ဇူလိုင် - ၆ ( တနင်္လာနေ့ )
ဗြိတိန်စစ်တပ်ရဲ့ အကြီးဆုံးစစ်စခန်းတစ်ခုက ဝန်ထမ်းအချက်အလက်တွေနဲ့ လုံခြုံရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ ပါဝင်တဲ့ အလွန်လျှို့ဝှက်ဆန်းပြားပြီး ပြုပြင်တည်းဖြတ်ထားခြင်းမရှိတဲ့ စစ်ဘက်ဆိုင်ရာ စာရွက်စာတမ်း အမြောက်အမြားကို အင်္ဂလန်မြောက်ပိုင်းရှိ အမှိုက်စွန့်ပစ်ရာနေရာတစ်ခုမှာ တွေ့ရှိခဲ့ရတယ်လို့ The Sun သတင်းစာက စနေနေ့မှာ ဖော်ပြခဲ့ပါတယ်။
ဒီလို လျှို့ဝှက်စာရွက်စာတမ်းတွေ ပေါက်ကြားမှုဟာ ရေရှည် ရန်ပုံငွေ လိုအပ်နေတဲ့ ဗြိတိန်စစ်တပ်အနေနဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရချိန်မှာပဲ ပေါ်ပေါက်လာခဲ့တာပါ။ လက်ရှိမှာ ပြုပြင်ထိန်းသိမ်းမှု နောက်ကျနေတဲ့ ပြဿနာတွေကြောင့် ဗြိတိန်ရဲ့ အက်စ်တူတီအဆင့် နျူကလီးယားစွမ်းအင်သုံး တိုက်ခိုက်ရေး ရေငုပ်သင်္ဘော ငါးစင်းစလုံးဟာ ဆိပ်ကမ်းမှာပဲ ပိတ်မိနေတဲ့အချိန်လည်း ဖြစ်ပါတယ်။
အခုလို စစ်ဘက်ဆိုင်ရာ ဘတ်ဂျက်ကျပ်တည်းမှု ပြဿနာဟာ ပြီးခဲ့တဲ့လက ရာထူးကနေ နှုတ်ထွက်သွားခဲ့တဲ့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဟောင်း ဂျွန်ဟီးလေး နဲ့ ရာထူးကနေ ထွက်ခွာတော့မယ့် ဝန်ကြီးချုပ် ကီယာ စတာမာ တို့အကြား ရန်ပုံငွေဆိုင်ရာ အခြေအတင် အငြင်းပွားမှုဖြစ်ပွားပြီးနောက် အဓိက အားပြိုင်စရာအချက် ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။
The Sun သတင်းစာရဲ့ ဖော်ပြချက်အရ အဆိုပါ စစ်ဘက်ဆိုင်ရာ လျှို့ဝှက်စာရွက်စာတမ်း အမြောက်အမြားကို ကတ်ထရစ်တံတား အနီးရှိ အမှိုက်ပုံး တစ်ခုအတွင်းမှာ အရပ်သားတစ်ဦးက တွေ့ရှိခဲ့တာဖြစ်ပြီး၊ ၎င်းက သတင်းစာတိုက်ထံ လာရောက်ပေးအပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ပေါက်ကြားသွားတဲ့ စာရွက်စာတမ်းတွေထဲမှာ ဗြိတိန်စစ်တပ်ရဲ့ အကြီးဆုံးစစ်စခန်းဖြစ်တဲ့ ကတ်ထရစ်စစ်စခန်း နဲ့ ပတ်သက်တဲ့ စစ်သည်တွေရဲ့ နာမည်နဲ့ ရာထူးအဆင့်အတန်းများ၊ ကင်းလှည့်ဆိုင်း အသေးစိတ် အချက်အလက်များ၊ လက်နက်သိုလှောင်မှု အချက်အလက်များ၊ လုံခြုံရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ဖြစ်စဉ်အစီရင်ခံစာများ နဲ့ အခြားမှတ်တမ်းများ ပါဝင်နေတယ်လို့ သိရပါတယ်။
