နေပြည်တော်၊ ဇူလိုင် ၂၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကို ဗဟိုပြု၍ မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်၊ တောင်ငူခရိုင်များတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံ၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ရန်နှင့် အထူးဖွံ့ဖြိုးရေးဒေသအဖြစ် အကောင်အထည် ဖော်ဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ (၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်ကောင်စီအတွင်းရေးမှူး၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများနှင့် ခရိုင်အုပ်ချုပ်ရေးမှူးများတက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းက အဖွင့်အမှာစကားပြောကြားရာ နိုင်ငံတော်အကြီးအကဲက နေပြည်တော်အားဗဟိုပြုပြီး မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်၊ တောင်ငူခရိုင်များတွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံ၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ရန်နှင့် အထူးဖွံ့ဖြိုးရေးဒေသအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည့် အတွက် မိမိတို့အနေဖြင့် လမ်းညွှန်ချက်အပေါ် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မိမိတို့အနေဖြင့် အုပ်ချုပ်ရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ MSME ကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍစသည်ဖြင့် ကဏ္ဍအလိုက်ဖွံ့ဖြိုးတိုးတက်စေရေး အကောင်အထည်ဖော် ဆောင်ရွက်မှသာ ရည်မှန်းထားသည့် ရလဒ်များ ထွက်ပေါ်လာမှာဖြစ်ပါကြောင်း၊ ဒါကြောင့် မိမိတို့နှင့် သက်ဆိုင်သည့် ဒေသများအတွင်း လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ စာရင်းဇယားများအား ကြိုတင်တောင်းခံထားခြင်းဖြစ်ပြီး အဆိုပါ စာရင်းဇယားများအား တင်ပြရာတွင် မြေပြင်အခြေအနေများနှင့် ကွဲလွဲမှုမရှိစေရေး သက်ဆိုင်ရာ တာဝန်ရှိသူများမှ အလေးထားဆောင်ရွက်ထားရှိရန်လိုအပ်ပါကြောင်း၊ မိမိတို့ နိုင်ငံအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသည့် စီးပွားရေးကို ဆောင်ရွက်လျက်ရှိတဲ့ နိုင်ငံဖြစ်သည့်အတွက် Agro Based Industry ကို မဖြစ်မနေ ဖော်ဆောင်လျက်ရှိပါကြောင်း၊ ဒါကြောင့်အထူးဖွံ့ဖြိုးရေးဒေသအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံတော်ရဲ့ မူဝါဒများနှင့်အညီ ဆောင်ရွက်သွားရမှာဖြစ်ပြီး မိမိတို့ဒေသမှ ထွက်ရှိသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်များအား အရည်အသွေး ကောင်းမွန်ပြီး အဆင့်အတန်းမြင့်မားစေရေး အလေးထားကြပ်မတ် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ဒေသထွက်ကုန်များအား ကုန်ကြမ်းအဆင့်ဖြင့်သာမက MSME လုပ်ငန်းများမှ တစ်ဆင့် အရည်အသွေးမြင့် ထုတ်ကုန်ပစ္စည်းများအဖြစ် ထုတ်လုပ် တင်ပို့နိုင်ရေး၊ ပညာရေးကဏ္ဍနှင့် စပ်လျဉ်း၍ KG+9 အထိ မသင်မနေရပညာရေးစနစ်အဖြစ် သတ်မှတ် ဆောင်ရွက်ခဲ့ပြီး ပညာရေးကိုအားပေးမြှင့်တင်ရေး ဘက်ပေါင်းစုံမှ ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ အတန်းပညာရှိမှသာလျှင် အတတ်ပညာများ ရရှိနိုင်မည်ဖြစ်ကြောင်း၊ စာဖတ်ခြင်းအားဖြင့် ဗဟုသုတနှင့် ရသများကို ရရှိစေနိုင်မည်ဖြစ်ပြီး အသိအမြင်နှင့် စဉ်းစား