မြန်မာနိုင်ငံဆိုင်ရာ အထူးအစီရင်ခံစာတွင် အလွန်အမင်း အစွန်းရောက်သောအမြင်များနှင့် အခြေအမြစ်မရှိသည့် စွပ်စွဲချက်များကိုသာ ဖော်ပြထားသည့် အတွက် မြန်မာနိုင်ငံ၏ ပကတိမြေပြင်အခြေအနေကို ကောင်းစွာထင်ဟပ်နိုင်ခြင်းမရှိသည်ကို စိတ်ပျက်ဖွယ် တွေ့ရှိရကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန က ထုတ်ပြန် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာနိုင်ငံဆိုင်ရာ အထူးအစီရင်ခံစာတွင် အလွန်အမင်း အစွန်းရောက်သောအမြင်များနှင့် အခြေအမြစ်မရှိသည့် စွပ်စွဲချက်များကိုသာ ဖော်ပြထားသည့် အတွက် မြန်မာနိုင်ငံ၏ ပကတိမြေပြင်အခြေအနေကို ကောင်းစွာထင်ဟပ်နိုင်ခြင်းမရှိသည်ကို စိတ်ပျက်ဖွယ် တွေ့ရှိရကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန က ထုတ်ပြန်


နေပြည်တော်၊ ဇူလိုင် ၈

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန က နိုင်ငံတစ်နိုင်ငံတည်းအပေါ် ဦးတည်သည့် အစီရင်ခံစာတင်သွင်းခြင်းနှင့် ဆုံးဖြတ်ချက်အဆို တင်သွင်းခြင်းတို့သည် မြန်မာနိုင်ငံ၏ ပကတိမြေပြင်အခြေအနေမှန်ကို ထင်ဟပ်နိုင်ခြင်းမရှိကြောင်း ယနေ့၂၀၂၆ ခုနှစ်၊ ဇူလိုင်လ  ၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့၌ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်မှ ဇူလိုင်လ ၈ ရက်အထိ ကျင်းပခဲ့သည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၆၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် အပြုသဘောဆောင်သည့်ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မူများနှင့်ဆန့်ကျင်လျက် မြန်မာနိုင်ငံဆိုင်ရာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရှိရသည်။ အစည်းအဝေးကာလအတွင်း ၂၉-၆-၂၀၂၆ ရက်တွင် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးက မြန်မာနိုင်ငံနှင့်စပ်လျဉ်း၍ အစီရင်ခံစာတင်သွင်းမှုပြုလုပ်ခဲ့ပြီး အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ) က တင်သွင်းသည့် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်အဆိုကိုလည်း ၆-၇-၂၀၂၆ ရက်တွင် သက်ဆိုင်ရာ မြန်မာနိုင်ငံ မပါဝင်ဘဲ အတည်ပြုချမှတ်ခဲ့သည်။ 

မဟာမင်းကြီး၏အစီရင်ခံစာတွင် ယခင်လူ့အခွင့်အရေးကောင်စီအစည်းအဝေးများအတွင်း အထူးအစီရင်ခံစာတင်သွင်းသူဟုဆိုသူကတင်သွင်းခဲ့သည့် အစီရင်ခံစာနှင့် အချက်အလက်များကိုသာ ထပ်တလဲလဲ ပြန်လည်ဖော်ပြထားသည်ကိုတွေ့ရှိရသည်။ အဆိုပါအစီရင်ခံစာတွင် အလွန်အမင်း အစွန်းရောက်သောအမြင်များနှင့် အခြေအမြစ်မရှိသည့် စွပ်စွဲချက်များကိုသာ ဖော်ပြထားသည့် အတွက် မြန်မာနိုင်ငံ၏ ပကတိမြေပြင်အခြေအနေကို ကောင်းစွာထင်ဟပ်နိုင်ခြင်းမရှိသည်ကို စိတ်ပျက်ဖွယ် တွေ့ရှိရသည်။

