နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သန်လျင်မြို့၊ မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာနနာယက ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ မဟာထေရ်၏ အစည်းအဝေးဖွင့် သာရဏီယ ဩဝါဒကထာ - Myanmar National Post

Myanmar National Post

News Agency

Breaking

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သန်လျင်မြို့၊ မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာနနာယက ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ မဟာထေရ်၏ အစည်းအဝေးဖွင့် သာရဏီယ ဩဝါဒကထာ


၁၃၈၈ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း ၃ ရက် (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်) သောကြာနေ့

“ဧဝံ သံဝဒ္ဓါ ဟိ တဿ ဘဂဝတော ပရိသာ ယဒိဒံ အညမညဝစနေန အညမညဝုဋ္ဌာပနေန” (ဝိ၊ ၁၊ ၂၇၂)ဟူသော ဗုဒ္ဓမြတ်စွာ၏ အခြေခံ စည်းမျဉ်းဒေသနာတော်အတိုင်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ကြီးအနေဖြင့် “အညမညဝစန - အချင်းချင်းအစီးအပွားကို ပြောဆို ခြင်း၊ ဆွေးနွေးတိုင်ပင်ခြင်း၊ အညမညဝုဋ္ဌာပန - အချင်းချင်း အာပတ်မှထစေခြင်း” တို့သည် “ပရိသာယ ဝုဒ္ဓိကာရဏ - သံဃာ့ ပရိသတ်ကြီးပွားခြင်း၏ အကြောင်းကို ပြခြင်းပင်ဖြစ်ကြောင်း” ပါရာဇိကကဏ္ဍ အဋ္ဌကထာ၊ ကင်္ခါဝိတရဏီ အဋ္ဌကထာတို့က ဖွင့်ပြ ကြပါသည်ဘုရား။


ဆရာတော်အရှင်မြတ်တို့ဘုရား -

ကဆုန်လသည် ထေရဝါဒဗုဒ္ဓဘာသာ သာသနာတော်အတွက် ထူးသည့်မြတ်သည့် အချိန်ကာလတစ်ခုဖြစ်သည့် အားလျော်စွာ ပြီးခဲ့သည့် ကဆုန်လအတွင်း ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀) ပြည့်အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားကြီး ကျင်းပနိုင်ခဲ့ပြီး သိပ်မကြာခင်မှာပင် (၇၈)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ချီးကျူးပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားကြီးကိုလည်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်ဘုရား။ ထိုကဲ့သို့သော အခမ်းအနားကြီးများ ကျင်းပ နိုင်ခဲ့ခြင်း၏ အဓိပ္ပာယ်မှာ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းတွင် “ဤအခြေခံစည်းမျဉ်းသည် သဗ္ဗညုတဘုရားရှင်၏ ဓမ္မဝိနယနှင့်အညီ သာလျှင် ဖြစ်စေရမည်” ဟု ပြဋ္ဌာန်းထားသည်နှင့်အညီ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အတွင်း ဓမ္မဝိနယနှင့်အညီ ညီညွတ်သော သံဃာ့အဖွဲ့အစည်းကြီး ဖွဲ့စည်းနိုင်ခဲ့ခြင်း၏ အကျိုးရလဒ်များသာ ဖြစ်သည်ဟု ဝမ်းမြောက်ဝမ်းသာ လျှောက်ထားလိုပါသည်ဘုရား။ 


ဆရာတော်အရှင်မြတ်တို့ဘုရား -

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများစာအုပ်၏ နိဒါန်းတွင် “တိဏ္ဏော တာရေယျံ၊ မုတ္တော မောစေယျံ၊ ဗုဒ္ဓေါ ဗောဓေယျံ” ဟူသော ဘုရားရှင် ပွင့်တော်မူခြင်း၏ မူလရည်ရွယ်ချက်၊ မူလရည်ရွယ်တော် မူရင်းအတိုင်း ၄၅ ဝါပတ်လုံး တရားတော်များကို မြွက်ဟထုတ်ဖော် ဟောကြားတော်မူခဲ့သည်ဖြစ်ရာ တရားရတနာ ဖြစ်ထွန်းခဲ့ပါသည် ဘုရား။ မြတ်စွာဘုရားသည် ထိုတရားတော်များကို လိုက်နာဆောင်ရွက် ခြင်း၊ ထိန်းသိမ်းခြင်း၊ ပြန့်ပွားအောင် ဖြန့်ဝေခြင်းတာဝန်များကို ထမ်းဆောင်ရန်အလို့ငှာ သံဃာရတနာကိုလည်း ခွင့်ပြုတော်မူခဲ့ပါ သည်ဘုရား။ သံဃာရတနာကို ခွင့်ပြုတော်မူသည့်အခါ လိုက်နာ ကျင့်သုံးနိုင်ရန် ဝိနည်းစည်းမျဉ်းဥပဒေများကို ပညတ်ခြင်း၊ သံဃာ တော်များ မလွဲမသွေ ဧကန်မုချ ထမ်းဆောင်ကြရမည့် ဂန္ထဓုရ၊ ဝိပဿနာဓုရတာဝန်များကိုလည်း ပေးအပ်တော်မူခဲ့ပါသည်ဘုရား။

ထိုတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ကြစေရန်အလို့ငှာ ဒါယကာ ဒါယိကာမတို့၏ သဒ္ဓါကြည်ဖြူပေးလှူသော ပစ္စည်းလေးပါး တို့ကို ခံယူသုံးဆောင်ခွင့်ပြုသောအားဖြင့် ချီးမြှင့်တော်မူခဲ့ပါသည် ဘုရား။

ယင်းသို့ မြတ်စွာဘုရားပေးအပ်သည့် တာဝန်နှင့် ရပိုင်ခွင့်တို့ကို ခံယူတော်မူကြသော သံဃာ့အဖွဲ့ဝင်သံဃာတော်များကလည်း “သံဃာ့ စည်းမျဉ်းဥပဒေ”ဟူသော ဝိနယဓမ္မတို့ကို လိုက်နာကျင့်သုံးခြင်း၊ မြတ်စွာဘုရား တာဝန်ပေးခဲ့သည့် ဓုရတာဝန်နှစ်ပါးကို ကျေပွန်စွာ ထမ်းဆောင်ကြခြင်း၊ နိုင်ငံတော်အစိုးရနှင့် ဗုဒ္ဓဘာသာဝင် ဒါယကာ၊ ဒါယိကာမတို့ကလည်း မြတ်စွာဘုရား ချီးမြှင့်ခွင့်ပြုတော်မူသည့် အတိုင်း ပစ္စည်းလေးပါးတို့ကို ထောက်ပံ့လှူဒါန်းခဲ့ခြင်းတို့ကြောင့် မြတ်စွာဘုရား၏ အဆုံးအမ ထေရဝါဒဗုဒ္ဓဘာသာ သာသနာတော် မြတ်ကြီး ယနေ့ထက်တိုင် ညစ်ကြေးမထင် စင်ကြယ်စွာ ၂၅၇၀ နှစ်ကြာအောင် အရှည်ခံ့၍ တည်တံ့နေသည်ကို ဝမ်းမြောက်ဖွယ်ရာ တွေ့မြင်နိုင်ပါသည်ဘုရား။


ဆရာတော်အရှင်မြတ်တို့ဘုရား –

ယခုမျက်မှောက်ကာလ၌ ရှိနေကြသည့် ဗုဒ္ဓဘာသာဝင် ရဟန်း ရှင်လူများသည် မြတ်ဗုဒ္ဓအရှင်၏ အေးငြိမ်းလှစွာသော သာသနာတော် အရိပ်၌ မှီခို ကိုးစားအားထား၍ နေကြရသည့် အကျိုးကျေးဇူးများကို စိစစ်သုံးသပ်ကြည့်သည်ရှိသော် အရင်းမူလသာသနာတော်မြတ်ကို တည်ထောင်တော်မူခဲ့သော သဗ္ဗညုဘုရားရှင်ကိုယ်တော်မြတ်ကြီး ကိုလည်းကောင်း၊ သာသနာ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်တော် မူခဲ့ကြကုန်သော သက်တော်ထင်ရှား သံဃာ့ ဦးသျှောင်မထေရ်မြတ်ကြီး တို့မှ သင်္ဂါယနာ ၆ တန်တင်သာဝကအဆက်ဆက်တို့ကိုလည်းကောင်း၊ ပစ္စည်းလေးပါး ဒါယကာ မင်းအဆက်ဆက်နှင့် အခြားသော သာသနာ ပြု ပုဂ္ဂိုလ်အသီးသီးကိုလည်းကောင်း အထူးကျေးဇူးတင်ထိုက်ကြောင်း တွေ့မြင်ကြရမည်ဖြစ်ပါသည်ဘုရား။

