ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့(Corruption Prevention Unit-CPU)အဖွဲ့များ ဖွဲ့စည်း၍ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့(Corruption Prevention Unit-CPU)အဖွဲ့များ ဖွဲ့စည်း၍ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ







နေပြည်တော်၊ ဇူလိုင် ၁၅

ပြည်ထဲရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယမန်နေ့က ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အရိန္ဒမာခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်း၊ ကော်မရှင်အဖွဲ့ဝင် ဦးတင်အောင်ဝင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ များနှင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့(CPU)အဖွဲ့ဝင်များ အပါအဝင် စုစုပေါင်းအင်အား (၄၃၀)ဦး တက်ရောက်ခဲ့ကြသည်။

ပထမဦးစွာ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ က အဖွင့်အမှာစကားပြောကြားရာ၌ အဂတိလိုက်စားမှုသည် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများကို နှောင့်နှေးစေပြီး ပြည်သူလူထု၏ ယုံကြည်မှုနှင့် အုပ်ချုပ်ရေးစနစ်ကို ထိခိုက်စေနိုင်သော အပြုအမူများဖြစ်ကြောင်း၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ခြင်းသည် နိုင်ငံတော်၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်တစ်ရပ်ဖြစ်ပြီး ဝန်ထမ်းတိုင်းက အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိပြီး အဂတိလိုက်စားမှု ကျူးလွန်သူများကို ထိရောက်စွာ အရေးယူနိုင်ရန်နှင့် တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများ၌ ပွင့်လင်းမြင်သာမှုရှိစေရန် ရည်ရွယ်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကိုပြဋ္ဌာန်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံဝန်ထမ်းများသည် နိုင်ငံတော်အစိုးရနှင့် ပြည်သူအကြား ပေါင်းကူးတံတားသဖွယ် ဆက်သွယ်ကာ ယုံကြည်မှု တည်ဆောက်ပေးရသူများ ဖြစ်သည့်အတွက် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့် ကျင့်ဝတ်များကို အပြည့်အဝ လိုက်နာပြီး မိမိတို့ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရန် လိုအပ်ကြောင်း၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးသည် ဌာနတစ်ခုတည်း၊ အဖွဲ့အစည်းတစ်ခုတည်း၏ တာဝန်မဟုတ်ဘဲ အဖွဲ့အစည်းတိုင်း ဝန်ထမ်းအဆင့်တိုင်းမှ စုပေါင်းတာဝန်ယူဆောင်ရွက်ရမည့် အမျိုးသားရေး တာဝန်တစ်ရပ်ဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့်လည်း အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့(Corruption Prevention Unit-CPU)အဖွဲ့များ ဖွဲ့စည်း၍ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထု၏ အကျိုးစီးပွားကိုရှေ့ရှု၍ ရိုးသားဖြောင့်မတ်မှု၊ ဥပဒေစိုးမိုးမှု၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုတို့ကို အခြေခံကာ အဂတိလိုက်စားမှု ကင်းစင်သော အဖွဲ့အစည်းတစ်ရပ် ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။

ယင်းနောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ အဂတိလိုက်စားမှုသည် မိမိအား ပေးအပ်ထားသည့် ရာထူး၊ လုပ်ပိုင်ခွင့်အာဏာကို ကိုယ်ကျိုးစီးပွားအတွက်  အသုံးပြုခြင်း ဖြစ်သည့် အတွက် ကိုယ်ကျင့်တရား ပျက်ယွင်းခြင်းပင်ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုကြောင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နစ်နာစေသည့်အပြင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် လူမှုရေးဆိုင်ရာ ကိစ္စရပ်များကိုပါ ဆိုးကျိုးသက်ရောက်စေပါကြောင်း၊  နိုင်ငံ့တာဝန် ထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ယခုလိုဟောပြောပွဲများမှ အသိအမြင်၊ ဗဟုသုတ၊ ဖြောင့်မတ်တည်ကြည်မှု၊ ကျင့်ဝတ်နှင့် ကိုယ်ကျင့်တရားဆိုင်ရာ အကျိုးကျေးဇူးများရရှိပြီး နိုင်ငံ့တာဝန်ကို ရိုးသားဖြောင့်မတ်စွာ ထမ်းဆောင်ခြင်းဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုတွင် အုတ်တစ်ချပ်၊ သဲတစ်ပွင့်အဖြစ် ပါဝင်ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။

ဆွေးနွေးပွဲတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်နန်းရတနာထွန်း က အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် စပ်လျဉ်း၍လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းဇော်ဝင်း က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာသူများက အဂတိလိုက်စားမှုနှင့် ပတ်သက်၍ သိရှိလိုသည့် အချက်များကို မေးမြန်းရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပါသည်။

၎င်းနောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးတင်အောင်ဝင်း ခေါင်းဆောင်၍ ပြည်ထဲရေးဝန်ကြီးဌာန၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit–CPU) အဖွဲ့ဝင်များနှင့် တွေ့ဆုံကာ တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။


#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)