ဆင်ခြင်နိုင်စွမ်း၊ ဝေဖန်ပိုင်းခြားဆုံးဖြတ်နိုင်စွမ်းများလည်း မြင့်မားလာ စေမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးကဏ္ဍတွင် စိုက်ပျိုးသီးနှံများ ပန်းတိုင် ရည်မှန်းချက်ရရှိအောင် ခေတ်မီနည်းစနစ်များဖြင့် စိုက်ပျိုးဆောင်ရွက်သွားရန်၊ မျိုးကောင်းမျိုးသန့်မျိုးစေ့များ ဖြန့်ဖြူးအသုံးပြုရန်၊ မျိုးစေ့ ထုတ်လုပ်ခြင်းနှင့် အကျိုးတူလယ်ယာစနစ်များကို အားပေးမြှင့်တင် ဆောင်ရွက်သွားရန်၊ မြေအသုံးချမှုကို လုပ်ထုံးလုပ်နည်းနှင့်အညီ အကျိုးရှိအောင် အသုံးချရန်လိုအပ်ကြောင်း၊ သဘာဝမြေဩဇာပြုလုပ်သုံးစွဲခြင်းနှင့် ဓာတ်မြေဩဇာများ စနစ်တကျမှန်မှန်ကန်ကန်သုံးစွဲခြင်းတို့အား စဉ်ဆက်မပြတ် အသိပညာပေးကြပ်မတ် ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ မှတ်ပုံတင် ထားရှိသော ကုမ္ပဏီများမှ စံချိန်စံညွှန်းပြည့်မီသည့် ဓါတ်မြေဩဇာများကို တောင်သူများဈေးနှုန်းမှန်ကန်စွာ ရရှိရေးအတွက် ဆောင်ရွက်ပေးရန်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ရရှိသော ယူရီးယားဓါတ်မြေဩဇာ များကိုလည်း စပါးနှင့်ဆီထွက်သီးနှံများအတွက် ဖြန့်ဖြူးဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ စိုက်ပျိုးရေ လုံလောက်စွာရရှိရေးအတွက်လည်း သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်သွားရန်၊ သက်ဆိုင်ရာ ဌာနများအနေဖြင့်လည်း စိုက်ပျိုးရေလုံလောက်စွာ ရရှိစေရေးအတွက် မိမိတို့ဒေသ အလိုက်ရေရရှိရေးနည်းလမ်းများနှင့်အညီဝိုင်းဝန်းပေါင်းစပ် ဆောင်ရွက်ပေးသွားရန် လိုအပ်ပါကြောင်း၊ မွေးမြူရေးကဏ္ဍတွင်လည်း လိုအပ်သော သွင်းအားစုများကို ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေး၊ ဒေသ၊ ရေ၊ မြေ၊ ရာသီဥတုနှင့် ကိုက်ညီသော မျိုးကောင်းမျိုးသန့်များ ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံ၍ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အထူးဖွံ့ဖြိုးရေးဒေသအဖြစ် အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် အုပ်ချုပ်ရေး၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ MSME၊ ပညာရေး၊ ကျန်းမာရေး စသည်ဖြင့် ကဏ္ဍအလိုက် တစ်ပြိုင်နက်တည်း တိုးတက်စေရန်အတွက်ဝိုင်းဝန်း၍ ဆောင်ရွက်ရန် လိုအပ်မှာဖြစ်ပြီး အကြံဉာဏ်များလည်း အပြန်အလှန်ပေးကြရန် လိုအပ်မှာ ဖြစ်ပါကြောင်း၊ ဒါကြောင့် အထူးဖွံ့ဖြိုးရေးဒေသအဖြစ် အကောင်အထည် ဖော်ဆောင်ရွက်ခြင်းသည် ဒေသစီးပွားရေးကို အားကောင်းစေပြီး ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်၍ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရုံသာမက ဒေသအတွင်းစီးပွားရေးအပြင် နိုင်ငံ့စီးပွားရေးတိုးတက်မှုကိုပါ အထောက်အကူပြုနိုင်မည့်အရေးပါသော လုပ်ငန်းစဉ်ဖြစ်သည့်အတွက် အလေးထားဆောင်ရွက် သွားရန် လိုအပ်ကြောင်း ပြောကြားသည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်တို့က အမှာစကားပြောကြားပြီး နေပြည်တော်ကောင်စီအတွင်းရေးမှူး ဦးသန်းဆွေဝင်းက လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောက်လာကြသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို အသီးသီးဆွေးနွေးတင်ကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
#MNP #News





No comments:
Post a Comment