ဂျပန် ကမ်းလွန်းမှာ ရေအောက် ရွှေသိုက်ကြီးတစ်ခု တွေ့ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂျပန် ကမ်းလွန်းမှာ ရေအောက် ရွှေသိုက်ကြီးတစ်ခု တွေ့ရှိ





ဇူလိုင် - ၁၅ ( ဗုဒ္ဓဟူးနေ့ ) 

ဂျပန်သုတေသနပညာရှင်တွေဟာ ဂျပန်နိုင်ငံ အရှေ့တောင်ဘက်ကမ်းလွန်က ရေအောက်မီးတောင်ဝ တစ်လျှောက်မှာ ရွှေတွေကို အများကြီး ထုတ်လုပ်ပေးနေတဲ့ "ရေအောက်ရေပူတွင်း ခေါင်းတိုင်တွေ"  နဲ့ "ရေပူထွက်တဲ့ ကုန်းပူလေးတွေ" ကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

အဲဒီရေပူပေါက်တွေကနေ ရွှေမှုန်အသေးလေးတွေ ထွက်လာရုံတင်မကဘဲ သာမန်မျက်စိနဲ့တင်မက၊ သာမန်အဏုကြည့်မှန်ပြောင်း နဲ့ ကြည့်ရင်တောင် မမြင်နိုင်တဲ့ "မမြင်ရတဲ့ ရွှေ"  တွေကိုပါ ထုတ်လုပ်ပေးနေတာ ဖြစ်ပါတယ်။

ဒီရွှေတွေက သီးသန့်ရှိနေတာမျိုးမဟုတ်ဘဲ ပင်လယ်ရေအောက်ကြမ်းပြင်မှာရှိတဲ့ တခြားတွင်းထွက်ပစ္စည်းတွေ ထဲမှာ ရောနှောပြီး ငုပ်လျှိုးနေတာ ဖြစ်ပါတယ်။ အခုလို ရေအောက်မီးတောင်ဝမှာ သဘာဝအတိုင်း ပုန်းကွယ်နေတဲ့ ရွှေတွေရဲ့ သိပ်သည်းဆပမာဏဟာ ကမ္ဘာပေါ်မှာ အများဆုံးအဖြစ် စံချိန်တင် ရှာဖွေတွေ့ရှိခဲ့တာလို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ ဒီအဖိုးတန်ရေအောက်မီးတောင်ဒေသတွေကို စီးပွားဖြစ်သတ္တုတူးဖော်ရေးလုပ်ငန်းတွေရန်ကနေ ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်နေပြီလို့ နိုင်ငံတကာသိပ္ပံပညာရှင်အဖွဲ့က သတိပေးပြောကြားပြီးနောက်မှာ ဒီသုတေသနအစီရင်ခံစာ ထွက်ပေါ်လာတာပါ။

ဒီ "ဟီဂါရှီ-အာအိုဂါရှီးမား"  လို့ခေါ်တဲ့ ရေပူတွင်းတွေကို ၂၀၁၅ ခုနှစ်ကတည်းက ဂျပန်နိုင်ငံရဲ့ အထူးစီးပွားရေးဇုန်နယ်နိမိတ်ထဲမှာ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး၊ လက်ရှိအချိန်ထိ ဒီရေအောက်ရေပူကွင်းပြင်တွေမှာ အဏ္ဏဝါသက်ရှိတွေ ဘယ်လောက်တောင် မှီတင်းနေထိုင်နေကြလဲဆိုတာကို တိတိကျကျ မသိရသေးပါဘူး။ အခုသုတေသနကိုတော့ တိုကျိုမြို့ရဲ့ တောင်ဘက် ကီလိုမီတာ ၃၅၀ (၂၁၇ မိုင်) အကွာမှာရှိတဲ့ ရေအောက်ရေပူကွင်းပြင်က ကျောက်နမူနာတွေကို ဂျပန်နိုင်ငံရဲ့ ရှိဇူအိုကာတက္ကသိုလ်၊ ဝါဆီဒါတက္ကသိုလ် နဲ့ တိုကျိုတက္ကသိုလ်  က ပညာရှင်တွေ စုပေါင်းပြီး ပူးတွဲဓာတ်ခွဲစမ်းသပ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီသုတေသနမှာ ရွှေပမာဏ အနည်းငယ်လေးကိုတင် အတိအကျ ရှာဖွေဖော်ထုတ်ပေးနိုင်တဲ့ "တစ်ဆင့်ခံအိုင်ယွန် ဒြပ်ထုစပက်ထရိုမီထရီ" (SIMS) လို့ခေါ်တဲ့ အဆင့်မြင့် အာရုံခံနည်းပညာတစ်မျိုးကို အသုံးပြုခဲ့ကြပါတယ်။ အဲဒီအခါမှာမှ ပင်လယ်ရေအောက်ကြမ်းပြင်က ထွက်လာတဲ့ သတ္တုဓာတ်တွေကြွယ်ဝတဲ့ ရေပူတွေကြောင့် ဖြစ်ပေါ်လာရတဲ့ "ပိုင်ရိုက်"  လို့ခေါ်တဲ့ ဆာလဖိုက်တွင်းထွက်ပစ္စည်းထဲမှာ အဆင့်မြင့် "မမြင်ရတဲ့ ရွှေ"  တွေ ပုန်းကွယ်ပိတ်မိနေတာကို သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိခဲ့ကြတာပါ။