ထို့အပြင် အိုအိုင်စီကတင်သွင်းခဲ့သည့် ဆုံးဖြတ်ချက်အဆိုအပါအဝင် ယခင်လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးများ၌ ချမှတ်ခဲ့သော ဆုံးဖြတ်ချက်အဆိုအသီးသီးသည်  ၂၀၁၆ နှင့် ၂ဝ၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ဖြစ်ပွားခဲ့သည့် နေရပ်စွန့်ခွာမှု၏ အဓိကအကြောင်းရင်း (မြစ်ဖျားခံရာ) ကို ဖော်ပြရန် ပျက်ကွက်သည်။ ထိုသို့ပျက်ကွက်မှုက အဆိုပါ ဆုံးဖြတ်ချက် အဆိုများသည် နေရပ်စွန့်ခွာသူများဆိုင်ရာ ပြဿနာအား အဓိပ္ပာယ်ရှိစွာ စိတ်ရင်းမှန်ဖြင့် ပူးပေါင်းဖြေရှင်းလိုမှု ကင်းမဲ့သည်ကို ပြသနေသည်။ ဆုံးဖြတ်ချက်အဆိုတွင် စွပ်စွဲ ဖော်ပြထား သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အမုန်းစကားဆိုင်ရာ အခြေအမြစ်မရှိ ဖော်ပြချက်များသည် မြေပြင်အခြေအနေနှင့် လွန်စွာကင်းကွာနေသည်ကို တွေ့ရှိရသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လုံခြုံရေးနှင့် တည်ငြိမ်ရေး ပြန်လည်ကောင်းမွန်လာပါက နှစ်နိုင်ငံသဘောတူစာချုပ်များနှင့်အညီ စိစစ်ပြီးစီးသည့် နေရပ်စွန့်ခွာသူများကို ပြန်လည် လက်ခံ ရန် မြန်မာနိုင်ငံအနေဖြင့် စစ်မှန်သော နိုင်ငံရေးဆန္ဒရှိကြောင်း ထပ်လောင်းပြောကြား လိုသည်။ စိစစ်ပြီးစီးသည့် ပြန်လည်ဝင်ရောက်လာသူများကို လက်ခံရန် မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံဘက်မှ ပေးပို့လာသော လူဦးရေစာရင်းကို စိစစ်ပြီး လစဉ် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပေးပို့ ဆောင်ရွက်လျက်ရှိသည်။ စင်စစ်အားဖြင့် လက်ရှိအချိန်တွင် နေရပ်ပြန်လည်ပို့ဆောင်ရေး လုပ် ငန်းစဉ် နှောင့်နှေးကြန့်ကြာနေမှုမှာ AA အကြမ်းဖက်အဖွဲ့၏ တိုက်ခိုက်ခြင်းများကြောင့်သာ ဖြစ်သည်။

မြန်မာနိုင်ငံ၌ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့ပြီး ပြည်သူများ၏ဆန္ဒနှင့်အညီ ရွေးကောက်တင်မြှောက်ခြင်းဖြင့် နိုင်ငံတော်၏ လွှတ်တော်များနှင့် ရွေးကောက်ခံအစိုးရတစ်ရပ် ပေါ်ပေါက်နေပြီ ဖြစ်သည်။ ထို့အပြင် နိုင်ငံတော် သမ္မတသည် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်မှ ဇူလိုင်လ ၃၁ ရက်အထိကာလကို ပြည်ထောင်စု အစိုးရ၏ ရက် ၁၀၀ စီမံကိန်း အကောင်အထည်ဖော်မှုကာလအဖြစ် သတ်မှတ်ခဲ့ပြီး ယင်းကာလ အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်ရန် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် လက်မှတ် ရေးထိုးထားသည့် အဖွဲ့များနှင့် လက်မှတ်မထိုးရသေးသည့် အဖွဲ့များအားလုံးကို ထပ်မံ ဖိတ်ခေါ် ခဲ့သည်။ ထို့အပြင် PDFs အဖွဲ့ဝင်များကိုလည်း ဥပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်ရန် ဖိတ်ခေါ် ကမ်းလှမ်းထားသည်။  ယင်းကဲ့သို့သော စဉ်ဆက်မပြတ် ဖိတ်ခေါ်မှုများကြောင့် လက်ရှိအချိန်အထိ PDFs အဖွဲ့ဝင်များအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့မှ စုစုပေါင်း အင်အား ၄,၀၀၀ ဦးကျော်  ဥပဒေဘောင်ထဲသို့ ပြန်လည်ဝင်ရောက်လာခဲ့ပြီး ဖြစ်သည်။ 

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ်ဖြင့်  နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မမှိတ်မသုန် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သည်။ ထိုသို့ ဆောင်ရွက်လျက်ရှိစဉ်အတွင်း လူ့အခွင့်အရေးကောင်စီ မျက်နှာစာ၌ နိုင်ငံတစ်နိုင်ငံတည်းအပေါ် ဦးတည်သည့်ဆွေးနွေးမှုများပြုလုပ်ခြင်းနှင့် ဆုံးဖြတ်ချက် အဆိုများတင်သွင်းခြင်းတို့သည် အပြုသဘောဆောင်သော ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ ဖြစ်ပေါ်ရေးကို အထောက်အကူမပြုသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် ယင်းတို့ကို အစဉ်တစ်စိုက် ဆန့်ကျင်သည်။ သို့ဖြစ်ရာ အိုအိုင်စီက တင်သွင်းခဲ့သည့် ဆုံးဖြတ်ချက်အဆိုကို မြန်မာနိုင်ငံအနေဖြင့် ပြတ်သားစွာ ခြွင်းချက်မရှိ ပယ်ချလိုက်သည်။ မြန်မာအစိုးရအနေဖြင့် ဆွေးနွေးမှုများအတွင်း မျှတစွာ ရပ်တည်ပေးခဲ့သည့် ခင်မင်ရင်းနှီးသော နိုင်ငံများကို အသိအမှတ်ပြုကျေးဇူးတင်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန က ဖော်ပြထားသည်။ 


#MNP #News


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)