွေကို ကန့်သတ်ပြီး သံဃာတော်များကို ဖမ်းဆီးအရေးယူသည်အထိ နောက်ဆက်တွဲ ပြဿနာများ ပေါ်ပေါက်လာနိုင်ပါတယ်။ လက်ရှိအစိုးရအနေနဲ့လည်း လိုလားသည့်အချိန်တွင် လိုလားသည့်သဘောမျိုး ခွင့်ပြုထားသော်လည်း ဥပဒေပြဋ္ဌာန်းချက် မရှိသည့်အတွက် အရေးယူဆောင်ရွက်လိုသည့်အခါ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်လာနိုင်ပါတယ်။ 

ဒါကို သတိပြုဆင်ခြင်ရမှာ ဖြစ်ပြီး ဆရာတော်သံဃာတော်များ နှစ်စဉ် ဦးဆောင်ကျင်းပလျက်ရှိတဲ့ ဝါခေါင်လပြည့်နေ့ကို နိုင်ငံတော်ဘာသာနေ့အဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖြည့်စွက်ပြဋ္ဌာန်းပေးဖို့ လိုအပ်ပါလိမ့်မယ်။ ပုဒ်မ ၃၆၁၊ ပုဒ်မခွဲ (က) အနေနဲ့ (ဝါခေါင်လပြည့်နေ့ကို နိုင်ငံတော်ဘာသာ သာသနာနေ့အဖြစ် သတ်မှတ်သည်။) ဆိုရင် ပြည့်စုံလုံလောက်သွားမှာ ဖြစ်ပါတယ်။

ဒါတွေကို အကြံပြုတင်ပြရခြင်းက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဟာ ဆောင်ရွက်တော့မှာ ဖြစ်သည့်အတွက် ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူပြည်သူများက တညီတညွတ်တည်း ဝိုင်းဝန်းတောင်းဆိုကြမယ်ဆိုရင် လိုအပ်ချက်မရှိ ပြည့်စုံသွားမှာ ဖြစ်တဲ့အတွက်ကြောင့် အကြံပြုတင်ပြခြင်း ဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပုဒ်မ ၃၆၁ ကို ပြင်ဆင်ရန်အတွက်ဆိုပါမူ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပုဒ်မ (၄၃၆) (ခ) နဲ့ အကြုံးဝင်တဲ့အတွက်ကြောင့် ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်ကြီးများကသာ အလေးထားဆောင်ရွက်ပေးမယ်ဆိုရင် ပြည်သူ့ဆန္ဒခံယူပွဲ လုပ်စရာမလိုဘဲ ပြင်ဆင်လို့ ရတဲ့ ဥပဒေပုဒ်မ ဖြစ်ခြင်းကြောင့် နိုင်ငံတော် ဘာသာ သာသနာအဖြစ် တရားဝင် ပြဋ္ဌာန်းပေးဖို့ လိုလားတောင်းတနေကြတဲ့ ရဟန်းရှင်လူ ပြည်သူများအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆောင်ရွက်မည့်အချိန်မှာ တပါးတည်းဆောင်ရွက်နိုင်အောင် တိုက်တွန်းတောင်းဆိုကြဖို့ ဖြစ်ပါတယ်။

ကမ္ဘာ့အင်အားကြီးနိုင်ငံများဖြစ်စေ၊ ဖွံ့ဖြိုးဆဲနိုင်ငံများဖြစ်စေ ခရစ်ယာန်ပြည်သူများစွာ ရှိတဲ့တိုင်းပြည်မှာ ခရစ်ယာန်ဘာသာ သာသနာကို အလေးထားပြီး ဆောင်ရွက်ကြသလို အစ္စလာမ်ဘာသာဝင် အများစုရှိတဲ့ တိုင်းပြည်များမှာ အစ္စလာမ်ဘာသာ သာသနာကို အလေးထားပြီး ဘာသာရေးစဉ်းမျဉ်းများကို ဥပဒေသဖွယ် လိုက်နာဆောင်ရွက်ရသည်အထိ ရှိနေပါတယ်။ 

မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာဝင် ပြည်သူအများစုရှိတဲ့ တိုင်းပြည်ဖြစ်သလို ဗုဒ္ဓဘာသာဝင်များသည် ဘာသာရေးအရ ရန်လိုအမုန်းပွားအောင် လုပ်ဆောင်မှု နည်းပါတယ်။ ပြည်တွင်းမှာ ပေါ်ပေါက်ခဲ့တဲ့ ပဋိပက္ခများကို ပြန်လည်သုံးသပ် ဆင်ခြင်ကြည့်မည်ဆိုလျှင်လည်း ဗုဒ္ဓဘာသာဝင်များအပေါ် ကိုယ်ထိလက်ရောက် စော်ကားမှုများကြောင့် ပဋိပက္ခများ ပေါ်ပေါက်ခဲ့ရသည်ကို လေ့လာတွေ့ရှိရမှာပဲ ဖြစ်ပါတယ်။ 

နိုင်ငံတော်သမ္မရုံးက ပေးပို့တဲ့ သဝဏ်လွှာမှာ ဘာသာ သာသနာနဲ့ ပတ်သက်တဲ့ ပြင်ဆင်ချက်တွေ ပါဝင်လာခြင်း မရှိတာကတော့ နိုင်ငံရေးသမားများ၊ တိုင်းရင်းသားလက်နက်ကိုင်များ ဆိုသည်မှာ ဘာသာ သာသနာအပေါ် အလေးထားမှု အားနည်းခြင်းကြောင့် ဒီအချက်တွေကို မျက်ကွယ်ပြု ချန်လှပ်ခဲ့ခြင်း ဖြစ်လိမ့်မယ်လို့ ယူဆရပါတယ်။ သို့သော် ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်ကြီးများအနေနဲ့ကတော့ ရဟန်းရှင်လူ ပြည်သူများရဲ့ ထောက်ခံအားပေးမှုနဲ့ ပြည်သူ့အကျိုးအတွက် ဆောင်ရွက်နေသူများ ဖြစ်သည့်အားလျှော်စွာ ဘာသာ သာသနာအတွက် လုပ်ဆောင်သင့်သည်ကို လုပ်ဆောင်ပေးဖို့ရာ ဝန်လေးလိမ့်မည်ဟု မထင်ပါ။

ပြည်သူအများစုရဲ့ ယုံကြည်ကိုးစားမှုနဲ့ ရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တော်ကြီးများအနေဖြင့်လည်း ရဟန်းရှင်လူပြည်သူများကသာ တောင်းဆိုမယ်ဆိုရင် အထက်ဖော်ပြပါ ပုဒ်မ ၃၆၁ ကို ပြင်ဆင်ဖြည့်စွက်ပေးဖို့ရာမှာ နှောင့်နှေးလိမ့်မည်ဟု မထင်ပါ။ အမျိုး ဘာသာ သာသနာအပေါ် အလေးထားသူများဖြစ်ခြင်းကြောင့် ရဟန်းရှင်လူ ပြည်သူများရဲ့ တိုက်တွန်းတောင်းဆိုမှုကို အလေးထား ဆောင်ရွက်ပေးလိမ့်မည်ဟု ယုံကြည်မျှော်လင့်ရပါတယ်။


နောင်တော်လေး (ဘိုကလေး)

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)