အဲ့ဒီ "ပိုင်ရိုက်"  တွင်းထွက်ပစ္စည်းဟာ ရွှေလိုပဲ ဝင်းဝါတောက်ပတဲ့ အသွင်သဏ္ဌာန်ရှိတာကြောင့် လူတွေက သူ့ကို "ရွှေတု"  လို့ အလွယ်ခေါ်လေ့ရှိကြပေမဲ့၊ အခုတော့ အဲဒီရွှေတုထဲမှာ တကယ့်ရွှေစစ်ရွှေသန့် နာနိုမှုန်လေးတွေ လျှို့ဝှက်ပုန်းကွယ်နေတာကို တွေ့လိုက်ရတာပဲ ဖြစ်ပါတယ်။

ဒီသုတေသနအရ "ပရိုက်" (ရွှေတု) ထဲမှာ ပုန်းကွယ်နေတဲ့ တကယ့်ရွှေစစ်တွေဟာ ပုံစံနှစ်မျိုးနဲ့ ရှိနေတာကို တွေ့ရပါတယ် - ပထမတစ်ခုကတော့ အဏုကြည့်မှန်ပြောင်းနဲ့မှ မြင်ရတဲ့ ရွှေနာနိုမှုန်လေးတွေ အဖြစ် ရှိနေတာဖြစ်ပြီး၊ ဒုတိယတစ်ခုကတော့ အဲဒီတွင်းထွက်ပစ္စည်းရဲ့ ပုံဆောင်ခဲဖွဲ့စည်းပုံထဲမှာ ရွှေအက်တမ် လေးတွေအဖြစ် တစ်ခုချင်းစီ စိမ့်ဝင်ပျံ့နှံ့ နေတာ ဖြစ်ပါတယ်။ ဒီပုံစံနှစ်မျိုးလုံးကို ဟီဂါရှီ-အာအိုဂါရှီးမား ရေအောက်မီးတောင်ဝမှာ ရှာဖွေတွေ့ရှိခဲ့တာပါ။

သုတေသနပညာရှင်တွေရဲ့ ပြောကြားချက်အရ ဒီရေအောက်မီးတောင်ဝမှာတွေ့ရတဲ့ ပိုင်ရိုက် (ရွှေတု) ထဲက ရွှေသိပ်သည်းဆပမာဏဟာ ကမ္ဘာ့သမိုင်းတစ်လျှောက် စံချိန်တင်အများဆုံး ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီနေရာဟာ ဂျပန်နိုင်ငံမှာ သယံဇာတတူးဖော်ဖို့ လျာထားတဲ့ တခြားရေအောက် ရေပူကွင်းပြင်တွေနဲ့ ယှဉ်ရင် ရေတိမ်ပိုင်းမှာရှိနေတာကြောင့် အနာဂတ်မှာ သတ္တုတူးဖော်ဖို့အတွက် အလားအလာအကောင်းဆုံးနေရာတစ်ခု ဖြစ်လာနိုင်ပါတယ်။

လက်ရှိအချိန်ထိတော့ ပင်လယ်ရေအောက်ကြမ်းပြင်မှာ စီးပွားဖြစ် ရွှေတူးဖော်ရေးလုပ်ငန်းမျိုး လုံးဝမရှိသေးပါဘူး။ ဒါပေမဲ့ ဒီ ဟီဂါရှီ-အာအိုဂါရှီးမား ရေအောက်မီးတောင်ဝဟာ တခြားနေရာတွေထက် သွားရလာရ ပိုလွယ်ကူတာရယ်၊ ရွှေပမာဏ အဆမတန် အများအပြား ရှိနေတာရယ်ကြောင့် အနာဂတ်မှာ ရွှေထုတ်လုပ်ဖို့အတွက် အလားအလာအရှိဆုံးနေရာ ဖြစ်နေပါတယ်။ လက်ရှိမှာတော့ သိပ္ပံပညာရှင်တွေဟာ ပင်လယ်ရေအောက်ကြမ်းပြင်က တွင်းထွက်ပစ္စည်းတွေထဲမှာ ပုန်းကွယ်နေတဲ့ ဒီ "မမြင်ရတဲ့ရွှေ" တွေကို ကုန်ကျစရိတ်အသက်သာဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းနဲ့ ဘယ်လိုပြန်ထုတ်ယူမလဲဆိုတာကို ဆက်လက်သုတေသနပြု ရှာဖွေနေကြဆဲ ဖြစ်ပါတယ်။


REF: The WION

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)