ယင်းသို့ ကျေးဇူးတရားကြီးမားလှသည့် ဘုရားအစရှိသော ကျေးဇူးရှင်ကြီးများအား ယခုမျက်မှောက်ခေတ်၌ ထင်ရှားရှိနေသည့် ဗုဒ္ဓဘာသာဝင် ရဟန်းရှင်များအနေဖြင့် “ကတညုတ ကတဝေဒီ” မင်္ဂလာတရားနှင့်အညီ ကျေးဇူးဆပ်သည့် အားလျော်စွာ ဆဋ္ဌသင်္ဂါယနာ တင် အောင်ပွဲ နှစ်(၇၀)ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနား ကြီးနှင့် (၇၈)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ချီးကျူး ဂုဏ်ပြုပွဲကဲ့သို့သော ဓမ္မစစ် ဓမ္မမှန်ပွဲကြီးများကို ကျင်းပပြုလုပ်၍ ကျေးဇူးဆပ်ကြခြင်းဖြစ်သည်ဟု ဝမ်းမြောက်နိုင်ပါသည်ဘုရား။ ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့် အထိမ်းအမှတ်မဟာမင်္ဂလာ အခမ်းအနား၌ တပည့်တော်လျှောက်ထားခဲ့သည့်အတိုင်း ၁၃၁၈ ခုနှစ်၊ ကဆုန်လပြည့်နေ့မြတ်သည် သာသနာတော်နှစ် ၂၅၀၀ ပြည့်နှစ်ဖြစ်၍ ဆဋ္ဌသင်္ဂါယနာအောင်ပွဲကြီးနှင့်အတူ သာသနာနှစ် ၂၅၀၀ ပြည့် အထိမ်း အမှတ်ပူဇော်ပွဲကြီးကျင်းပကာ ကျေးဇူးဆပ်နိုင်ခဲ့ကြပါသည်ဘုရား။ ရှေးရှေးကျေးဇူးရှင်ဆရာတော်မြတ်ကြီးတို့၏ ဦးဆောင်မှု၊ အရှည် မြော်တွေးမှုတို့ကြောင့် ဆဋ္ဌသင်္ဂါယနာတင် ဆရာတော်အရှင်မြတ်တို့ သည် ဆဋ္ဌသင်္ဂါယနာတင်ပွဲကြီးဝယ် ဓမ္မဝိနယညီညွတ်မှုကို ဆောင်ရွက် တော်မူကြရင်း ပုဂ္ဂလိကညီညွတ်မှုမှ ဂိုဏ်းပေါင်းစုံသံဃာညီညွတ်မှု ကိုလည်း တစ်ပါတည်း ထမ်းဆောင်တော်မူနိုင်ခဲ့ကြပါသည်ဘုရား။ ၁၉၈၀ ပြည့်နှစ်၊ မေလတွင် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွား ရေး ပထမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီး အောင်မြင် ထမြောက်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဂိုဏ်းပေါင်းစုံ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် ဖွဲ့စည်းနိုင်ခဲ့ခြင်းသည်လည်း ဆဋ္ဌသင်္ဂါ ယနာတင် ဓမ္မဝိနယအောင်ပွဲ၊ သံဃဂဏ ပုဂ္ဂလညီညွတ်မှုအောင်ပွဲနှင့် ဆက်စပ်နိုင်ခဲ့သည့်သဘောကို လျှောက်ထားလိုပါသည်ဘုရား။


ဆရာတော်အရှင်မြတ်တို့ဘုရား -

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်အရှင်သူမြတ်တို့ သည်လည်း ဂိုဏ်းပေါင်းစုံသံဃာ့အဖွဲ့အစည်းကြီးတွင် အဦးအစမှ ပါဝင်တာဝန်ထမ်းဆောင်နေကြသည့် တာဝန်ရှိဆရာတော်များ ဖြစ်ကြ ပါသည်ဘုရား။ သို့ဖြစ်ရာ မျက်မှောက်ခေတ်သာသနာတော်မြတ်ကြီး၏ အခြေအနေကို ကြည့်ရှုသုံးသပ်တော်မူကြပြီး သာသနာတော်ကြီး ဂုဏ်သိက္ခာနိမ့်ကျ ညှိုးနွမ်းဆုတ်ယုတ်သွားစေရန်၊ သာသနာတော်မြတ်ကြီး ပျက်စီးကွယ်ပျောက်သွားစေရန် ရည်ရွယ်၍ ကျင့်ကြံ လုပ်ဆောင်နေကြသူ၊ ဟောပြောနေကြသူ၊ ရေးသားထုတ်ဝေနေကြသူ သာသနပစ္စတ္ထိက သာသနာ့ရန်သူ၊ သာသနာ့အန္တရာယ်တို့ကို မတားဆီး မပိတ်ပင်၊ လျစ်လျူရှုမနေကြဘဲ ဘုရားရှင်နှင့်တကွ ရှေးရှေးသာသနာတော်၏ ကျေးဇူးရှင်ကြီးများကို ကျေးဇူးဆပ်သောအားဖြင့် အစဉ်မပျက် ဂရုပြုကြောင့်ကြစိုက်ကြပါဟု လျှောက်ထားရင်း သာရဏီယဩဝါဒကထာကို အဆုံးသတ်အပ်ပါသည် ဆရာတော် သံဃာတော် အရှင်မြတ် တို့ ဘုရား။


#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)