ဆူဒန် အာဏာလု စစ်ပွဲအတွင်းမှာ ဆရာဝန်ရာပေါင်းများသေဆုံး၊ ပျောက်ဆုံးနေသူများလည်း ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဆူဒန် အာဏာလု စစ်ပွဲအတွင်းမှာ ဆရာဝန်ရာပေါင်းများသေဆုံး၊ ပျောက်ဆုံးနေသူများလည်း ရှိ


ဇူလိုင် - ၃ ( သောကြာနေ့ ) 

ဆူဒန်ဆရာဝန်များကွန်ရက်ရဲ့ အင်္ဂါနေ့ ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ် ဧပြီလမှာ ဆူဒန်ပြည်တွင်းစစ် စတင်ဖြစ်ပွားခဲ့ကတည်းကဆိုရင် ကျန်းမာရေးဝန်ထမ်းပေါင်း ၂၃၅ ယောက်ထက်မနည်း သေဆုံးတာ ဒါမှမဟုတ် ပျောက်ဆုံးတာတွေ ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။ 

အဲဒီအဖွဲ့ရဲ့ နောက်ဆုံးအစီရင်ခံစာမှာ ဖော်ပြထားချက်အရ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက အမြန်ထောက်ပို့ တပ်ဖွဲ့ (RSF) က အယ်လ်ဖာရှာမြို့ကို သိမ်းပိုက်ပြီးနောက်ပိုင်း၊ ပြီးခဲ့တဲ့ လပိုင်းအနည်းငယ်အတွင်းမှာတင် အမျိုးသမီး ၄ ဦးအပါအဝင် ဆရာဝန် ၂၀ ဦး ပျောက်ဆုံးသွားခဲ့ပြီး အခုထက်ထိ ဘယ်ရောက်နေမှန်း မသိရသေးပါဘူး။

စစ်ပွဲစတင်ဖြစ်ပွားတဲ့ ၂၀၂၃ ဧပြီလကနေ အယ်လ်ဖာရှာမြို့ မကျဆုံးခင်အချိန်အထိ ဒါဖာမြောက်ပိုင်းမှာတင် ကျန်းမာရေးဝန်ထမ်း အနည်းဆုံး ၂၅ ယောက် သေဆုံးခဲ့ပါတယ်။ သေဆုံးသွားတဲ့သူတွေထဲမှာ ဆရာဝန်တွေ၊ ဆေးဝါးပညာရှင်တွေ၊ သူနာပြုတွေ၊ အာဟာရဆိုင်ရာ ကျွမ်းကျင်သူတွေ၊ ဓာတ်ခွဲခန်းဝန်ထမ်းတွေ၊ စီမံခန့်ခွဲရေးနဲ့ အကူဝန်ထမ်းတွေ ပါဝင်ပါတယ်။ အစီရင်ခံစာအရ သူတို့ဟာ စစ်ပွဲနဲ့ဆက်စပ်တဲ့ လုပ်ကြံသတ်ဖြတ်မှုတွေ၊ ဒရုန်းနဲ့ တိုက်ခိုက်ခံရတာတွေ၊ လက်နက်ကြီးကျည် ထိမှန်တာတွေ၊ သေနတ်နဲ့ ပစ်ခတ်ခံရတာတွေ၊ ညှဉ်းပန်းနှိပ်စက်ခံရတာတွေအပြင် တခြားတိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့ကြရတာ ဖြစ်ပါတယ်။

သေဆုံးသွားတဲ့သူတွေထဲမှာ တာဝန်ထမ်းဆောင်ဆဲ ကျန်းမာရေးအရာရှိကြီးတွေလည်း ပါဝင်ပြီး၊ သူတို့တွေကတော့ ဒါဖာမြောက်ပိုင်းရဲ့ အခြေခံကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ညွှန်ကြားရေးမှူး၊ အုမ်ကဒါဒါ၊ ကျေးလက်ဆေးရုံရဲ့ ဆေးရုံအုပ်ကြီးနဲ့ ပြည်နယ်ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ်ဟောင်း (ယာယီ) တို့ ဖြစ်ကြပါတယ်။ ဒါ့အပြင် ဆေးရုံဝန်ထမ်းအချို့၊ လူနာတင်ယာဉ် စေတနာ့ဝန်ထမ်းတွေနဲ့ ကျန်းမာရေးအကူဝန်ထမ်း တော်တော်များများဟာလည်း တာဝန်ထမ်းဆောင်နေရင်း သေဆုံးခဲ့ကြရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီအဖွဲ့အစည်းက အယ်လ်ဖာရှာမြို့မှာ ပျောက်ဆုံးနေတဲ့ ဆရာဝန်တွေ ဘာဖြစ်သွားလဲဆိုတာကို ထုတ်ဖော်ပြောကြားပေးဖို့ RSF အဖွဲ့ကို တောင်းဆိုထားပြီး၊ စစ်ပွဲမှာပါဝင်နေတဲ့ အဖွဲ့အစည်းအားလုံးအနေနဲ့လည်း ကျန်းမာရေးဝန်ထမ်းတွေရဲ့ ဘေးကင်းလုံခြုံရေးကို အာမခံပေးဖို့နဲ့ ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုတွေကို အနှောင့်အယှက်မရှိ ဆက်လက်လုပ်ဆောင်ခွင့်ပေးဖို့ တိုက်တွန်းထားပါတယ်။

လွန်ခဲ့တဲ့ သုံးနှစ်က ဆူဒန်နိုင်ငံမှာ အာဏာလုတိုက်ပွဲ ဖြစ်ပွားရာကနေ ပြည်တွင်းစစ် စတင်ဖြစ်ပွားခဲ့ပါတယ်။ အဲဒီတိုက်ပွဲဟာ ဆူဒန်စစ်တပ် (SAF) နဲ့ အမြန်ထောက်ပို့တပ်ဖွဲ့ (RSF) တို့ကြား အာဏာအတွက် ယှဉ်ပြိုင်တိုက်ခိုက်မှုကနေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။


Ref - RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)