ဒီစာရွက်စာတမ်းတွေဟာ ရန်လိုတဲ့ အဖွဲ့အစည်းတွေဆီ ရောက်ရှိသွားရင် အန္တရာယ်ရှိတဲ့ အချက်အလက်တွေ ဖြစ်သွားနိုင်တယ်လို့ ဗြိတိန်စစ်တပ်ရဲ့ ထောက်လှမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ အရာရှိဟောင်းတစ်ဦးဖြစ်သူ ကာနယ် ဖိလစ်အင်ဂရမ် ရဲ့ ပြောကြားချက်ကို ကိုးကားပြီး The Sun သတင်းစာက ဖော်ပြထားပါတယ်။
၎င်းက “ဒါဟာ ထင်ရှားတဲ့ လုံခြုံရေးဆိုင်ရာ စိုးရိမ်ရမှုတစ်ခုဖြစ်ပြီး ဂရုစိုက်မှုအားနည်းတာကို ပြသနေတဲ့ လုပ်ထုံးလုပ်နည်း ချိုးဖောက်မှုလည်း ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပြီး၊ အခုလိုမျိုး အလွန်လျှို့ဝှက်တဲ့ စာရွက်စာတမ်းတွေကို အမှိုက်မစွန့်ပစ်မီ စက္ကူဖျက်စက်ထဲထည့် ဖျက်ဆီးတာ ဒါမှမဟုတ် မီးရှို့ဖျက်ဆီးတာမျိုး လုပ်ဆောင်ခဲ့သင့်တယ်လို့ အလေးအနက် ထောက်ပြသွားခဲ့ပါတယ်။
ဗြိတိန်နိုင်ငံမှာ အခုလိုမျိုး စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်တွေ ပေါက်ကြားမှုဖြစ်ပွားတာဟာ ဒါပထမဆုံးအကြိမ် တော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့နှစ်တုန်းကလည်း ကတ်ထရစ်စစ်စခန်းက စစ်သည်တွေရဲ့ အချက်အလက်များ၊ ကင်းလှည့်ဆိုင်း ပုံစံများနှင့် လက်နက်ထုတ်ပေးမှု အသေးစိတ်အချက်အလက်တွေ ပါဝင်တဲ့ စာရွက်စာတမ်းတွေကို နယူးကာဆယ်မြို့က လမ်းမတစ်ခုပေါ်မှာ စုတ်ပြဲနေတဲ့ အမှိုက်အိတ်တစ်ခုထဲကနေ ပြန့်ကျဲထွက်နေလျက်သား တွေ့ရှိခဲ့ဖူးပါတယ်။
အလားတူ အရှုပ်တော်ပုံမျိုးကို ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက ပိုလန်နိုင်ငံမှာလည်း ဖြစ်ပွားခဲ့ပါသေးတယ်။ အဲဒီတုန်းက ပိုလန်ရဲ့ လျှို့ဝှက်စစ်ဘက်စာရွက်စာတမ်းတွေကို အမှိုက်ပုံတစ်ခုမှာ တွေ့ရှိခဲ့ရတယ်လို့ Onet သတင်းဌာနက ဖော်ပြခဲ့တာပါ။ ဒါပေမဲ့ ပိုလန်စစ်တပ်ဘက်ကတော့ ဒီသတင်းကို ငြင်းဆိုခဲ့ပြီး အဆိုပါသတင်းဌာနဟာ လျှို့ဝှက်စာရွက်စာတမ်းတွေရဲ့ ခွင့်ပြုချက်မရှိဘဲ ကူးယူထားတဲ့ မိတ္တူတွေကို လက်ဝယ်ထားရှိနေတာဖြစ်တယ်လို့ ပြန်လည်စွပ်စွဲခဲ့ပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment