ဇူလိုင် - ၆ ( တနင်္လာနေ့ )
မလေးရှားမှာ နာမည်ကြီး မူဆန်ကင်း ဒူးရင်းသီး လက်လီဈေးတွေက ၉၀ ရာခိုင်နှုန်းနီးပါးအထိ ထိုးကျ သွားပါတယ်။ အရင်က တစ်ကီလိုကို မလေးရှားရင်းဂစ် ၉၀ ကနေ ၁၀၀ ကြား ရှိရာကနေ အခုဆို ၉ ရင်းဂစ် လောက်အထိ အရမ်းကြီးကို ကျသွားပါတယ်။
ဈေးတွေ ဒီလောက်ထိ ကျသွားရတဲ့ အကြောင်းရင်းကတော့ လွန်ခဲ့တဲ့ ၅ နှစ်လောက်က ဒူးရင်းစိုက်ပျိုးရေးဘက်ကို အလုံးအရင်းနဲ့ ရင်းနှီးမြှုပ်နှံခဲ့ကြတာကြောင့်ရော၊ အယ်လ်နီညို ရာသီဥတုကြောင့် တစ်နိုင်ငံလုံးမှာရှိတဲ့ ဒူးရင်းပင်တွေ ပြိုင်တူပွင့်၊ ပြိုင်တူသီးပြီး တစ်ချိန်တည်း ဆွတ်ခူးလိုက်ရလို့ကြောင့်ပါပဲ။
ဒီလို ဈေးကွက်ထဲ ဒူးရင်းသီးတွေ အများကြီး ပိုလျှံလာတာက ပြည်ပပို့ကုန် စံချိန်စံညွှန်းမမီတဲ့ ဒူးရင်းသီးတွေ ပြည်တွင်းဈေးကွက်ထဲကို အများအပြား ဝင်လာလို့ ဖြစ်ပါတယ်။ နိုင်ငံခြား ဝယ်လိုအား ကျသွားလို့တော့ မဟုတ်ပါဘူး။ တရုတ်နိုင်ငံကို တင်ပို့မှုကတော့ အားကောင်းကောင်းနဲ့ ဆက်ပြီး တိုးတက်နေတုန်းပါပဲ။
ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ မလေးရှားဒူးရင်းသီးဟာ တရုတ်ဈေးကွက်ရဲ့ အကြီးအကျယ် ဝယ်လိုအားကြောင့် နိုင်ငံရဲ့ စိုက်ပျိုးရေး ပို့ကုန်တွေထဲမှာ အလျင်မြန်ဆုံး တိုးတက်လာတဲ့ ကုန်ပစ္စည်းတစ်ခု ဖြစ်ခဲ့တာပါ။ အထူးသဖြင့် ပရိမီယံ အဆင့်ရှိတဲ့ မူဆန်ကင်း အမျိုးအစားက အောင်မြင်မှုအရဆုံးဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ အခုရာသီမှာတော့ အဲဒီအောင်မြင်မှုကပဲ စိန်ခေါ်မှုကြီးတစ်ခု ပြန်ဖြစ်လာခဲ့ပါတယ်။ အထွက်နှုန်းတွေ အရမ်းများလာပြီး ဈေးကွက်ထဲ ပိုလျှံသွားတာကြောင့် လက်လီဈေးတွေ ဆိုးဆိုးရွားရွား ထိုးကျသွားခဲ့ရတာပါ။
မလေးရှားတောင်သူတွေကတော့ အတော်လေး အကျပ်ရိုက်နေကြပါတယ်။ မလေးရှား ဖက်ဒရယ် စိုက်ပျိုးရေးဈေးကွက်မြှင့်တင်ရေး အာဏာပိုင်အဖွဲ့ (FAMA) ကလည်း ဒီပြဿနာဟာ ပြည်တွင်းဝယ်လိုအားထက် အထွက်နှုန်းက ပိုမြန်နေပြီး ဈေးကွက်က မနိုင်မနင်း ဖြစ်သွားတာကြောင့်လို့ ဆိုပါတယ်။ ဒီလိုမျိုး ဝယ်လိုအားထက် ထုတ်လုပ်မှုက ပိုများနေတဲ့အတွက် ခြံဖမ်းဈေးတွေလည်း မလွဲမသွေ လိုက်ကျကုန်ပါတယ်။
အဓိကကတော့ လွန်ခဲ့တဲ့ ၅ နှစ်လောက်က လူတွေအုန်းအုန်းထပြီး ဒူးရင်းစိုက်ပျိုးရေးထဲ ငွေတွေအများကြီး စိုက်ထုတ်ရင်းနှီးမြှုပ်နှံခဲ့ကြတာကနေ စတာပဲ။ အဲဒီတုန်းက တောင်သူတွေဟာ ပရီမီယံအဆင့်မီတဲ့ ဒူးရင်းပင်တွေကို ထောင်နဲ့ချီပြီး စိုက်ခဲ့ကြတာ။ အခုဆို အဲဒီအပင်တွေက အချိန်တန် ကြီးထွားလာပြီး ဈေးကွက်ထဲကို စီးပွားဖြစ် အများအပြား ဆွတ်ခူးရောင်းချနိုင်တဲ့ အဆင့်ကို ရောက်လာပြီလေ။
ဒါ့အပြင် အယ်လ်နီညိုကြောင့် ဖြစ်ရတဲ့ ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုကလည်း မီးလောင်ရာလေပင့် ဖြစ်ခဲ့ပါတယ်။ အဲဒီရာသီဥတုကြောင့် တစ်နိုင်ငံလုံးမှာရှိတဲ့ ဒူးရင်းပင်တွေဟာ တစ်ချိန်တည်း၊ ပြိုင်တူလိုလို အပွင့်တွေ ပွင့်ကုန်ကြပါတယ်။
“ပုံမှန်ဆိုရင်တော့ ဒူးရင်းပွင့်တွေက ရာသီဥတုအလိုက် တဖြည်းဖြည်းချင်းစီ အလှည့်ကျ ပွင့်ကြတာ။ ဒါပေမဲ့ ဒီနှစ်မှာကျတော့ တစ်ပင်လုံးမှာရှိတဲ့ အပွင့်တွေက ပြိုင်တူကြီးကို အုန်းခနဲ ပွင့်လာကြတာ”လို့ ဆိုပါတယ်။
အခုလို ဈေးတွေ ထိုးကျကုန်ပေမဲ့ တောင်သူတော်တော်များများကတော့ ဒီနှစ်ထွက်တဲ့ ဒူးရင်းသီးတွေက အရည်အသွေးနဲ့ အရသာပိုင်းမှာ အကောင်းဆုံးပဲလို့ ဝန်ခံထားကြတယ်။ ဘာလို့လဲဆိုတော့ ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုကြောင့် အသီးထဲမှာ ရေဓာတ်နည်းသွားပြီး ဒူးရင်းသားက ပိုအိညက်သွားသလို၊ ပိုပြီးတော့လည်း ပျစ်ပျစ်နှစ်နှစ်နဲ့ ချိုစိမ့်နေတာကြောင့်ပဲ ဖြစ်တယ်လို့ဆိုပါတယ်။
Ref : The Nation
#MNP #News



No comments:
Post a Comment