အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း အိန္ဒိယနိုင်ငံ၌ ကျင်းပသည့် ပဉ္စမအကြိမ်မြောက် ဘင်းမ်စတက်အမျိုးသားလုံခြုံရေးဆိုင်ရာအကြီးအကဲများ အစည်းအဝေးသို့တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း အိန္ဒိယနိုင်ငံ၌ ကျင်းပသည့် ပဉ္စမအကြိမ်မြောက် ဘင်းမ်စတက်အမျိုးသားလုံခြုံရေးဆိုင်ရာအကြီးအကဲများ အစည်းအဝေးသို့တက်ရောက်






နေပြည်တော်၊ ဇူလိုင် ၁၈

အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယသမ္မတနိုင်ငံ နယူးဒေလီမြို့၌ ကျင်းပသည့် ပဉ္စမအကြိမ်မြောက် ဘင်းမ်စတက်အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများအစည်းအဝေးသို့ တက်ရောက်ရန် ဇူလိုင် ၁၃ ရက်မှ ၁၇ ရက်အထိ အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့ပြီး ယမန်နေ့က ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ရာ ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးမှ တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုခဲ့ကြသည်။

အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင် ၁၆ ရက်တွင် ပဉ္စမအကြိမ်မြောက် ဘင်းမ်စတက်အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများအစည်းအဝေးသို့ တက်ရောက်၍ အကြမ်းဖက်မှုနှင့် နိုင်ငံဖြတ်ကျော်မှုခင်းများ တားဆီးနှိမ်နင်းရေး၊ ရေကြောင်း လုံခြုံရေး၊ ဆိုက်ဘာလုံခြုံရေး၊ စားနပ်ရိက္ခာနှင့် စွမ်းအင်ဖူလုံရေးစသည့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှု များကို ကိုင်တွယ်ဖြေရှင်းရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေး ပြောကြားခဲ့သည်။

ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင် ၁၅ ရက် ညနေပိုင်းတွင် အိန္ဒိယနိုင်ငံ အမျိုးသား လုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် မစ္စတာ အာဂျစ်ဒိုဗယ်လ်က အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များအား တည်ခင်းဧည့်ခံသည့် ကြိုဆိုဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင် ၁၅ ရက်မှ ၁၆ ရက်အတွင်း အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေး ဆိုင်ရာ အကြံပေးပုဂ္ဂိုလ် မစ္စတာအာဂျစ်ဒိုဗယ်လ်၊ သီရိလင်္ကာနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် မစ္စတာ ဆမ်ပက်သူရကွန်သာ၊ ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီအတွင်းရေးမှူးချုပ် မစ္စတာ ချတ်ချိုင်ဘန်ချွတ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ်၏ ကာကွယ်ရေးဆိုင်ရာ အကြံပေး ပုဂ္ဂိုလ် ဒေါက်တာ အေကေအမ် ရှမ်ဆူလ်အစ္စလာမ်တို့နှင့် တွေ့ဆုံကာ နှစ်နိုင်ငံလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ၊ နယ်စပ်ဒေသ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ နယ်နိမိတ် ဆိုင်ရာကိစ္စရပ်များ၊ တရားမဝင်ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ ကိစ္စရပ်များ၊ သတင်းအချက်အလက် အပြန်အလှန်မျှဝေခြင်း ဆိုင်ရာကိစ္စရပ်များ၊ လူသားချင်းစာနာမှုအကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များ၊ နည်းပညာမျှဝေခြင်းဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် နယ်စပ်ကုန်သွယ် ရေးဆိုင်ရာကိစ္စရပ်များအပါအဝင် ကဏ္ဍစုံ၌ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည်။

ပဉ္စမအကြိမ်မြောက် ဘင်းမ်စတက်အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများအစည်းအဝေးသို့ ဘင်းမ်စတက်အဖွဲ့ဝင် နိုင်ငံ (၇) နိုင်ငံမှ လုံခြုံရေးဆိုင်ရာ အကြီးအကဲများ၊ အဆင့်မြင့်အရာရှိကြီးများနှင့် သက်ဆိုင်ရာအဖွဲ့ဝင်နိုင်ငံများမှ သံတမန်အရာရှိများ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)