ဇူလိုင် - ၃ ( သောကြာနေ့ )
အပူလှိုင်း ထပ်မံကျရောက်တော့မယ့် အခြေအနေကြောင့် ပြင်သစ်နိုင်ငံတစ်ဝှမ်းက စူပါမားကတ်တွေမှာ ဈေးလျှော့ရောင်းတဲ့ အဲကွန်းတွေကို လုယက်ဝယ်ယူကြရင်း ရုန်းရင်းဆန်ခတ် အခြေအနေတွေ ဖြစ်ပွားခဲ့ပါတယ်။
မနေ့က လီဒလီစူပါမားကတ်ကနေ နိုင်ငံတစ်ဝှမ်းမှာ အဲကွန်းနဲ့ ပန်ကာ အလုံးရေ ၂ သောင်းနီးပါးကို ဈေးလျှော့ရောင်းချပေးမယ်လို့ ကြေညာခဲ့ပြီးတဲ့နောက် ပါရီမြို့နဲ့ မြို့ပတ်ဝန်းကျင်က လီဒလီဆိုင်ခွဲတွေဆီကို လူပေါင်း ရာနဲ့ချီ စုပြုံရောက်ရှိလာခဲ့ကြတာပါ။
တခြားနေရာတွေမှာ အဲကွန်းတစ်လုံးကို ယူရို ၁,၂၀၀ (ဒေါ်လာ ၁,၄၀၀ ခန့်) အောက်နဲ့ ဝယ်ဖို့မလွယ်ကူတဲ့ အချိန်မှာ အခုလို အခြေခံမော်ဒယ်လ်တွေကို ယူရို ၁၇၉ ကနေစပြီး အရောင်းပြလိုက်တာကြောင့် လူတွေဟာ အလုအယက် တိုးဝှေ့ဝယ်ယူခဲ့ကြပါတယ်။ အဲဒီလို ဝယ်ယူရာကနေတစ်ဆင့် အချင်းချင်း တွန်းထိုးရိုက်နှက်တာတွေ၊ အော်ဟစ်ဆဲဆိုတာတွေအထိ ဖြစ်ပွားခဲ့လို့ ရဲတပ်ဖွဲ့ကပါ ဝင်ရောက်ထိန်းသိမ်းခဲ့ရပါတယ်။
အင်တာနက်ပေါ်တက်လာတဲ့ ဗီဒီယိုဖိုင်တွေထဲမှာတော့ လူအုပ်ကြီးဟာ ဆိုင်တွေထဲကို အလုအယက် တိုးဝှေ့ဝင်ရောက်လာကြပြီး အဲကွန်းတွေကို တစ်ယောက်နဲ့တစ်ယောက် လုယူနေကြတာ၊ ဝယ်လိုအားက ရောင်းစရာရှိတာထက် အဆမတန် များပြားလွန်းတာကြောင့် မိနစ်ပိုင်းအတွင်းမှာတင် စင်ပေါ်က ပစ္စည်းတွေ အကုန်ပြောင်သလင်းခါသွားတာတွေကို မြင်တွေ့ရပါတယ်။
ဝယ်ယူသူတချို့ဟာ မနက်မိုးမလင်းခင်ကတည်းက တန်းစီစောင့်နေခဲ့ပေမယ့် နောက်ဆုံးတော့ ပစ္စည်းမရဘဲ လက်ဗလာနဲ့ ပြန်သွားခဲ့ရတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ နန်တာရီမြို့မှာတော့ လီဒလီစတိုးဆိုင်တစ်ဆိုင်ရဲ့ အပြင်ဘက်မှာ လူ ၁၀၀ ကျော် စုဝေးလာခဲ့ပြီး၊ လူအုပ်ထိန်းမနိုင်တဲ့အခြေအနေကြောင့် ဆိုင်ဝင်ပေါက်တချို့လည်း ပျက်စီးခဲ့ပါတယ်။ အလားတူ ဖြစ်စဉ်တွေကို ဝိုင်ဗီလိုင်း၊ အက်ဆွန်းနေး နဲ့ ပါရီဒေသအခြားနေရာတွေမှာလည်း တွေ့ခဲ့ရပါတယ်။
လူမှုကွန်ရက်ပေါ်မှာလည်း စတိုးဆိုင်တချို့က ဝယ်ယူသူ ရာနဲ့ချီ လာရောက်ခဲ့ပေမယ့် ရောင်းချဖို့ လေအေးပေးစက် အနည်းငယ်ပဲ ရရှိထားတယ်လို့ ဝေဖန်ပြောဆိုမှုတွေ ထွက်ပေါ်ခဲ့ပါတယ်။ အွန်လိုင်း အသုံးပြုသူတစ်ဦးကတော့ ပါရီမြို့ မှာရှိတဲ့ လီဒလီဆိုင်တစ်ဆိုင်ကို လူ ၄၀၀ ကျော် လာရောက်စောင့်ဆိုင်းခဲ့ပေမယ့် ရောင်းချဖို့ လေအေးပေးစက် ၂ လုံးပဲ ရှိခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။
အခုလို အလုအယက် ဖြစ်ကုန်ကြတာက ပြင်သစ်နိုင်ငံမှာ စံချိန်တင်လောက်တဲ့ အပူလှိုင်းဒဏ်ကို ခံနေရတဲ့အချိန်နဲ့လည်း တိုက်ဆိုင်နေလို့ပါ။ နေရာတော်တော်များများမှာ အပူချိန်က ၄၀ ဒီဂရီဆဲလ်စီးယပ်စ် ကျော်သွားခဲ့ပြီး လွန်ခဲ့တဲ့အပတ်ကဆိုရင် ပြင်သစ်သမိုင်းတစ်လျှောက် အပူဆုံးနေ့အဖြစ်တောင် စံချိန်တင်ခဲ့ပါတယ်။ ဒီလို ဆိုးရွားတဲ့ ရာသီဥတုကြောင့် ကျောင်းတွေ ပိတ်လိုက်ရတယ်၊ ဆေးရုံတွေမှာ လူနာတွေ ပြည့်ကျပ်သွားတယ်၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ အဆင်မပြေဖြစ်ကုန်သလို လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုနှုန်းတွေလည်း ကျဆင်းသွားခဲ့ရပါတယ်။ ပြင်သစ်ပြည်သူ့ကျန်းမာရေးအဖွဲ့ရဲ့ ခန့်မှန်းချက်အရ ဇွန်လနှောင်းပိုင်းက ဖြစ်သွားတဲ့ အပူလှိုင်းကြောင့် ပုံမှန်ထက်ပိုပြီး လူပေါင်း ၁,၀၀၀ ဝန်းကျင်ခန့် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
အပူချိန် အဆိုးရွားဆုံးအချိန်တုန်းကဆိုရင် တစ်ရက်ကို သေဆုံးသူဦးရေ ၁,၂၀၀ ကျော်အထိ ရှိခဲ့ပြီး ဒါဟာ အပူလှိုင်းမကျခင်က ပုံမှန်တစ်ရက် သေဆုံးနှုန်း ၉၀၀ ကနေ ၁,၀၀၀ ဝန်းကျင်နဲ့ ယှဉ်ရင် သိသိသာသာ တက်လာတာပါ။ တာဝန်ရှိသူတွေကတော့ သေဆုံးသူဦးရေဟာ ဒီထက်မကလည်း ထပ်တိုးလာနိုင်သေးတယ်လို့ သတိပေးထားပါတယ်။
Ref: RT
#MNP #News

No comments:
Post a Comment